အကယ်ဒမီ ဗန်းကိုင်တစ်ဦးအဖြစ်မှ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးစေခဲ့သူသရုပ်ဆောင် သွန်းဆက်ရဲ့ ငယ်ဘဝဖြတ်သန်းရာ

အကယ်ဒမီ ဗန်းကိုင်တစ်ဦးအဖြစ်မှ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးစေခဲ့သူသရုပ်ဆောင် သွန်းဆက်ရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 28 January 2016
လင်းလင်းခိုင်

သရုပ်ဆောင်ဆိုတာ ဆေးစက်ကျရာ အရုပ်ထင်ဆိုသလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင် ပုံဖော်ရတာပါ။ မတူကွဲပြားတဲ့ဇာတ်ရုပ်အစုံကို ပီပြင်အောင် ပုံဖော်တတ်သလို အချိန်တိုအတွင်းမှာ ပရိသတ် လက်ခံ အားပေးမှု ရရှိသွားတဲ့ လူငယ်အနုပညာရှင်တစ်ဦးရဲ့ ငယ်စဉ်ဘ၀ ဖြတ်သန်းမှုတွေ၊ ငယ်ဘ၀ အိပ်မက်တွေနဲ့ အမှတ်တရဖြစ်ရပ်တွေကို စုစည်းဖော်ပြချင်ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာ အလုပ်တွေကို ဝါသနာပါ မြတ်နိုးခဲ့သူ သွန်းဆက်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အမှတ်တရတွေကို ဖော်ပြပေးချင်ပါတယ်။
သရုပ်ဆောင်သွန်းဆက်ကို မတ်၂၉ ရက်မှာ ဦးသက်ဝင်းနဲ့ ဒေါ်သန္တာဝင်းတို့က မွေးဖွားခဲ့ကြပြီး နာမည်အရင်းကတော့ သွန်းဆက်နွယ် ဖြစ်ပါတယ်။ မွေးချင်း မောင်လေးတစ်ယောက်ရှိတဲ့ သွန်းဆက်က ရန်ကုန်မြို့ဇာတိပဲ ဖြစ်ပါတယ်။ ငယ်စဉ် အသက်ငါးနှစ်လောက်အထိမှာ မိဘများ ပြောပြကြတဲ့ အမှတ်တရကတော့ သွန်းဆက်က အရမ်းစကားများတယ်လို့ ဆိုပါ တယ်။ စကားတွေ ဖောင်ဖွဲ့ ပြောတတ်သလို အနုပညာဗီဇကိုလည်း ငယ်စဉ်ကတည်းက အမူအရာတွေ လိုက်လုပ်ရင်းနဲ့ ပြသခဲ့သူပါ။

“သွန်းဆက် ငယ်ငယ်ကတည်းက အရမ်းစကားများတယ်။ ပြီးရင်အမူအရာတွေ အရမ်းလုပ်တယ်လို့ ပြောကြပါတယ်။ ငယ်ငယ်ကဆိုရင် တီဗီမှာလွှင့်တဲ့ ဦးဧရာနဲ့ မမျိုး (မျိုးသန္တာထွန်း)တို့ရဲ့ ကေသီပန် သွေးဆေး တီဗွီကြော်ငြာထဲက အမူအရာကို အမြဲပြန်လုပ်ပြတတ်တယ်လို့ ပြန်ပြောပြကြတယ်။ ဘယ်ကြော်ငြာပဲလွှင့်လွှင့် ကြည့်ပြီးရင် လိုက်လုပ်နေတတ်တယ်။ ကြော်ငြာတွေ ဆိုရင်လည်း မလွတ်တမ်း ကြည့်တတ်တယ်”လို့ သွန်းဆက်က ရယ်မောပြီး ဆိုပါတယ်။
ကျောင်းပညာရေး အနေနဲ့တော့ ဖခင်ဖြစ်သူ အလုပ်ကိစ္စနဲ့ ပြောင်းရွှေ့ရတဲ့ မန္တလေးမှာ တစ်နှစ်ကျောင်းတက်ခဲ့ပြီး မူလတန်းကိုတော့ အဘွားဖြစ်သူအိမ်မှာ နေထိုင်ရင်း တောင်ဒဂုံမှာ တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အလယ်တန်းကိုတော့ သင်္ဃန်းကျွန်းမှာ တက်ရောက်ခဲ့ပြီး အထက်တန်းကိုတော့ အ.ထ.က(၄)အလုံမှာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ သာမန်အနေအထားပဲရှိပြီး စာတော်သူ တစ်ယောက်မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ Chemistry ဘာသာ အထူးပြုနဲ့ တက္ကသိုလ် တက်ရောက်ခဲ့ပြီး ဘွဲ့ရရှိခဲ့ပါတယ်။

အနုပညာနဲ့ ပတ်သက်လို့တော့ သွန်းဆက်က ငယ်စဉ်ကတည်းက ဝါသနာဗီဇ ပေါ်လွင်ခဲ့သူပါ။ ကျောင်းကပွဲတိုင်းမှာ ပါဝင်ခဲ့သလို သင်္ကြန်ယိမ်းအကမှာ ပါဝင်ရင်း ရုပ်သံအစီအစဉ်မှာလည်း ပါဝင်ခွင့်ရခဲ့တယ် လို့ပြောပြခဲ့ပါတယ်။ “သွန်းဆက်ငယ်ငယ်ကတည်းက ဘယ်ကျောင်းမှာပဲ တက်တက် ကျောင်းကပွဲတိုင်းတော့ ရှေ့ဆုံးကပါတယ်။ ဘယ်ကပွဲမဆို သွန်းဆက်ပါလိုက်တာချည်းပဲ။ မှတ်မှတ်ရရအနေနဲ့ဆို လေးတန်းနှစ်မှာ သင်္ကြန်ယိမ်းအကနဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်ခွင့်ရတယ်။ အဲဒီမှာ ဦးရန်လေး(ရန်အောင်)က သီချင်းဆိုတော့ အရမ်းပျော်တာ။ အနုပညာရှင်တစ်ယောက်ကို ဘဝမှာ ပထမဆုံး ဆုံတွေ့ခွင့်ရတာပေါ့လေ။ အဲဒီနောက်တော့ အနုပညာပိုးက ပိုပြီးရှင်သန်လာခဲ့ပါ တယ်”လို့ ငယ်ဘ၀ အနုပညာပိုးကို ပြောပြခဲ့ပါတယ်။
သွန်းဆက်က ငယ်စဉ်ကတည်းက ရုပ်ရှင်ကြည့်ရတာ အရမ်းဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး အချိန်တိုင်းလိုလို ဇာတ်ကားတွေ ကြည့်ဖြစ်နေတယ်လို့ဆိုပါတယ်။ မြန်မာရုပ်ရှင် ဇာတ်ကားတွေတင်မကဘဲ ဇာတ်လမ်းတွဲတွေ၊ နိုင်ငံခြား ဇာတ်ကားတွေလည်း စုံအောင်ကြည့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သွန်းဆက်ရဲ့ ပထမဆုံး အနုပညာခြေလှမ်းက မော်ဒယ်လ်တစ်ယောက် ဖြစ်ပေမယ့် ကျောင်းတက်နေရင်း လုပ်ခဲ့တာကြောင့် သေချာကြီး မလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်တမ်း အနုပညာလောကထဲ ရောက်ရှိစေခဲ့တဲ့ ခြေလှမ်းကတော့ အကယ်ဒမီ ဗန်းကိုင်ဖြစ်ခွင့်ရခြင်းပါပဲ။ အကယ်ဒမီ ဗန်းကိုင်တစ်ယောက် ဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ သွန်းဆက်က ဆိုပါတယ်။
“အကယ်ဒမီဗန်းကိုင် တစ်ယောက် ဖြစ်ချင်တာကတော့ ငယ်ငယ်ကတည်းက သွန်းဆက်ရဲ့အိပ်မက်ပါ။ တကယ်တမ်း အကယ်ဒမီ ဗန်းကိုင်တစ်ယောက် ဖြစ်ခွင့်ရခဲ့တဲ့အခါလည်း အဲဒီကတစ်ဆင့် နောက်ထပ် အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ရရှိခဲ့ပါတယ်။ သွန်းဆက်အတွက်တော့ အမှတ်တရပါပဲ”လို့သွန်းဆက်က ပြောပြခဲ့ပါတယ်။
သွန်းဆက်က အောင်သီရိ ဗီဒီယိုထုတ်လုပ်ရေးနဲ့ ဆက်သွယ်မိပြီး သရုပ်ဆောင် တစ်ယောက်အဖြစ် ‘မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်’ ဇာတ်ကားကို ပထမဆုံး ရိုက်ကူးခွင့်ရခဲ့ပါတယ်။ ပထမဆုံးဇာတ်ကားပေမယ့် ထူးခြားတဲ့ ဇာတ်ကောင်စရိုက်မျိုးနဲ့ ပါဝင်ခွင့် ရခဲ့တာကြောင့် ပရိသတ်ရဲ့အသိအမှတ်ပြုကို စတင်ရရှိခဲ့သူပါ။ ဒီနောက်မှာတော့ ဆက်တိုက်ထွက်ရှိလာတဲ့ ‘ဘဲကွဲ’ ဇာတ်ကားမှာ ယောကျ်ားစိတ်ဝင်နေသူ မိန်းကလေးတစ်ယောက်အဖြစ် သွန်းဆက်ရဲ့သရုပ်ဆောင်မှုကလည်း ပရိသတ်တွေအတွက် အမှတ်တရဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ သရုပ်ဆောင်သစ်တစ်ယောက် ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကို ပီပြင်စွာပုံဖော်တတ်မှု၊ သွက်လက်ချက်ချာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဟန်ပန်နဲ့ လှပပြီးချစ်စရာကောင်းတဲ့ သွင်ပြင်တွေကို ပိုင်ဆိုင်ထားသူ သွန်းဆက်ကို ပရိသတ် အားပေးချစ်ခင်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။

သွန်းဆက်က လက်ရှိအချိန်မှာတော့ ဗီဒီယိုဇာတ်ကား ၉၀ ကျော်နဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးခွင့်ရရှိထားပြီးပါပြီ။ ဆက်လက်ပြီးတော့လည်း ရုပ်ရှင်ကားကြီးတစ်ကား ထပ်မံရိုက်ကူးတော့မှာဖြစ်သလို ဗီဒီယိုဇာတ်ကားများလည်း ရိုက်ကူးဖို့လက်ခံထားတယ်လို့ ဆိုပါတယ်။ အလှကုန်ကြော်ငြာတွေလည်း ရိုက်ကူးဖို့ လက်ခံထားတယ်လို့ ဖြည့်စွက်ပြောပြခဲ့ပါတယ်။
သွန်းဆက်က ၂၀၁၆ မှာ ဆက်လက်လုပ်ကိုင်သွားမယ့် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ‘‘သွန်းဆက် လောလောဆယ်တော့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်မယ်။ ပြီးရင် ဗီဒီယိုတွေနဲ့ ကြော်ငြာတွေလည်း ရိုက်ဖို့လက်ခံထားပါတယ်။ အထူးသဖြင့်တော့ သရုပ်ဆောင်ဆိုတာ ကျရာဇာတ်ရုပ်အစုံကို ပီပြင်အောင် သရုပ်ဆောင်ရမှာဆိုတော့ ဒီနှစ်ထဲမှာ မတူကွဲပြားတဲ့ ဇာတ်ရုပ်မျိုးတွေနဲ့ တွေ့မြင်နိုင်အောင် ကြိုးစားသွားမှာပါ။ ပြီးတော့ သွန်းဆက်ရထားတဲ့ အနုပညာကြေးလေးတွေစုပြီး မတ်လမှာ ကျရောက်မယ့်မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူတစ်ခုလုပ်ဖို့လည်း စီစဉ်ထားတယ်။ငွေကြေးချို့တဲ့လို့ ရှင်မပြုနိုင်တဲ့ ကလေးတွေကို ရှင်ပြုပေးမယ်။ ရဟန်းခံပေးမယ်။ ပြီးတော့ သွန်းဆက်တို့ အလှူလုပ်နေကျ ဘုန်းကြီးကျောင်းက ကျောင်းတိုက် ပြုပြင်မွမ်းမံမှုတွေလည်း လုပ်ပေးဖို့ရှိပါတယ်။ အဲဒါလေးကတော့ ကြိုတင်ပြင်ဆင်ထားတယ်’’ လို့ဆိုပါတယ်။
အနုပညာလောကထဲ လျှောက်လှမ်းစဉ်မှာ လက်ကိုင်ထားတဲ့ ခံယူချက်နဲ့ ပတ်သက်လို့တော့ ဝါသနာပါ မြတ်နိုးလို့ လုပ်ဖြစ်တဲ့ အနုပညာအလုပ်တွေအတွက် ဘယ်လောက်ပဲ ပင်ပန်း ခက်ခဲပါစေ ဆက်လက် လုပ်ကိုင်သွားမှာဖြစ်ပြီး ပရိသတ်တွေ အားပေးတဲ့အပေါ် စိတ်ပျက်စရာဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူးလို့လည်း ကတိပေးစကား ဆိုခဲ့ပါတယ်။ အနုပညာလောကထဲမှာ ကျရာဇာတ်ရုပ်ကို ပုံဖော်နိုင်ပြီး သရုပ်ဆောင်ကောင်းသူ တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားသွား မှာပါလို့ သွန်းဆက်က ဆိုပါတယ်။
အထက်မှာ ဖော်ပြခဲ့တာကတော့ တက်ကြွတဲ့ စိတ်ကူးအိပ်မက်တွေနဲ့ ယုံကြည်ချက် ပန်းတိုင်ကို  လျှောက်လှမ်း ပုံဖော်နေသူ သရုပ်ဆောင် သွန်းဆက်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုပဲ ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ အလုပ်ကို လုပ်ကိုင်ခွင့် ရရှိအောင် ကြိုးစားခဲ့သလို လုပ်ကိုင်ခွင့် ရရှိချိန်မှာလည်း စွမ်းသလောက် တစ်ဆင့်ချင်း ကြိုးစား အားထုတ်နေတာကို တွေ့မြင် ခံစားနိုင်မှာပါ။
ဇာတ်ကားတွေတိုင်းမှာ တက်ကြွ ဖျတ်လတ်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အမြဲလိုလို မြင်တွေ့ရတတ်တဲ့ သွန်းဆက်က လက်တွေ့ဘဝမှာလည်း အမြဲတမ်း တက်ကြွနေသူ တစ်ယောက်အဖြစ် တွေ့မြင်ရပါတယ်။