ပင်လုံစာချုပ်လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သည့်နေ့ဖြစ်သော ရှမ်းပြည်နယ်နေ့ကို နိုင်ငံတော်က အသိအမှတ်ပြုစေချင်ဟု ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြောကြား

ပင်လုံစာချုပ်လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သည့်နေ့ဖြစ်သော ရှမ်းပြည်နယ်နေ့ကို နိုင်ငံတော်က အသိအမှတ်ပြုစေချင်ဟု ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြောကြား
Published 29 January 2016
အောင်ဇော်ထွန်း

ပင်လုံစာချုပ် လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သည့် နေ့ဖြစ်သော ရှမ်းပြည်နယ်နေ့ကို နိုင်ငံတော်က အသိအမှတ်ပြုစေချင်ဟု ရန်ကုန်မြို့ ၌ကျင်းပမည့် ရှမ်းပြည်နယ်နေ့အခမ်းအနား ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါ်စဝ်သီတာထွေးက ပြောကြားသည်။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်မည့် (၆၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ (ရှမ်းအမျိုးသားနေ့) အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၊ ပြည်သူ့ဥယျာဉ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။တောင်ကြီးအသင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်စဝ်သီတာထွေးက“ရည်ရွယ်ချက်က အန်တီတို့အားလုံးရဲ့ စည်းလုံးညီညွတ်မှုကိုတော့ အဓိကပေါ့။ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံးက အမြဲတမ်း တစုတစည်းတည်း ရှိနေတယ်ဆိုတာရယ်၊ စုစုစည်းစည်းနဲ့ လုပ်ချင်တဲ့ဆန္ဒရယ် နောက်ပြီးတော့ ဒီပြည်နယ်နေ့ဖြစ်လာရခြင်း အကြောင်းရင်းဆိုတာကိုလည်း အန်တီတို့က အားလုံးကို သိစေချင်တယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို အန်တီတို့ သိစေချင်တယ်။ ဖြစ်နိုင်ရင် ကမ္ဘာကိုတောင် သိစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်နေ့ကနေ ပြည်ထောင်စုနေ့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးတဲ့ ပြည်ထောင်စုနေ့ကို မွေးဖွားခဲ့တဲ့ရက်လေ။ အန်တီတို့ ရှမ်းပြည်နယ်နေ့သာ မရှိခဲ့ဘူးဆိုရင် ပြည်ထောင်စုနေ့ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ပြည်မနဲ့ပေါင်းပြီးတော့ ပင်လုံစာချုပ် လက်မှတ်ထိုးမယ်ဆိုတာ ဒီ ၇ ရက်နေ့မှာ ရှမ်းပြည်နယ်က ရှမ်းစော်ဘွားကြီးတွေနဲ့ ရှမ်းပြည်နယ်သူ ပြည်နယ်သားများ သဘောတူညီချက်ရတဲ့နေ့ကိုး။ ၇ရက်နေ့က။ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်တို့နဲ့ လက်မှတ်ထိုးမယ်ဆိုတာ အဲဒီနေ့မှာ ဆုံးဖြတ်တဲ့အတွက်ကြောင့် အဲဒီနေ့ဟာ ရှမ်းပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်တစ်ခုပေါ့။ ပြည်ထောင်စုနေ့ကို မွေးဖွားပေးလိုက်တဲ့ နေ့တစ်နေ့ဖြစ်တဲ့အတွက် ဒါက နှစ်စဉ်နှစ်တိုင်း ကျင်းပရမယ့် ပွဲတစ်ခုပေါ့။ နိုင်ငံတော်အနေနဲ့ကလည်း အသိအမှတ်ပြုစေချင်တယ်။ ဒီနေ့ကို”ဟု ပြောကြား သည်။ဆက်လက်၍၎င်းက “ဘာဖြစ်လို့လဲဆို ရင် ဥပမာ ကရင်နှစ်ကူးတို့ အဲဒီလိုမျိုးဆိုလို့ရှိရင် ရုံးပိတ်ရက်တစ်ရက်အနေနဲ့ သတ်မှတ်ခဲ့တာလေ။ အဲဒီလိုမျိုးပေါ့။ အန်တီတို့ ပြည်နယ်နေ့ဆို အရင်တုန်းက ရှမ်းပြည်နယ်နေ့ဆိုရင် ရှမ်းပြည်မှာ ကျောင်းတွေပိတ်တယ်။ ပွဲတွေ အခမ်းအနားတွေ ကျင်းပကြတယ်။ အခုနောက်ပိုင်း ၁၉၆၂ ခုနှစ်နောက်ပိုင်းကျတော့ အဲဒါတွေမရှိတော့ဘူး။ နဝတ အစိုးရတက်လာတော့ ပိုဆိုးသွားတာပေါ့။ ရှမ်းပြည်နယ်မှာ တောင်မှ ဒီပွဲကိုလုပ်ဖို့ အဟန့်အတားလေးတွေ ရှိခဲ့တယ်။ အခုနောက်ပိုင်း ငါးနှစ်မှာတော့ နည်းနည်းလေး လွတ်လပ်လာတယ်။ ပြည်နယ်နေ့ဆိုတာကို သုံးခွင့်ပြုလာတာ။ အရင်တုန်းက ရှမ်းပြည်နယ်နေ့ ကျင်းပမယ်လို့ ပွဲမိန့်တောင်းတိုင်း ရှမ်းပြည်နယ်နေ့ဆိုတဲ့ ခေါင်းစဉ်တပ်ခွင့် မရခဲ့ပါဘူး”ဟု ပြောကြား သည်။ရှမ်းအမျိုးသားနေ့ကို ယခင်က “ရှမ်းပြည်နယ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပဒေသာကပွဲနှင့် ရိုးရာအစားအစာရောင်းချပွဲ” ဟူသည့် ခေါင်းစဉ်ဖြင့်သာ ကျင်းပခွင့်ရခဲ့သော်လည်း  ၂၀၁၂ ခုနှစ်မှ စတင်ကာ “ရှမ်းပြည်နယ်နေ့”ဟူသည့် အမည်ဖြင့် ပြန်လည် ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် တောင်တန်းဒေသများနှင့် ပြည်မအတူတကွ လွတ်လပ်ရေး ရယူကြရန် ရှမ်းပြည်နယ် ပင်လုံမြို့တွင် တောင်တန်းဒေသမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက် ရအောင် ကြိုးပမ်းနိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ရှမ်းပြည်နယ် နိုင်ငံရေးခေါင်းဆောင်များနှင့် အကျေအလည် ဆွေးနွေးပြီး“ပြည်မနှင့် အတူတကွပူးပေါင်းပြီး အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူမည်”ဟူသောဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ချမှတ်နိုင်ခဲ့ကြောင်း၊ ထိုသို့ ဆုံးဖြတ်ခဲ့သောနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့ဟု သတ်မှတ်ခဲ့ပြီး ထိုနေ့မှာပင် ရှမ်းအမျိုးသားအလံနှင့် ရှမ်းအမျိုးသားသီချင်းတို့ကို သတ်မှတ်နိုင်ခဲ့သည်ဟု သိရသည်။ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့က သဝဏ်လွှာ ပေးပို့ခြင်းများ ပြုခဲ့သည်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီက ကျင်းပခဲ့သည့် (၆၇) နှစ်မြောက် ရှမ်းအမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က “အမှန်တော့ ရှမ်းအမျိုးသားများရဲ့နေ့ ဆိုပေမယ့်လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် နေ့ဆိုတာဟာ လွတ်လပ်ရေးယူတဲ့အခါမှာ ရှမ်းပြည်နယ်ဟာ ပြည်မနဲ့ပူးပေါင်းပြီး အင်္ဂလိပ်အစိုးရဆီက လွတ်လပ်ရေးယူဖို့ လွတ်လပ်တဲ့ ပြည်ထောင်စုမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ဖြစ်တဲ့အတွက် ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးတဲ့နေ့ဖြစ်တယ်လို့ ပြောလို့ရတယ်...။ ရှမ်း အမျိုးသားများဟာ စစ်မှန်တဲ့ ပြည်ထောင်စု ပုံစံတစ်ခု ပေါ်ပေါက်လာဖို့ လွန်ခဲ့တဲ့ ၆၇ ခုနှစ်ကလိုပဲ ဝိုင်းဝန်းကြိုးစား အားထုတ်နေတယ်လို့ ယုံကြည်ပါတယ်}}ဟု ပြောကြားသည်။ရန်ကုန်မြို့၌ ကျင်းပမည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဒေသထွက်ရှမ်းရိုးရာ အစားအစာများ၊ ရိုးရာလက်မှုပစ္စည်းများနှင့် အဝတ်အထည်များ ရောင်းချခြင်း၊ ဓနု၊ ပအိုဝ်း၊ တအာင်း/ပလောင်၊ ‘ဝ’၊ ကိုးကန့် စသည်တို့ အပါအဝင် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ အကအဖွဲ့များက အိုးစည်၊ တိုးနယား၊ ကိန္နရီ၊ ကိန္နရာ အက များနှင့် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။                                 

Most Read

Most Recent