အစိုးရသစ်လက်ထက်တွင် ကချင်ဒေသစစ်ပွဲများ လျှော့ချရပ်ဆိုင်းအောင် ကြိုးစားလိမ့်မည်ဟု မျှော်လင့်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ပြောကြား

အစိုးရသစ်လက်ထက်တွင် ကချင်ဒေသစစ်ပွဲများ လျှော့ချရပ်ဆိုင်းအောင် ကြိုးစားလိမ့်မည်ဟု မျှော်လင့်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ပြောကြား
Published 29 January 2016
အောင်ဇော်ထွန်း

အစိုးရသစ်လက်ထက်တွင် ကချင်ဒေသစစ်ပွဲများ လျှော့ချရပ်ဆိုင်းအောင် ကြိုးစားလိမ့်မည်ဟု မျှော်လင့်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး ကချင်ဒေသတွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ုKIO/KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သားအများအပြား သေဆုံးဒဏ်ရာရခဲ့ကာ ဒေသခံပြည်သူတစ်သိန်းကျော် စစ်ဘေးဒုက္ခ ကြုံတွေ့ခဲ့ကြရကြောင်းနှင့် လက်ရှိတွင်  ရာသီဥတုဆိုးရွားမှုကြောင့် စစ်ဘေးဒုက္ခသည်များမှာ အခက်အခဲများ ပိုမိုကြုံတွေ့နေကြရကြောင်း သိရသည်။ဒေါက်တာမနာမ်တူးဂျာက“တိုက်ပွဲကတော့ ရပ်ကိုရပ်မှဖြစ်မှာပါ။ တိုက်ပွဲနဲ့တွဲပြီး သွားလို့မရဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာ။ ဒါကြောင့် IDPs ဆိုတာက အရေအတွက်လျော့သွားရမှာ အရေအတွက် တိုးလာတယ်။IDPs စခန်းတွေဆိုရင်လည်း အရေအတွက်လျော့သွားရမှာ တိုးလာတယ်။ ဒါကဘာကြောင့်လဲဆိုရင် တရားခံကတော့ အဲဒီတိုက်ပွဲပဲ။ ဒါကြောင့် တိုက်ပွဲက ရပ်ကိုရပ်ဖို့လိုပါတယ်”ဟု ပြောကြားသည်။ဆက်လက်၍ ဒေါက်တာမနာမ်တူးဂျာက“အခုကတော့ တပ်မတော်အကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လည်း မကြာမကြာ တွေ့ဆုံညှိနှိုင်းတာတွေရှိတယ်။ နောက်ပြီးတော့မှ ဒီအစိုးရသစ် အပြောင်းအလဲအတွက် နှစ်ဖက်ပူးပေါင်းပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့အခါကျတော့ ဒီတိုက်ပွဲ မရှိသင့်ဘူးဆိုတာကတော့ အားလုံးခံယူထားပြီးသား ဖြစ်မှာကိုး။ ဒါကြောင့် အစိုးရသစ် လက်ထက်မှာတော့ တိုက်ပွဲကို လျှော့နိုင် သလောက် လျှော့နိုင်အောင်တော့ ကြိုးစားမယ်။ လုံးဝရပ်ဆိုင်းနိုင်အောင်လို့ ကြိုးစားလိမ့်မယ်လို့ မျှော်လင့်တယ်ဗျ”ဟု ပြောကြား သည်။အစိုးရနှင့် KIO/KIA တို့ အကြား ၂၀၁၃ ခုနှစ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရာတွင် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်လည်နေရာချထားရေးအတွက် နေရာလေးနေရာတွင် ကနဦးစီမံချက်အနေဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းသဘောတူညီခဲ့ကြသော်လည်း ရေရေရာရာ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု အစိုးရနှင့်KIO/KIAတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည့် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။ဦးဆန်းအောင်က“အစကတော့ လေးနေရာကို စံပြအနေနဲ့ အရင်လုပ်ပြီးမှ ကျန်တဲ့ဟာတွေကို လုပ်သွားမယ်ဆိုတဲ့ အနေအထားမျိုးရှိတယ်။ အဲဒါနဲ NGOs တွေလည်း ခေါ်ပြီး မှ စီမံချက်တွေလည်း ဆွဲကြတယ်။ ဆွဲကြပြီးမှ နှစ်ဖက်က အဲဒီကိစ္စနဲ့ပတ်သက်ပြီးမှ ညှိနှိုင်းတာမရှိတဲ့အခါကျတော့ ဘာမှမည်မည်ရရ လုပ်တာမရှိဘူးပေါ့။ စစ်ဘေးဒုက္ခသည်ဦးရေက အရင်အတိုင်းပဲ တစ်သိန်းကျော်ပါပဲ။ အခုတလောတော့ အအေးလွန်ကဲတဲ့ ပြဿနာ တော့ရှိတယ်။ စားရေးသောက်ရေးအတွက် သူတို့ရှာဖွေရတာတွေ အလုပ်ထွက်ဖို့တွေ အခက်အခဲတွေဖြစ်နေတယ်။ ပြီးတော့ အနွေးထည်တို့ စောင်တို့ ဆေးဝါးတွေကအစ အခက်အခဲရှိတယ်လို့ သိရတယ်”ဟု ပြော ကြားသည်။အစိုးရသစ်လက်ထက်တွင် ကချင်ဒေသ၌ စစ်ပွဲများ လျှော့ချရပ်ဆိုင်းနိုင်မည့် အနေအထားလို အကောင်းဘက်ကို အားလုံးက မျှော်လင့်နေကြသည်ဟုလည်း ဦးဆန်းအောင်က ဆိုသည်။“အားလုံးက အဲဒီလိုမျှော်လင့်နေကြပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရော ဒီဘက်က ပြည်သူလူထုရော အဲဒီလိုပဲ မျှော်လင့်တယ်လို့ ကျွန်တော်တော့သိရတယ်။ အခု ဒုက္ခသည်တွေအတွက် ကူညီရေးတွေ အားနည်းနေတယ်။ သူတို့အတွက်က ဆောင်းအအေးကြီးတဲ့အချိန်တွေ ပြီးတော့မိုးတွင်းမှာ မိုးများတဲ့အချိန်တွေမှာတော့ ဒုက္ခအရောက်ဆုံး ဖြစ်နေတယ်။  အဲဒါကူညီဖို့အတွက်ကလည်း လိုအပ်နေတယ်”ဟု ၎င်းက ပြောကြားသည်။အစိုးရတပ်မတော်နှင့် KIO/KIA တို့ အကြား ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစတင်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ သုံးနှစ်ကျော်အတွင်း ပြင်းထန်ပြီး လူသေဆုံးမှုများသည့် တိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်း ၁၅၀၀ ကျော်ဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ နှစ်ဖက်အကြား တိုက်ပွဲလျှော့ချရပ်ဆိုင်းရေး ဆွေးနွေးညှိနှိုင်းမှု အကြိမ်များစွာ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။      

Most Read

Most Recent