ပျူခေတ် ယဉ်ကျေးမှုပုံရိပ်များနှင့် နာဂတိုင်းရင်းသားတို့၏ ရိုးရာပုံရိပ်များ ပြသထားသည့် ဂျပန်ပန်းချီပညာရှင်နှစ်ဦး၏ ပန်းချီပြပွဲကို ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။My Illusion of Pyu and My Favorite Myanmar:Duet Art Exhibition ဟု အမည် ပေးထားသည့် ယင်းပန်းချီပြပွဲတွင် ပန်းချီဆရာ Iiyooka Michiharu (ပန်းချီဗေဒါ - M ) ရေးဆွဲထားသည့် ပျူခေတ်မိန်းမပျိုများ၊ ပျူ ခေတ်ဝတ်စားဆင်ယင်မှုများ၊ ပျူ လက်ဝတ်တန်ဆာများကို အခရိုင်းလစ်ဖြင့် ရေးဆွဲထားသည့် ပန်းချီကား ၃၁ ကားနှင့် ပန်းချီဆရာမ Kazuko Watanabe (မစံပယ်) ရေးဆွဲထားသည့် နာဂတိုင်းရင်းသားပုံရိပ်များ၊ ရိုးရာအသုံးအဆောင် ပစ္စည်းများကို ရေဆေးဖြင့်ရေးဆွဲထားသည့် ပန်းချီကား ၄၂ ကားကို ပြသထားကြောင်း သိရသည်။“ကျွန်တော် ၁၉၉၅ ခုနှစ်က နယူးယောက်မြို့မှာ ပျူဒင်္ဂါးပြားကို စပြီး တွေ့ခဲ့ရတယ်။ အဲဒီဒင်္ဂါးပြားကို ဝယ်ခဲ့ပြီး ပျူကိုစပြီး စိတ်ဝင်စားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကျွန်တော်မြန်မာနိုင်ငံကို စရောက်ခဲ့ပြီး နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာဘာသာနဲ့ သမိုင်းကို လေ့လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ပျူ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေကို စပြီးလေ့လာဖြစ်ခဲ့တယ်။ ပျူလူမျိုး၊ ပျူယဉ်ကျေးမှုနဲ့ ပျူခေတ်ဟာ တစ်ခေတ်တစ်ခါက ယဉ်ကျေးမှု မြင့်မားတိုးတက်ခဲ့ပေမယ့် အခု မြန်မာလူမျိုးတွေကို ပျူနိုင်ငံ၊ ပျူခေတ်နဲ့ ပတ်သက်တာကို မေးလိုက်ရင် သေချာမသိတာကို တွေ့ရတယ်။ ပန်းချီပြပွဲလုပ်မယ်ဆိုတော့ ဒီမှာ ပုဂံဘုရားတွေ၊ တခြားမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေ တွေ့ရပေမယ့် ပျူခေတ်နဲ့ ပတ်သက်တဲ့ ပန်းချီကားတွေကို မတွေ့ရတော့ လေ့လာထားတာတွေနဲ့ ပေါင်းစပ်ပြီး ပြပွဲလုပ်ဖြစ်ခဲ့ပါတယ်”ဟု ပန်းချီဆရာ Iiyooka Michiharu (ပန်းချီဗေဒါ-M) က ပြောပြသည်။ပန်းချီဆရာမ Kazuko Watanabe (မစံပယ်) သည် ၂၀၀၃ ခုနှစ်တွင် မြန်မာစာပေကို နိုင်ငံခြားဘာသာတက္ကသိုလ်တွင် သင်ယူခဲ့ပြီး လက်ရှိမြန်မာနိုင်ငံတွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ယခုပွဲတွင် ပန်းချီဆရာမ မစံပယ်သည် နာဂဒေသသို့ သွားရောက်ပြီး ရေဆေးပန်းချီကားများ ရေးဆွဲကာ ပြသခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဂျပန်ရှေးဟောင်းအိုးများနှင့် ပုံစံတူအိုးများကိုလည်း ပြပွဲတွင် ပြသထားကြောင်း သိရသည်။အဆိုပါ My Illusion of Pyu and My Favorite Myanmar:Duet Art Exhibition ကို ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ၂၁ ရက် အထိ ပြသလျက်ရှိသည်။
ပျူခေတ် ယဉ်ကျေးမှုပုံရိပ်များနှင့် နာဂတိုင်းရင်းသားတို့၏ ရိုးရာပုံရိပ်များ ပြသထားသည့် ဂျပန်ပန်းချီပညာရှင်နှစ်ဦး၏ ပန်းချီပြပွဲ ပြုလုပ်















