International Gateway လိုင်စင်အတွက် အရေအတွက် ကန့်သတ်ချက်မရှိသော်လည်း လုပ်နိုင်ခွင့်က အကန့်အသတ်ဖြစ်မည်ဟု ဆက်သွယ်ရေးဒုဝန်ကြီး ပြောကြား

International Gateway လိုင်စင်အတွက် အရေအတွက် ကန့်သတ်ချက်မရှိသော်လည်း လုပ်နိုင်ခွင့်က အကန့်အသတ်ဖြစ်မည်ဟု ဆက်သွယ်ရေးဒုဝန်ကြီး ပြောကြား
Published 17 January 2016
နေမျိုးထွန်း

ှုInternational Gateway လုပ်ငန်းများ လုပ်ကိုင်ရန် လိုင်စင်အတွက် အရေအတွက် မကန့်သတ်ထားသော်လည်း လုပ်နိုင်ခွင့်ကသာ အကန့်အသတ်ဖြစ်မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် ကပြောကြားခဲ့သည်။ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့်  Ericsson Connect to Learn ပညာရေးအစီအစဉ် ရှင်းလင်းပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် International Gateway နှင့် ပတ်သက်၍ အများပြည်သူ၏ အကြံပြု ချက်များကို ဖိတ်ခေါ်ထားသည်။ လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာ သုံးခုသာ ယင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိနေပြီး နောက်ပိုင်းတွင် အခြားကုမ္ပဏီအချို့ကိုပါ လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။“ International Gateway  နဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးအော်ပရေတာ သုံးခုအပြင် တခြားလုပ်နိုင်တဲ့ ကုမ္ပဏီရှိရင် လုပ်နိုင်ဖို့ ဖိတ်ခေါ်ထားပြီး လိုင်စင်ချပေးသွားမယ်။ ISP ကုမ္ပဏီတွေလိုတော့ ပေါပေါများများ မရှိနိုင်ပါဘူး။ အရေအတွက် မကန့်သတ်ထားပေမယ့် လုပ်နိုင်ခွင့် အနေအထားက ကန့်သတ်သွားပါလိမ့်မယ်။ နှစ်ရှည် ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး  ၂ နှစ်၊ ၃ နှစ် စသဖြင့် အချိန်ယူ မြှုပ်နှံသွားရမှာ ဖြစ်ပါတယ်။ ပမာဏအရလည်း  ဒေါ်လာ သန်းရာဂဏန်းလောက် ရင်းနှီးမြှုပ်နှံရနိုင်ပါတယ်။ International Gateway မှာ နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းတွေရှိမယ်။ ဂြိုဟ်တုရှိမယ်။ ပင်လယ်ရေအောက် ဆက်ကြောင်းတွေ ရှိပါမယ်။ တော်တော်လုပ်ကိုင်ရမှာပါ”ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။“လက်ရှိမှာ မိုဘိုင်းဖုန်းအင်တာနက်က တစ်ဦးချင်း အသုံးပြုသူတွေအတွက် အဆင်ပြေသင့်သလောက် ပြေပေမယ့် စီးပွားရေးသမားတွေအတွက်တော့ ဒါလောက်နဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် International Gateway ကုမ္ပဏီတွေ လိုပါတယ်။ နောက်ပိုင်းမှာ ISP (Internet Service Provider) တွေကလည်း Business Model ပုံစံမျိုးစုံနဲ့ ဝန်ဆောင်မှုပေးလာကြမယ်။ ဈေးကျပြီးတော့ ဝန်ဆောင်မှုတွေ ကောင်းလာဖို့ရှိပါတယ်”ဟု ဒုတိယဝန်ကြီး ဦးသောင်းတင်က ဆက်လက်ပြောကြားခဲ့သည်။                                       

Most Read

Most Recent