JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) ထံမှ ကျပ် ငါးဘီလျံကို ချေးယူရန် ဂျပန်-မြန်မာကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီးဖြစ်ကာ ဆောက်လုပ်ရေး၊ စက်ရုံ၊ထုတ်လုပ်မှုနှင့် ဟိုတယ်ကဏ္ဍရှိ အသေးစားအလတ်စား လုပ်ငန်းများကို လာမည့် ဖေဖော်ဝါရီလဆန်းတွင် စတင်ချေးပေးသွားမည်ဖြစ်ကြောင်း အသေးစား အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မှ သိရသည်။ယင်းသို့ ချေးယူရာတွင် Two- Steps Loan ဖြင့် ချေးယူမည်ဖြစ်ပြီး JICA မှ အစိုးရဘဏ် (မြန်မာ့စီးပွားရေးဘဏ်) သို့လည်းကောင်း၊ အစိုးရဘဏ်မှ တစ်ဆင့် ပြည်တွင်းဘဏ် (SMIDB) ဘဏ်သို့ လည်းကောင်း၊ ယင်းနောက် အသေးစားအလတ်စား လုပ်ငန်းရှင်များသို့ လည်းကောင်း ချေးသွားမည်ဖြစ်ကာ JICA နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။ချေးငွေထုတ်ချေးရာတွင်မူ ရန်ကုန်တိုင်းဒေသရှိ အသေးစားအလတ်စား လုပ်ငန်းများကို ရွေးချယ်ထားပြီး SMEs လုပ်ငန်းရှင်ပေါင်း ၁၂ ဦးအထိ ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။“SMEs လုပ်ငန်းရှင်တွေကို တစ်ဦးကို အများဆုံး ကျပ်သိန်းငါးထောင်အထိ ချေးသွားမှာဖြစ်ပြီး အနည်းဆုံး ကျပ်သိန်း တစ်ထောင်အထိ ထုတ်ချေးသွားမှာပါ။ ရန်ကုန်တိုင်းဒေသက လုပ်ငန်းရှင်တွေကို ရွေးချယ်ထားတယ်ဆိုတာက JICA ကနေ တစ်လ တစ်ခါဖြစ်စေ၊ ခြောက်လ တစ်ခါဖြစ်စေ ကွင်းဆင်း စစ်ဆေးချင်တယ်ဆိုရင် လွယ်ကူအောင်ပါ။ ဒုတိယအကြိမ် ချေးမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ငန်းရှင်တွေ ပါအောင်ချေးသွားပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု SMIDB ဘဏ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ချေးငွေထုတ်ချေးခြင်းကို တစ်နှစ် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးသွားမည်ဖြစ်ကာ သက်တမ်းအားဖြင့် ငါးနှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။အသေးစားအလတ်စား လုပ်ငန်းများအား ချေးငွေချေးရာတွင် စည်းကမ်းချက်များ သတ်မှတ်ထားကာ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများကို လုပ်ဆောင်ရမည့်အပြင် Business plan ကောင်းကောင်းပြနိုင်သည့် လုပ်ငန်းရှင်များကို ရွေးချယ်ချေးပေးကြောင်း သိရသည်။ အသေးစားအလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးအရင်းအနှီး ရရှိမှု၊ နည်းပညာလိုအပ်မှုနှင့် ဈေးကွက်ရရှိရန်တို့မှာ အဓိကလိုအပ်ချက် ဖြစ်နေကြောင်း သိရသည်။
ဆောက်လုပ်ရေး၊ ထုတ်လုပ်မှုနှင့် ဟိုတယ်ကဏ္ဍရှိ SMEs များကို ဖေဖော်ဝါရီလဆန်းတွင် စတင်ချေးရန် JICA နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ MoU ရေးထိုး















