တောင်သူတွေ မောနေပြီ

တောင်သူတွေ မောနေပြီ
Published 31 January 2016
ဝဏ္ဏ (မိတ္ထီလာ)

တွေ့ချင်တဲ့သူက တောထဲသွားတယ်ဆိုလို့  တောထဲလိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ရွာအပြင်တောစပ် ယာခင်းထဲမှာ ကြက်သွန်စိုက်နေသူ စပါးရိတ်နေသူတွေနဲ့ မြင်မြင်တွေ့သမျှ  ဓာတ်ပုံရိုက်ချင်စရာ။ ရွာအပြင် လယ်ကွက်လေးမှာ စပါးရိတ်နေသူ ဒေါ်ကြီးတစ်သိုက်တွေ့လို့ ဓာတ်ပုံရိုက်တော့ စပါးရိတ်ဒေါ်ကြီး တစ်သိုက်က သဘောကျနေကြသည်။"ဒေါ်ကြီးတို့ ရေနွေးသောက် မနားသေးဘူးလား။ တစ်ရက် ဘယ်လောက်ရကြတုံး" လို့ စကားခေါ်လိုက်တော့ "အခင်းရှင်က ရေနွေးမတိုက်ဘူးတော်ရေ၊ တစ်ရက် ၂၅၀၀ ရတယ်။ တော်လုပ်မယ်ဆို သုံးထောင်ရအောင် အခင်းရှင်ပြောပေးမယ်" လို့ ခက်သွက်သွက် အဒေါ်ကြီးက စပါးရိတ်မပျက် ပြန်ဖြေသည်။ အဒေါ်ကြီးပြန်ဖြေတာ သဘောကျလို့ ရယ်မောပြီး တောထဲ ဆက်လျှောက်လာခဲ့သည်။ ရွာမှာတုန်းက လမ်းညွှန်သူကို သေချာမေးခဲ့ပေမယ့် တောထဲရောက်တော့ ယာကွက် လယ်ကွက်တွေကြားမှာ လမ်းကပေါ် တစ်ခါ။ ပျောက်တစ်လှည့်။ အခင်းတွေထဲ ဖြတ်လျှောက်လာရင်းနဲ့ ရွာတုန်းက ပြောလိုက်တဲ့ မန်ကျည်းတန်းလေးတွေ့ရင် အရှေ့ကွေ့၊ တောင်တိုင်းတည့်တည့်လိုက် ဆီးတောထဲရောက်ရင် တန်းနေအောင်တွေ့လိမ့်မယ် ဆိုသော်လည်း ဘယ်ထဲက လွဲလာမှန်းမသိသော လမ်းအတိုင်း လျှောက်လာရင်း ဆီးတောကို မျှော်ကြည့်ရသည်။ တောတန်းလေးထဲက စာကလေး ငှက်ကလေး ကျွီ၊ ကျွီအသံလေးတွေ နားထောင်ရင်း လမ်းလျှောက်ရတာမို့ စိတ်လက်ကြည်နူးမိသည်။ အရှေ့အရပ်က ဘယ်ဆီမှန်းမသိတာမို့ နေလုံးကို မော့ကြည့်ရင်း လူတွေ့ရင် လမ်းထပ်မေးဖို့ ဆုံးဖြတ်လိုက်ရသည်။ တချို့အခင်းတွေမှာ နွားလှည်းတွေ့ ပေမယ့် လှည်းပိုင်ရှင်က ဘယ်မှန်းမသိလို့ လမ်းမေးဖို့ အဆင်မပြေ၊ စူးစူးဝါးဝါးထိုး ဟောင်လိုက်သော ခွေးဟောင်သံနဲ့အတူ ဆီးသီးကောက်နေသော အဒေါ်ကြီးတစ်ယောက် တွေ့လိုက်ရတော့ လမ်းမေးဖို့ အဆင်ပြေသွားသည်။ "ကိုကျော်သန်းအကွက် ဘယ်နားမှာလဲ ကညင်ပင်အောက်က အကွက် ဆီးပင်တွေနဲ့လေ" ဆိုတော့ အဒေါ်ကြီးက နားလေးသူ ဖြစ်နေသည်။ တော်တော်အော်မေးမှ အမေးအဖြေ အဆင်ပြေသွားပြီး လယ်ကန်သင်းရိုးအတိုင်း တည့်တည့်လျှောက် တန်းတန်းတွေ့လိမ့်မယ်ဆိုတဲ့ စကားမှတ်သားပြီး ဆူးပင်တွေ့လည်း မကွေ့ရှောင်ရဲ တည့်တည့်ပဲမူအတိုင်း လမ်းလျှောက်လိုက်တော့ ဇီးပင်ရိပ်မှာ ထိုင်နေတဲ့ ကိုကျော်သန်းတို့အဖွဲ့ တောင်သူတစ်သိုက်ကို တွေ့လိုက်ရသည်။
