လွတ်လပ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်းနှင့် တရားရုံးများ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ ရှိသင့်ကြောင်း ဒုတိယအကြိမ် လွှတ်တော်အား ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တရားဥပဒေ စိုးမိုးရေးကော်မတီက အကြံပြု

လွတ်လပ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်းနှင့် တရားရုံးများ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ ရှိသင့်ကြောင်း ဒုတိယအကြိမ် လွှတ်တော်အား ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တရားဥပဒေ စိုးမိုးရေးကော်မတီက အကြံပြု
Published 26 January 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ကြရန်နှင့် လွတ်လပ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်းနှင့် တရားရုံးများ စောင့်ကြည့်လေ့လာရေး လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိသင့်ကြောင်း မကြာခင်ကျင်းပမည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အား အကြံပြုတိုက်တွန်းခဲ့သည်။
နေပြည်တော်တွင် ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အတွက် ကော်မတီ၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ သုံးသပ်အကြံပြုချက် အစီရင်ခံစာ တင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း အကြံပြုခဲ့ခြင်းဖြစ်သည်။
‘ကုလသမဂ္ဂ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး သဘောတူညီချက်အရ လွှတ်တော် ကိုယ်စားလှယ်များသည် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးတွင် ပါဝင်ကြရန်နှင့် လွတ်လပ်သော အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။ အဆိုပါအဖွဲ့သည် အစိုးရက ဖွဲ့စည်းထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ CSO များ၊ NGO များနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်လျှင် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ပိုမိုအောင်မြင်နိုင်မည် ဖြစ်ပါသည်’ဟု ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်သို့ တင်ပြ အကြံပြုခဲ့သည်။
တရားဥပဒေစိုးမိုးရေးသည် တိုင်းပြည်အတွက် အဓိကကျသည့်အပြင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့နှင့် ချိတ်ဆက်လျက်ရှိပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်လည်း တိုက်ရိုက်သက်ဆိုင်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ကြောင်း၊ အာဏာပိုင် အဖွဲ့အစည်းများ၊ တရားစွဲ အဖွဲ့အစည်းနှင့်လည်း သက်ဆိုင်ကြောင်း၊ လက်ရှိအခြေအနေတွင် အာဏာပိုင်များ၏ ဖိအားပေးမှုများ၊ ဝင်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေသေးကြောင်း သုံးသပ်တွေ့ရှိရသည်ဟု အဆိုပါကော်မတီက ဆိုသည်။
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ အခြေအနေ မပေးသဖြင့် ကော်မတီအနေဖြင့် ယခင်က ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းကိစ္စများနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ အရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံတကာ အကူအညီ ရရှိရေး၊ သင်တန်းပေးရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သုံးသပ်တင်ပြခဲ့သည်။
တရားဥပဒေ စိုးမိုးရေးရရှိရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဓိက ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော်ရန် လိုအပ်ပြီး အထူးသဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက တရားဥပဒေ စိုးမိုးရေးလုပ်ငန်းသည် မအောင်မြင်နိုင်ကြောင်း အဆိုပါကော်မတီက သုံးသပ် တင်ပြခဲ့သည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုကပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန် ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသည့် အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက် ခြစားမှုများ မပျောက်မပျက် ရှိနေခြင်းတို့ကို သုံးသပ်တွေ့ရှိရကြောင်း ကော်မတီက ဆိုသည်။
ဆက်လက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အတွက် ပြစ်မှုကျူးလွန်မှုများအား အပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်မှုကို ဦးတည်ရမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံရသူများကိုလည်း နောက်နောင် ရာဇဝတ်မှု ကျူးလွန်ခြင်းမှ ကင်းလွတ်စေရန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ သင်ကြားပေးပြီး လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရန် ဖန်တီးပေးရန်လိုကြောင်း၊ ထို့ပြင် တရားရုံးများ စောင့်ကြည့်လေ့လာရေး လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိသင့်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက အကြံပြုတင်ပြခဲ့သည်။
နယ်ခြားစောင့်တပ်ဖွဲ့များ စားဝတ်နေရေး ပြေလည်စေရေးအတွက် နယ်စပ်လုံခြုံရေးနှင့် ကြီးကြပ်ရေး ပီပြင်စေရန်တို့ကို နိုင်ငံတော်အစိုးရက တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း ဆက်လက်အကြံပြုခဲ့သည်။
ထို့နောက် အဆိုပါကော်မတီက မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ပတ်သက်လျက်ရှိသည့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို မျက်ခြည်မပြတ် ကြီးကြပ်သွားရန် အထူး လိုအပ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
တရားဥပဒေစိုးမိုးရေးအတွက် အဟန့်အတား ဖြစ်စေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံး ပြင်ဆင်သင့်က ပြင်၍ ပယ်ဖျက်သင့်က ပယ်ဖျက်ပြီး အသစ်ပြဋ္ဌာန်းသင့်က ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွင် ဥပဒေအာဏာ တည်စေရေးများ အထူးအားကောင်းစေရန် အမြဲမပြတ် ဝေဖန်ပြရမည် ဖြစ်ကြောင်း ကော်မတီက ဆိုသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို နောင်ကျင်းပမည့် လွှတ်တော်များတွင်လည်း ဆက်လက်ထားရှိပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးရရှိရေး အတွက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲ ဆောင်ရွက်သွားသင့်ကြောင့် အကြံပြုခဲ့သည်။    
 

Most Read

Most Recent