ယခုနှစ် မယ်စကြာဝဠာအဖြစ် ရွေးချယ်ခံခဲ့ရသော ဖိလစ်ပိုင်အလှမယ်က သူ၏ အကြီးမားဆုံး နောက်ထပ်အိပ်မက်မှာ ဂျိမ်းစ်ဘွန်းမင်းသမီး ဖြစ်ရန် ဖြစ်သည်ဟု ဆိုခဲ့သည်။ ပီယာအလွန်ဇိုဝါ့ဇ်ဘာ့ချ်သည် သရဖူဆွတ်ခူးပြီး ပထမဆုံးအကြိမ် နေရပ် ဖိလစ်ပိုင်သို့ ပြန်ရောက်စဉ် ဇန်နဝါရီ ၂၄ ရက်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝါ့ဇ်ဘာ့ချ်သည် အိပ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးတို့ကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့ပြီးနောက် လက်ရှိတွင် သူရရှိနေသော လူအများ၏ အထူးအာရုံစိုက်မှုကို အသုံးချနေသည်ဟု ပြောကြားခဲ့သည်။
"ကျွန်မအကြောင်းကို လူပြောများနေတာနဲ့ ပတ်သက်ပြီး အသုံးချနေပါတယ်။ အခုကျွန်မဟာ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်"ဟု ဝါ့ဇ်ဘာ့ချ်က ပြောကြားသည်။
နယူးယောက်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဝါ့ဇ်ဘာ့ချ်က လူအများကို အိပ်ချ်အိုင်ဗွီပိုး ရှိ မရှိ စစ်ဆေးကြရန် ပြောကြားခဲ့ပြီး သူကိုယ်တိုင်လည်း စစ်ဆေးရန် စီစဉ်နေခဲ့သည်ဟု ဆိုခဲ့သည်။ ဝါ့ဇ်ဘာ့ချ်၏ နေရပ်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိပ်ချ်အိုင်ဗွီ ဖြစ်စဉ်များသည် စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်တက်လာခဲ့သည်။
ယခုကဲ့သို့ မယ်စကြာဝဠာသရဖူကို ဆွတ်ခူးပြီးနောက် လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဝါ့ဇ်ဘာ့ချ်က အမေရိကန်မှ အလုပ်ကမ်းလှမ်းမှုများ ရှိပါက စဉ်းစားသွားမည်ဟု ဆိုခဲ့သည်။ "ကျွန်မဟာ နောက်ရိုက်မယ့် ဘွန်းဇာတ်ကားမှာ မင်းသမီး ဖြစ်မလာဘူးလို့ ပြောလို့မရပါဘူး။ ဒါဟာ ကျွန်မရဲ့ နောက်ထပ် ကြီးမားတဲ့ အိပ်မက်ပါပဲ"ဟု ဝါ့ဇ်ဘာ့ချ်က ဆိုခဲ့သည်။
အသက် ၂၆ နှစ်အရွယ် ဝါ့ဇ်ဘာ့ချ်သည် မယ်စကြာဝဠာ ပြိုင်ပွဲမဝင်ခင်က ဖိလစ်ပိုင်တွင် မင်းသမီးနှင့် မော်ဒယ်အလုပ်ကို လုပ်ကိုင်ခဲ့သည်။ မယ်စကြာဝဠာသရဖူ ဆွတ်ခူးရရှိခြင်းသည် ဖိလစ်ပိုင်တွင် ကြီးမားသည့် အခွင့်အလမ်းကြီးတစ်ခု ဖြစ်သည်။ ဝါ့ဇ်ဘာ့ချ်မတိုင်ခင်က ဖိလစ်ပိုင်အလှမယ် နှစ်ဦး မယ်စကြာဝဠာ သရဖူကို ရရှိခဲ့ဖူးပြီး နောက်ဆုံးရရှိသူမှာ ၁၉၇၃ ခုနှစ်က ရရှိခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ ၂၅ ရက်တွင် ဝါ့ဇ်ဘာ့ချ်သည် ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနိုနှင့် တွေ့ဆုံမည် ဖြစ်သည်။ အိမ်ထောင်မရှိသူတစ်ဦးဖြစ်သည့် အကွီနိုနှင့် ဝါ့ဇ်ဘာ့ချ်တို့သည် ချိန်းတွေ့ခဲ့ဖူးသည်ဟု သတင်းများ ယခင်က ထွက်ခဲ့ဖူးသည်။















