ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်းရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်မှ ကျောက်စိမ်းဆွဲပြား ခိုးယူမှုဖြင့် တရားစွဲထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဇန်နဝါရီ ၂၉ ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ကျောက်စိမ်းဆွဲပြား ခိုးယူခဲ့သော တရုတ်နိုင်ငံသားနှစ်ဦးဖြစ်ဦးဖြစ်သည့် ဟူနန်ပြည်နယ်နေ Mr.LiuJianYue ၄၇ နှစ်နှင့် Mr.Yang Jian Zhang ၅၁ နှစ်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။“တရားစွဲခံထားရသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဒီနေ့ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ နဲ့ စွဲချက်တင် အမိန့်ချလိုက်တယ်။ လာမယ့် ဖေဖော်ဝါရီ ၅ ရက်မှာတော့ စွပ်စွဲခံရသူနှစ်ဦးကိုယ်တိုင် အမှုနှင့်ပတ်သက်ပြီး ထွက်ဆိုမှာ ဖြစ်ပါတယ်” ဟု ပန်းဘဲတန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။၂၀၁၅ ခုနှစ် သြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေး ဗဟိုရုံရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်သို့ တရုတ်နိုင်ငံ ဟူနန် ပြည်နယ်နေ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် Mr.Liu Jian Yue ၄၇ နှစ်နှင့် Mr.Yang Jian Zhang ၅၁ နှစ်တို့ ရောက်ရှိလာပြီး ကျောက်မျက်ရတနာများ ဝယ်ယူလိုကြောင်း ပြောသဖြင့် ဆိုင်ဝန်ထမ်းများမှ ကျောက်မျက်ရတနာများအား ထုတ်ပြခဲ့သော်လည်း မည်သည့်ပစ္စည်းမျှ ဝယ်ယူခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။၎င်းတို့နှစ်ဦး ပြန်လည်ထွက်ခွာသွားစဉ် ဆိုင်ဝန်ထမ်းများက မသင်္ကာ၍ ပြသခဲ့သော ကျောက်စိမ်းများအား စစ်ဆေးကြည့်ရာ ငွေကျပ် ၁၅ သိန်းခန့် တန်ဖိုးရှိ ကျောက်စိမ်းဆွဲပြားတစ်ခု ပျောက်ဆုံးသွားသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို ခိုးယူသည့်နေ့ မွန်းလွဲပိုင်းတွင်ပင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ စစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖမ်းမိခဲ့ပြီး ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းဆွဲပြား ခိုးယူမှုဖြင့် တရုတ်နိုင်ငံသားနှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် စွဲချက်တင်ကြောင်း ပန်းဘဲတန်း တရားရုံးက အမိန့်ချ