"လာလေကွာ ရေနွေးသောက်တို့လည်း ရေနွေးသောက် ခဏနားတာထိုင်" ဆိုတာနဲ့  ရေနွေးသောက် နားနေတဲ့ တောင်သူကြီးတွေကို မေးလိုရာ မေးဖို့  အဆင်ပြေသွားပြီတွေးရင်း မြေကြီးပေါ် ဖိနပ်ခုထိုင်လိုက်သည်။ "ရော့ ရေနွေး၊ လက်ဖက်လည်းစား" ဆိုပြီး ဧည့်ဝတ်ပြု ထိုးပေးတာ ကြည့်လိုက်တော့ ရေနွေးခွက် စစ်မတ်ခွက် အနားပဲ့နဲ့  လက်ဖက်ကတော့ ဆီနည်းတာမဟုတ် ဆီမပါသော လက်ဖက်ကို တစ်ဇွန်းစားပြီး အင်း ငါ့တောင်သူ ဦးကြီးတွေတော့ အူစိုဟန်မတူတာ နားလည်လိုက်ရသည်။ "ဒီနှစ်ကော ဘယ်လိုတုန်း ဦးလေးတို့။ အရောင်းအဝယ် အခြေအနေ ဘယ်ပုံရှိတုန်း၊ ပဲစင်းငုံရိတ်ပြီးရင် ဘာပြန်စိုက်မှာတုန်း၊ ငွေချည်ခြောက်ကော ဒီနှစ်စိုက်မှာလား၊ မနှစ်က ဝါရလိုက်လား" ဆိုပြီး စကားစလိုက်တော့ တောင်သူဦးကြီးတွေက တစ်ဦးကို တစ်ဦး ကြည့်ပြီး မင်းပြောနိုး ငါပြောနိုး မေးငေါ့ကြသည်။ "ကျော်သန်း မင်းအရင်ပြောကွာ မင်းက ပြောတတ်တယ်" ဆိုတဲ့ တောင်သူ ဦးအောင်ခ စကားအဆုံးမှာတော့ ဦးကျော်သန်းက သက်ပြင်း အရင်ချသည်။ "ဒီလိုကွ ငါ့တူရ မင်းမေးတဲ့ အခြေအနေဆိုတာတို့က မကောင်းတာကြာပြီ၊ ဘယ်ဘက်က စမ်းစမ်းတို့ တောင်သူ အခြေအနေ မကောင်းတာပဲ၊တို့ ဒီနှစ်ဆို မနှစ်ကလို မဟုတ်ဘူး။ နှမ်းလေးနည်းနည်း ရလိုက်တယ်။ ဒါပေမဲ့ ဈေးကောင်းမရလိုက်ဘူး။  အခု ပဲစင်းငုံလည်း ဈေးမကောင်းလို့  တချို့အထွက် မကောင်းတဲ့ အကွက်တွေ ရိတ်သင့်မသင့် စဉ်းစားနေရတယ်။ လူငှားစရိတ်နဲ့ ပဲစင်းငုံရမှာနဲ့ဆို မကိုက်တော့ဘူး။ လူငှားကလည်းခေါ်လို့ လွယ်တာ မဟုတ်ဘူး။ တို့ဘက်က လူငှားလုပ်မယ့် လူရှားတယ်။ အေး တို့တောင်သူဘက်ကလည်း လူငှားအမြဲ မခေါ်နိုင်တာလည်း ပါတာပေါ့ကွာ" လို့ ဦးကျော်သန်းက ခပ်လေးလေး ပြောပြသည်။  "တို့အခု ဆီးသီးကောက်နေတယ်ဆိုတာလည်း အရင်တုန်းက အလုပ်လုပ် ကောက်နေတာ မဟုတ်ဘူး။ အားမှ ဆီးသီးကောက်ထွက်၊ ဖက်ပွင့်ခူးထွက်တာ၊ ခုတော့ ဘယ်သီးနှံကမှ မရလိုက်တော့ ရတာလေး အမြတ်ဆိုပြီး ဆီးသီးကောက်ထွက်နေရတာ ဆီးသီးကလည်း ဆိတ်ဝင်စားမှာ စိုးရိမ်ရလို့ နေ့လူစောင့် ငှားကောက်ရသေးတယ်။ မင်းပြောတဲ့ သီးနှံ ဈေးကောင်းတွေက တို့တောင်သူရတာ မဟုတ်ဘူးကွ။ ပွဲစားလက်ထဲရောက်မှ ဈေးတက်ပြီး ဈေးကောင်းသွားတာ။ ဒီနှစ် ကြက်သွန်ဆို ကြည့်ပါ့လား။ တောင်သူ လက်ထဲတုန်းက ကြက်သွန် တစ်ပိဿာငါးရာလောက် ရှိတာ။ ပွဲစားလက်ထဲလည်းရောက်ရော တို့ကြက်သွန်က တစ်ပိဿာ ၂၀၀၀၊ ၃၀၀၀ ဖြစ်ကုန်တယ်။ တို့လည်း အကျိုးမရှိ၊ ဝယ်စားတဲ့ လူတွေလည်း အကျိုးမရှိ အလကားပဲ" လို့ ဦးကျော်သန်း ရေနွေးသောက်နားတုန်း ဦးအောင်ခက ဝင်ပြောပြန်သည်။
"တို့တောင်သူက ငွေလိုပြီဆို  အစိုးရ အမတော်ကြေး (စိုက်ပျိုးရေးချေးငွေ) က ဘယ်မှန်းမသိသေးဘူး။ တို့က စိုက်ချိန်ပျိုးချိန်ဆို မိုးလေးရွာတုန်း စိုက်ချင်တော့ ငွေမရှိလည်း အပြင်က အတိုးလေး ဘာလေးဆွဲလုပ်ရော၊ သီးနှံထွက်လာတော့ အတိုးဖိုးနဲ့ ဘာနဲ့ မကိုက်တော့ဘူး။ အရင်းကလည်း များများမရှိတော့ တစ်နှစ် တစ်နှစ် စားဖို့တောင် အနိုင်နိုင်ရယ်။ တောင်သူ ဦးကြီးတွေဆိုတာ မချောင်လည်တော့ပါဘူးကွာ။ ဒီနားလေး တစ်ဝိုက် တောင်သူတိုင်း မောနေတာပါ။ ဘာလုပ်ရမှန်း မသိလို့ တောင်သူဆက်လုပ်နေရတာ၊ မြေကလည်း ဝယ်မယ့်လူ မရှိဘူး။ "ဦးအောင်ခက ပြောရင်းနဲ့ မောသွားသလို ရေနွေးတစ်ခွက် ငှဲ့သောက်သည်။ "တောင်သူတွေမောနေတာ အမှန်ကွ၊ တို့ကို ကူမယ့်လူ မရှိဘူး၊ အစိုးရကလည်း အမတော်ကြေးလေး တစ်ခါချေးမယ့်အရေး စောင့်လိုက်ရတာ စိုက်ချိန်ပျိုးချိန် ငွေလိုချိန် မရဘူး။ သီးနှံပေါ်ခါနီးမှ ထုတ်ပေးတာဆိုတော့ တို့တောင်သူမှာ အကျိုးရှိသင့်သလောက် မရှိဘူး။ အခြားက ငွေဆွဲလုပ်ရင်လည်း သူပြောသလိုပဲ အတိုးနဲ့နစ်နေတာ။ တို့အဖြစ်က လှော်ရင်းနစ်နေတာပါ" လို့  ဦးကျော်သန်းက ဝင်ပြောတော့ဘေးက အဖော်တောင်သူ ဦးကြီးနှစ်ယောက်ကလည်း ထောက်ခံသလို ခေါင်းတညိတ်ညိတ် ဖြစ်နေသည်။ တောင်သူဦးကြီးတွေရဲ့ အမောက ရင်ထဲကူးလာသလို ရှိတာမို့ ကိုယ်လည်း ရေနွေးတစ်ခွက် မော့သောက်လိုက်တော့ ရင်ထဲ ပူဆင်းသွားသည်။"တို့တောင်သူတွေက မောနေပါပြီ" ဆိုတော့ စကားဆုံးသွားပြီမို့ ရေနွေးဖိသောက်ရင်း ဘာဆက်ပြောရမှန်း မသိလို့ ပြန်ချိန်တန်ပြီ ဆုံးဖြတ်ရင်း နှုတ်ဆက်ပြီး ထိုင်ရာကနေ အသာထရသည်။ အပြန်အလှန် နှုတ်ဆက်ရင်း အလာတုန်းကလို လမ်းမမှားဖို့ အပြန်လမ်း သေချာမေးမြန်း မှတ်သားရင်း ကန်သင်းတွေတိုင်း ဖြတ်လျှောက်တော့ ကျွန်တော်က အနောက်ဘက်မှာ ဝင်လုပြီ။ ဟိုး အဝေးတောတန်းလေးက အိပ်တန်းပြန် ငှက်ကလေးတွေ တွန်ကျူးသံကလည်း အလာတုန်းကလို ကြည်နူးဖွယ် မကောင်းတော့၊ တောင်သူ ဦးကြီးတွေ ပြောလိုက်တဲ့ "တို့ တောင်သူတွေ မောနေပါပြီကွာ" ဆိုတဲ့ အသံကသာ နားထဲမှာ ပြန်ကြားယောင်နေမိသည်။