ဆင်နှင့်လူ ပဋိပက္ခဖြစ်ပွားမှု၊ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှု မြင့်မားလာပြီး ပဲခူးနှင့် ရခိုင်ရိုးမတို့တွင် ပိုမိုဖြစ်ပွားကြောင်းသိရ

ဆင်နှင့်လူ ပဋိပက္ခဖြစ်ပွားမှု၊ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှု မြင့်မားလာပြီး ပဲခူးနှင့် ရခိုင်ရိုးမတို့တွင် ပိုမိုဖြစ်ပွားကြောင်းသိရ
Published 21 January 2016
ထက်ရှိုင်း

ဆင်နှင့်လူ ပဋိပက္ခဖြစ်ပွားမှု၊ တောဆင်ရိုင်းများအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် တရားမဝင် သတ်ဖြတ်မှုတို့ မြင့်မားလာပြီး ပဲခူးနှင့် ရခိုင်ရိုးမတို့တွင် ပိုမိုဖြစ်ပွားလာကြောင်း နိုင်ငံအဆင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် NBSAP (၂၀၁၅-၂၀၂၀) ၌ ဖော်ပြထားသည်။
ဇန်နဝါရီ ၆ ရက်က ရန်ကုန်တိုင်းဒေကြီး တိုက်ကြီးမြို့နယ် လူသန့်အင်းကျေးရွာရှိ လယ်ကွက်များ အတွင်းမှ စပါးများအား တောဆင်ရိုင်းတစ်ကောင် ဝင်ရောက် စားသုံးနေခြင်းကြောင့် တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်း သာယာဝတီ သစ်ထုတ်လုပ်ရေးမှ သွားရောက်ကာ ဆင်မောင်းခြင်း ပြုလုပ်ခဲ့ရပြီး ဇန်နဝါရီ  ၇ ရက်တွင် တောဆင်ရိုင်းသည် လူသန့်အင်းကျေးရွာအနီးသို့  ပြန်လည် ရောက်ရှိလာသောကြောင့် မြောက်ဇာမရီ ကြိုးဝိုင်း မူရင်းဒေသသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သုံးဆင့်ကျေးရွာအနီး စံပယ်တောင်ရှိ အုပ်စုကွဲနေသော တောဆင် ၁၄ ကောင်အား မကွေးခရိုင် သစ်တောဦးစီးဌာနနှင့် တောင်တွင်းကြီး သစ်ထုတ်လုပ်ရေးဒေသတို့မှ သွားရောက်ကာ တပ်ကုန်းမြို့နယ် ငလိုက်ကြိုးဝိုင်း အတွင်းမှတစ်ဆင့် မူရင်းဒေသ စတုံကြိုးဝိုင်းအကွက်အမှတ် ၁၆၄ သို့ ဆက်လက် ရွှေ့ပြောင်း မောင်းနှင်ခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ငဖဲမြို့ ငဖြူကြီးကျေးရွာမှ တရားခံနှစ်ဦးအား ဆင်အရေခွံများ ထည့်ထားသော ပီနံအိတ်နှစ်လုံး၊ ဆင်နှာမောင်းကွင်း ၆၆ ကွင်း၊ ဆင်မြီးလေးခု၊ ဆင်သာရေချပ် ၁၂၀ ချပ်၊ ဆင်အမြှီးအမြွှာ ၃၀ ချောင်းတို့နှင့်အတူ ဖမ်းဆီးမိခဲ့ပြီး ပုသိမ်မြို့ ချောင်းသာကြိုးဝိုင်း အကွက်အမှတ် ၅၂ ရေသိုးချောင်း လက်တက်အနီး နေရာမှ အရေခွံလှီးဖြတ်ထားသည့် ဆင်သေတစ်ကောင်အား တွေ့ရှိရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၄၀၀၀ မှ ၅၀၀၀ ခန့်နှင့် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆင်ကောင်ရေ ၆၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည့် စာရင်းများအရ သိရသည်။ ယခုလတ်တလော လေ့လာချက်များအရ ပြည်တွင်း၌ တောဆင်ရိုင်း ၂၀၀၀ အောက်တွင်သာရှိကြောင်း ခန့်မှန်းထားကြသည်။  
သစ်ထုတ်လုပ်ခြင်းတွင် ယာဉ်၊ ယန္တရားများ ပိုမိုအသုံးပြုလာမှုကြောင့် အိမ်မွေးဆင်များသည် ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန် ရောင်းချခြင်းခံနေရကြောင်း၊ တရုတ်နိုင်ငံသို့ မှောင်ခိုရောင်းချမည့် ဆင်စွယ်များရရှိရန် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရလျက်ရှိကြောင်း NBSAP (၂၀၁၅-၂၀၂၀)တွင် ဖော်ပြထားသည်။
ပြည်တွင်း၌ တောဆင်ရိုင်းများ ထိန်းသိမ်း ကာကွယ်ရန် ရခိုင်ရိုးမ ဆင်ဘေးမဲ့တောနှင့် မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့ကို သတ်မှတ် တည်ထောင်ထားကြောင်း သိရသည်။                 

Most Read

Most Recent