မြန်မာလုပ်သားလေးဦး စွပ်စွဲခံထားရသည့် အခင်းဖြစ်ပွားရာ ရနောင်း၌ ဇန်နဝါရီ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းလူ့အခွင့်အရေး ကော်မရှင်မှ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)မှ သတင်းရရှိသည်။“မနေ့ ၁၃ ရက်က လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ နယ်မြေကို ဆင်းပြီး သက်သေ၊ ဆွေမျိုးတွေနဲ့ ၊ အခင်းဖြစ်ပွားရာနေရာတွေကို လိုက်တွေ့ပါတယ် ” ဟု အဆိုပါ အမှုအား ကူညီပေးနေသည့် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကိုမင်းဦးက ဆိုသည်။ထိုင်းလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ရနောင်းတွင် လိုအပ်သည့် သတင်းအချက်အလက်များ စုဆောင်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အကူအညီဖြင့် စွပ်စွဲခံမြန်မာလေးဦး၏ မိဘများက ထိုင်းဒုစရိုက်နိမ်နင်းရေး ရဲတပ်ဖွဲ့၊ ထိုင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့အား ဇန်နဝါရီ ၁၂ ရက်က သွားရောက်တိုင်ကြားခဲ့သည်။လာမည့်ဇန်နဝါရီ ၁၅ ရက်တွင် ရနောင်းလူသတ်မှုမှာ ရမန်ပြည့်ပြီဖြစ်သည့်အတွက် စွပ်စွဲခံ မြန်မာအလုပ်သမားလေးဦးကို တရားရုံးမှ စတင်စစ်ဆေးကြားနာတော့မည် ဖြစ်ကြောင်းလည်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ထိုင်း-မြန်မာနယ်စပ်၌ ရနောင်း၌ အသက် (၁၇)နှစ်အရွယ် ထိုင်းကျောင်းသူ အက်ပဲ အသတ်ခံရမှု၌ မြန်မာအလုပ်သမား လေးဦးဖြစ်သည့် မိုးဇင်အောင်၊ စိန်ဂတုံး၊ ကျော်စိုးဝင်းနှင့် ဝေလင်းတို့ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး ယခုလက်ရှိတွင် ရနောင်း အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားသည်။ ဖမ်းဆီးခံရစဉ်တွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့ကြောင်း အလုပ်သမားများက ပြောကြားခဲ့သည်။
ထိုင်းကျောင်းသူ အသတ်ခံရမှုတွင် မြန်မာလုပ်သားလေးဦး စွပ်စွဲခံရသည့် အခင်းဖြစ်ပွားရာ ရနောင်းသို့ ထိုင်းလူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေး















