ဗီယက်နမ်နိုင်ငံသား နေထိုင်သော အိပ်ခန်းအတွင်းမှ ဒေါ်လာနှင့် ကျပ်ငွေများ ခိုးယူသည်ဟုဆိုကာ နေအိမ်သန့်ရှင်းရေး အမျိုးသမီးအား အမှုဖွင့်

ဗီယက်နမ်နိုင်ငံသား နေထိုင်သော အိပ်ခန်းအတွင်းမှ ဒေါ်လာနှင့် ကျပ်ငွေများ ခိုးယူသည်ဟုဆိုကာ နေအိမ်သန့်ရှင်းရေး အမျိုးသမီးအား အမှုဖွင့်
Published 17 January 2016

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်သော ဗီယက်နမ် နိုင်ငံသား၏ အိပ်ခန်းအတွင်းမှ ဒေါ်လာနှင့် ကျပ်ငွေများကို အိမ်သန့်ရှင်းရေး လုပ်ကိုင်ရန် ငှားရမ်းထားသော အမျိုးသမီးက ခိုးယူသည်ဟုဆိုကာ ဗီယက်နမ်နိုင်ငံသားက အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ဗီယက်နမ် ဆောက်လုပ်ရေး တစ်ခုတွင် စီမံကိန်း မန်နေဂျာအဖြစ် လုပ်ကိုင်လျက်ရှိသော အသက်(၃၃)နှစ်အရွယ် ဗီယက်နမ်နိုင်ငံသားသည် လွန်ခဲ့သော ကိုးလခန့်မှစ၍ ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာရှိ တိုက်ခန်းတစ်ခုတွင် ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ ယင်းသို့ နေထိုင်စဉ် ၎င်းနေထိုင်သော တိုက်ခန်းအား သန့်ရှင်းရေး လုပ်ကိုင်ရန် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သော ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လစာငွေ ကျပ်တစ်သိန်းခွဲဖြင့် ငှားရမ်းထားကြောင်း သိရသည်။အဆိုပါ အမျိုးသမီးအား အိမ်သန့်ရှင်းရေး လုပ်ကိုင်ရန်အတွက် အိပ်ခန်းသော့ အပါအဝင် အခြား အိမ်ခန်းသော့ တစ်ချောင်းစီ ပေးအပ်ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။အခင်းဖြစ်သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် မြန်မာငွေ ကျပ်သိန်းနှစ်ရာနှစ်ဆယ် (စုစုပေါင်း မြန်မာငွေ ကျပ်သိန်း ၃၂၀) တို့အား ပလတ်စတစ်အိတ် တစ်အိတ်နှင့် ထုပ်ကာ အိပ်ခန်းခုတင် ခြေရင်းရှိ ခရီးဆောင်အိတ်တစ်ခု အတွင်းသို့ သော့မခတ်ဘဲ ထားရှိခဲ့ကြောင်း သိရသည်။ထိုသို့ ထားရှိပြီးနောက် ၂၀၁၆ ဇန်နဝါရီ ၁၅ ရက်တွင် ခရီးသွားရန် ရှိသည့်အတွက် ခုတင်ခြေရင်းရှိ ခရီးဆောင်အိတ်အတွင်း ထားရှိခဲ့သော ငွေများကို စစ်ဆေးရာ မရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရ၍ အိမ်သန့်ရှင်းရေး လုပ်ကိုင်သော အမျိုးသမီး ကိုင်ဆောင်သည့် ကျောပိုးအိတ်ကို စစ်ဆေးရာ ပျောက်ဆုံးသွားသော ငွေများအနက်မှ အမေရိကန်ဒေါ်လာ တစ်ရာတန် နှစ်ရွက်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ထိုသို့ အိမ်သန့်ရှင်းရေး လုပ်ကိုင်သည့် အမျိုးသမီးထံမှ အမေရိကန်ဒေါ်လာ တစ်ရာတန်နှစ်ရွက် ပြန်လည်တွေ့ရှိခဲ့သဖြင့် အဆိုပါ အမျိုးသမီးအား အရေးယူပေးရန် ဗီယက်နမ်နိုင်ငံသားက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရန်ကင်းမြို့မ ရဲစခန်းက (ပ) ၁၁/၁၆၊ ပြစ်မှုပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent