မိုးကုတ်ပတ္တမြားမြေအကြောင်း ရိုက်ကူးထားသည့် ‘Ruby Land’ မှတ်တမ်းဇာတ်ကားကို NHK ရုပ်သံလိုင်း၏ Inside Lens ကဏ္ဍအတွက် ဖေဖော်ဝါရီလအတွင်း ပြသရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါဇာတ်ကားကို မြန်မာနိုင်ငံမှ Third Floor Film နှင့် ဂျပန်နိုင်ငံမှ NHK ရုပ်သံလိုင်းတို့ ပူးပေါင်း စီစဉ် တင်ဆက်ခြင်းဖြစ်ပြီး ဒါရိုက်တာရှင်ဒေဝီက ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။ 'Ruby Land’ မှတ်တမ်းဇာတ်ကား၏ အပြီးသတ် တည်းဖြတ်မှုများ ပြုလုပ်ရန်အတွက် Third Floor Film မှ မသူသူရှိန်နှင့် ဒါရိုက်တာရှင်ဒေဝီတို့သည် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ကာ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
“Ruby Land ဇာတ်ကားအတွက် အပြီးသတ် တည်းဖြတ်မှုတွေပြုလုပ်ဖို့ ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ Version နှစ်မျိုး လုပ်ထားတယ်။ အင်္ဂလိပ် Version နဲ့ ဂျပန် Version ပါ။ Post Production ပိုင်းဖြစ်တဲ့ အသံပိုင်းဆိုင်ရာတွေ၊ ကာလာပိုင်းဆိုင်ရာတွေကိုတော့ NHK က လုပ်ဆောင်ပေးပါလိမ့်မယ်။ ဇာတ်ကားက စုစုပေါင်း ၂၈ မိနစ်စာ ရှိပါတယ်။ ဖေဖော်ဝါရီ လလယ်ပိုင်းလောက် လွှင့်မယ်လို့သိရပါတယ်။ အခုပြသတဲ့ အစီအစဉ်က NHK ရဲ့ Inside Land အစီအစဉ်ပါ။ အာရှနိုင်ငံတွေက မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေရဲ့ ဇာတ်ကားတွေကို ရွေးချယ်ပြသတဲ့ အစီအစဉ်ပါ။ မြန်မာနိုင်ငံအနေနဲ့တော့ ပထမဆုံး ပြသခွင့်ရတာပါ။ အခု ဒီမှတ်တမ်း ဇာတ်ကားမှာပါဝင်တဲ့ မှတ်တမ်း အရုပ်တွေကိုပဲ ဆက်လက်အသုံးပြုပြီး Feature Length Documentary ဇာတ်ကား တစ်ကားထပ်ရိုက်ဖို့လည်း သဘောတူညီထားပါတယ်”ဟု ဒါရိုက်တာရှင်ဒေဝီက ရှင်းပြသည်။
‘Ruby Land’ မှတ်တမ်း ဇာတ်ကားတွင် မိုးကုတ်မြို့ရှိ ကျောက်မျက်လုပ်ငန်းနှင့် ဆက်စပ် ပတ်သက်နေသူများ၏ မျှော်လင့်ချက်၊ ယုံကြည်ချက်များနှင့် လူနေမှုဘဝများ၊ ရင်ဆိုင်နေရသည့် အခက်အခဲများကို ရိုက်ကူး ပုံဖော်ထားသည့်အပြင် သဘာဝသယံဇာတ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပိုမိုထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လာသည့်အချိန်တွင် ကျောက်မျက်လုပ်ငန်းရှင်များ၊ တူးဖော်သူများ၏ အမြင်များ၊ လုပ်ငန်းရှင်များ၏ အမြင်နှင့် တစ်နိုင်တစ်ပိုင် တူးဖော်သူများ၏အမြင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်မှန်းချက်ရှိသူများ၏ အမြင်အပါအဝင် မိုးကုတ်ဒေသအတွက် ထောင့်ပေါင်းစုံမှ ခံစားချက်များ အမြင်များအား ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။
မြန်မာ့မိုးကုတ်ဒေသအား ရိုက်ကူးပုံဖော်ထားသည့် ‘Ruby Land’ မှတ်တမ်းဇာတ်ကားကို အာရှနိုင်ငံများမှ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာများ၏ မှတ်တမ်း ဇာတ်ကားများကို ရွေးချယ်ပြသသည့် Inside Lens အစီအစဉ်တွင် ပြသရန် ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ဒါရိုက်တာရှင်ဒေဝီသည် မှတ်တမ်းဇာတ်ကားများကို ရိုက်ကူးထားကာ ၎င်းရိုက်ကူးထားသည့် ဇာတ်ကားများမှာ ပြည်တွင်းပြည်ပ ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ရသည်။
မိုးကုတ်ပတ္တမြားမြေအကြောင်း ရိုက်ကူးထားသည့် Ruby Land မှတ်တမ်း ဇာတ်ကား NHK ရုပ်သံလိုင်း၏ Inside Lens ကဏ္ဍအတွက် ဖေဖော်ဝါရီလအတွင်း ပြသရန်စီစဉ်















