ရန်ကုန်လေဆိပ် အဆောက်အအုံဟောင်းအား ဖျက်သိမ်းရာတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီး ဦးဘကြည်၏နာမည်ကျော် ဆီဆေး နံရံပန်းချီကားများကို အပိုင်းပိုင်း ဖြတ်တောက်ပြီး ရန်ကုန်နှင့်နေပြည်တော် အမျိုးသားပြတိုက်များတွင် ပြသထားမည်

ရန်ကုန်လေဆိပ် အဆောက်အအုံဟောင်းအား ဖျက်သိမ်းရာတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီး ဦးဘကြည်၏နာမည်ကျော် ဆီဆေး နံရံပန်းချီကားများကို အပိုင်းပိုင်း ဖြတ်တောက်ပြီး ရန်ကုန်နှင့်နေပြည်တော် အမျိုးသားပြတိုက်များတွင် ပြသထားမည်
Published 16 January 2016
ရွှန်းလဲ့ဝင်း

ရန်ကုန်လေဆိပ် အဆောက်အအုံဟောင်းအား ဖျက်သိမ်းရာတွင် ပါဝင်ခဲ့သည့် ပန်းချီဆရာကြီး ဦးဘကြည်၏ နာမည်ကျော် ဆီဆေး နံရံပန်းချီကားများကို အပိုင်းပိုင်းဖြတ်တောက်ပြီး ရန်ကုန်နှင့် နေပြည်တော် အမျိုးသားပြတိုက်များတွင် ပြသထားမည်ဖြစ်ကြောင်း အမျိုးသားပြတိုက် (ရန်ကုန်) တွင် ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ရန်ကုန်လေဆိပ် အဆောက်အအုံဟောင်းအား ဖျက်သိမ်းပြီး အသစ်တည်ဆောက်ရာတွင် ပန်းချီဆရာကြီး ဦးဘကြည်၏ နံရံဆေးရေး ပန်းချီကားများအား မူလလက်ရာ မပျက်စီးဘဲ ကျန်ရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသစ် တည်ဆောက်မည့် ရန်ကုန်လေဆိပ်သစ်ကြီး၏ Public Area တွင် ပြန်လည်ထားရှိလိုကြောင်း လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
သို့သော် ရန်ကုန်လေဆိပ်အား ဖျက်သိမ်းရာတွင် အဆိုပါ ဆီဆေးနံရံပန်းချီကားများကို အပိုင်းပိုင်းဖြတ်တောက်ခဲ့ပြီး ယင်းသို့ ဖြတ်တောက်ရန် လေကြောင်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လေဆိပ် တည်ဆောက်ခွင့်ရ ကုမ္ပဏီ (သို့မဟုတ်) ယဉ်ကျေးမှု ဝန်ကြီးဌာန မည်သည့်ဌာနမှ လုပ်ဆောင်ခဲ့သည်အား မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများမှ ဖြေကြားခြင်း မရှိခဲ့ပေ။ ယင်း ဆီဆေး နံရံပန်းချီကားများအနက် ပျံသန်းခြင်းနှင့် ဒွေးမယ်နော် ပန်းချီကားများအား ရန်ကုန်အမျိုးသားပြတိုက်တွင်လည်းကောင်း၊ စပါးပေါ်ချိန်၊ အိုးစည်ကဟန်နှင့် သစ်လုပ်ငန်း ပန်းချီကားများအား နေပြည်တော် အမျိုးသားပြတိုက်တွင် ထားရှိသွားမည်ဟု ဆိုသည်။

"မူရင်းအတိုင်းပြန်ဖြစ်ဖို့ကတော့ တော်တော်အချိန်ယူရတော့မှာပါ။ နှစ်နဲ့ချီပြီး ငွေအား၊ လူအားနဲ့ ပြန်ပြုပြင်ရတော့မှာပါ။ ပန်းချီကား အစိတ်အပိုင်းတွေထဲကို အရောင်တွေဝင်ပြီး တော်တော်လေး ပျက်စီးသွားတယ်။ စိတ်မကောင်းစရာပါပဲ"ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပန်းချီဆရာကြီး ဦးလွန်းကြွယ်က ပြောကြားသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် စတင်ဖွင့်လှစ်သည့် ၁၉၅၆ ခုနှစ်မှ စတင်ကာ ပြည်တွင်း လေဆိပ် ခရီးသည် အဆောက်အအုံအတွင်း ပန်းချီဆရာကြီးဦးဘကြည်၏ နံရံဆေးရေး ပန်းချီကား ရှစ်ချပ်အား အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ရေးဆွဲပြသထားခဲ့ကြောင်း သိရသည်။
ဆရာကြီးဦးဘကြည်၏ လေဆိပ်ပန်းချီကားသည် မြန်မာနိုင်ငံ၏ ထွက်ကုန်များ၊ လက်မှုအနုပညာပစ္စည်းများ၊ မြန်မာလူမျိုးတို့၏ ရာသီအလိုက် ရိုးရာယဉ်ကျေးမှုပွဲတော် မြင်ကွင်းများကို နံရံပြည့်ရေးဆွဲထားသည့် နံရံဆေးရေး ပန်းချီကားဖြစ်ကာ စတုရန်းပေ ၃၀၀၀ ရှိကြောင်း သိရသည်။
အဆိုပါလေဆိပ်ပန်းချီကား၏ ထူးခြားချက်မှာ နံရံပေါ်တွင် အမှန်တကယ်ရှိနေသည့် မီးကြိုး၊ နာရီ၊ သံဖုံးအစရှိသည့် ပစ္စည်းများကို ပန်းချီရေးဆွဲရာတွင် နေရာတကျဖြစ်စေရန် ယင်းပစ္စည်းများကိုမြှုပ်၍ ဆရာကြီးဦးဘကြည်က စိတ်ကူးဉာဏ်ကွန့်မြူးကာ စနစ်တကျ ရေးဆွဲထားခြင်းဖြစ်ပြီး ဆရာကြီးဦးဘကြည်၏ စိတ်ကူးကို နိုင်ငံတကာမှ ချီးကျူး လေ့လာခဲ့ရသည့် ပန်းချီကားဖြစ်သည်။
"ဒီပန်းချီကားကြီးတွေကို အပိုင်းပိုင်း ဖြတ်တောက်လိုက်ပြီ ဆိုကတည်းက အင်မတန် ဝမ်းနည်းစရာပါ။ အမျိုးသားရေး တစ်ရပ်ကို ဖျက်ဆီး ခံလိုက်ရတယ်လို့ပဲ မြင်ပါတယ်"ဟု ပန်းချီပန်းပု အစည်းအရုံး  (ဗဟို) ဥက္ကဋ္ဌ ဦးမောင်မောင်လှမြင့်က ပြောကြားသည်။                                          

Most Read

Most Recent