ကလေးများ အခိုးခံရသည်ဟု ကောလဟာလ ပြောဆိုသူများအား စုံစမ်းဖော်ထုတ်ကာ ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်က The Daily Eleven သတင်းစာသို့ပြောကြားသည်။
“အခုမော်လမြိုင်မြို့မှာ ကလေးတွေ အခိုးခံရတယ်ဆိုတဲ့ သတင်းတွေ ပျံ့နေတယ်။ ဒီကောလဟာလတွေဟာ ဘယ်သူဘယ်ဝါက စတယ်ဆိုတာကိုတော့ မသိရဘူး။ ဘယ်သူပြောသလဲ၊ ဘယ်ကကြားသလဲ မေးရင် တောကကြားသလိုလို၊ တောင်က ကြားသလိုလိုနဲ့။ ဒါပေမဲ့ ဒီသတင်းတွေကြောင့် ကလေးမိဘတွေ စိုးရိမ်ပူပန်မှုတွေက များလာတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်ထိန်းတွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး သတင်းအရင်းအမြစ် ရရှိနိုင်ဖို့ လေ့လာ စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်”ဟု ရဲမှူးအောင်မြင့်က ပြောကြားသည်။
ကလေးများ ခိုးယူခံရသည်ဟု ကောလဟာလ သတင်းများ ဖြန့်ဝေသူအား နိုင်ငံတော်အကြည်အညို ပျက်စေမှုဖြစ်သည့် ပုဒ်မ (၅၀၅) ပါ ပြစ်မှုကြောင်းများအရ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် ထိုဖြစ်စဉ်များ ဖြစ်ပေါ်လာပါကလည်း သက်ဆိုင်ရာကို အမြန်ဆုံး အသိပေး အကြောင်းကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မြင့်က ပြောကြားသည်။















