ကချင်တိုင်းရင်းသူ အဆိုတော်အမွန်း၏ ငယ်ဘ၀ ဖြတ်သန်းရာ

ကချင်တိုင်းရင်းသူ အဆိုတော်အမွန်း၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 14 January 2016
လင်းလင်းခိုင်

လူသားတိုင်းမှာ မွေးရာပါဗီဇ၊ ဝါသနာ၊ Talentနဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတတ်ကြပါတယ်။ ကလေးဘဝကတည်းက ပေါ်ထွက်လာတဲ့ ဂီတ ဝါသနာဗီဇကို အိပ်မက်တစ်ခုအနေနဲ့ လက်တွေ့ အကောင်အထည်ဖော်ရင်း ဂီတကြယ်ပွင့်လေးြ ဖစ်လာတဲ့ လူငယ် အနုပညာရှင်တစ်ယောက် ရှိပါတယ်။ သူကတော့ ကချင်တိုင်းရင်းသူ အဆိုတော် အမွန်းပါပဲ။
ကချင်တိုင်းရင်းသူ အဆိုတော်အမွန်းကို ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်မှာ ဖခင်ဖြစ်သူ ဦးဂျာနော်ဂျူနီယာနဲ့ မိခင်ဖြစ်သူ ဒေါ်အယ်လ်လုနန်တို့က မွေးဖွားခဲ့ကြပါတယ်။ မြစ်ကြီးနားဇာတိဖြစ်တဲ့ အမွန်းက မောင်နှမလေးယောက် ရှိတဲ့အနက် အကြီးဆုံးဖြစ်ပြီး မောင်သုံးယောက် ရှိတယ်လို့ဆိုပါတယ်။

“အမွန်း လေးနှစ်သမီးအရွယ်မှာ တီးဝိုင်းအပြည့်နဲ့ သီချင်းစဆိုဖူးတာ။ အမွန်းတက်တဲ့ မူကြိုကျောင်းရဲ့ Talent Show မှာပါ။ အဲဒီမှာ သီချင်းတိုက်တဲ့ အချိန်မှာ တီးဝိုင်းက တစ်ပိုဒ် မှားတီးလို့ဆိုပြီး မျက်စောင်းလှည့်ထိုးဖူးတယ်လို့ မေမေတို့က ပြောပြဖူးတယ်။ အဲဒီကတည်းက ဂီတကို တော်တော်ကို ဝါသနာကြီးနေပြီ။ နောက်တစ်ခုကတော့ မှတ်ဉာဏ်ကောင်းတာပေါ့။ အမွန်းငယ်ငယ်ကတည်းက အကြောင်းအရာတွေဆိုလည်း မှတ်မိနေတတ်တယ်”လို့ အမွန်းကဆိုပါတယ်။
အမွန်းက ကျောင်းပညာရေးအနေနဲ့ သူငယ်တန်းကနေ သုံးတန်းအထိကို မြစ်ကြီးနား လေ့ကျင့်ရေးကျောင်းမှာ တက်ရောက်ခဲ့ပြီး လေးတန်းနှစ်မှာ ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့အတွက် အ.မ.က (၁၀) စမ်းချောင်းမှာ တက်ခဲ့တယ်လို့ဆိုပါတယ်။ ငါးတန်းကနေ တက္ကသိုလ်ဝင်တန်း အထိကိုတော့ အ.ထ.က (၂) စမ်းချောင်းမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒီနောက် ငယ်စဉ်ဘဝက ရည်ရွယ်ချက်အတိုင်းပဲ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တက်ခွင့် လျှောက်ထားရာမှာတော့ ရုရှားဘာသာမှာ တက်ခွင့်ရခဲ့ပြီး ဘွဲ့ရရှိခဲ့ပါတယ်။ ဘာသာစကားတွေကို စိတ်ပါဝင်စားတာကြောင့် ကျောင်းတက်နေစဉ်မှာပဲ ပြင်သစ် ယဉ်ကျေးမှုဌာနမှာ သုံးနှစ် ဒီပလိုမာ တက်ရောက်ခဲ့တဲ့အပြင် ဂျပန်ဘာသာစကားကိုလည်း နှစ်နှစ် လေ့လာ သင်ယူခဲ့သူပါ။

အမွန်းဟာ တက်ရောက်ခဲ့တဲ့ ကျောင်းတိုင်းရဲ့ ပွဲတွေမှာ သီချင်းဆိုခွင့်ရခဲ့သလို ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ငါးတန်း ခြောက်တန်း နှစ်တွေမှာ ကျောင်းရဲ့ဆိုင်းဝိုင်းအဖွဲ့မှာ ဆိုင်းနောက်ထအဖြစ် ပါဝင်ပြီး ဆိုကရေးတီး ပြိုင်ပွဲဝင်ခဲ့တာ ဗဟိုအဆင့်ထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းနေစဉ် ကာလတစ်လျှောက်မှာ သီချင်းတွေလည်း ရေးဖြစ်နေတယ်လို့ အမွန်းက ပြောပြခဲ့ပါသေးတယ်။
ဘွဲ့ရရှိပြီးချိန်မှာတော့ ဂီတအလုပ်တွေ ဇောက်ချလုပ်ဖို့ ဆုံးဖြတ်ပြီး Myanmar Super Star အမေ အဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ Top 10 စာရင်းဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီနောက် Myanmar Beer Tour တွေမှာ လှည့်လည်ဖျော်ဖြေခွင့် ရခဲ့တာ ပထမဆုံးခြေလှမ်းပါပဲလို့ အမွန်းက ဆိုပါတယ်။ Miss Christmas ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ Best Talent ဆု ဆွတ်ခူးခဲ့ပြီးနောက် မော်ဒယ်လ်ရှိုး အချို့ကိုလည်း ပါဝင်ဖြစ်ခဲ့သူပါ။ ၂၀၁၀ ပြည့်နှစ်မှာတော့ Tiger Girls Band အဖွဲ့ဝင် တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဂီတအလုပ်တွေ လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။ Tiger Girls Girl Band ကနေ Me N Ma Girls အဖြစ် နာမည်ပြောင်း လှုပ်ရှားရာမှာလည်း ဆက်လက်ပါဝင်ခဲ့ပါတယ်။ ဒီလိုအဖွဲ့တစ်ခုအနေနဲ့ လှုပ်ရှားနေစဉ်အတွင်းမှာ ဂီတနယ်ပယ်နဲ့ ပတ်သက်တာတွေ၊ ဖျော်ဖြေမှုနဲ့ ပတ်သက်တာတွေ အများကြီး လေ့လာ သင်ယူခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၄ မှာတော့ အမွန်းဆိုတဲ့ တစ်ကိုယ်တော် လှုပ်ရှားမှုအနေနဲ့ပဲ ‘မင်းအတွက် အိပ်မက်’ တစ်ကိုယ်တော်စီးရီးကို ထုတ်ဝေနိုင်ခဲ့ပါတယ်။   

အမွန်းက နိုင်ငံတကာက ထုတ်လုပ်သူတွေ၊ အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး အနုပညာဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ Automatic ကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။ အမွန်းက တစ်ကိုယ်တော် တေးစီးရီးတွေ ထွက်ရှိမှုနဲ့အတူ ဖျော်ဖြေပွဲ ပေါင်းများစွာမှာလည်း ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ထူးခြားဆန်းသစ်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပါဖောမန့်စ်တွေကြောင့် ပရိသတ် အားပေးမှု များပြားခဲ့သလို ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒီလိုအားပေးမှုဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ အမွန်းက “အမွန်းကို လာကြည့်တဲ့ပရိသတ်ကို စိတ်ရော လူပါ လန်းသွားစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ စိတ်တွေလည်း ခံစားစေချင်တယ်။ ဒါကြောင့် အမွန်း ဖျော်ဖြေတဲ့အခါတိုင်းမှာ အပျော်ရွှင်ဆုံးပုံစံနဲ့ တင်ဆက်သလို အမွန်းဆိုတဲ့ ဂီတအမျိုးအစားနဲ့ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုဖြစ်အောင် ဝတ်ဆင်ပါတယ်။ အမွန်းကို ဝေဖန်ကြတာတွေနဲ့ ပတ်သက်လို့ကတော့ အားလုံးကိုနားလည်ပါတယ်။ အမြင်တွေကမတူနိုင်ဘူးလေ။ အမွန်းဖျော်ဖြေတာကို မကြိုက်ရကောင်းလားဆိုပြီး အပြစ်တင်စရာလည်း အကြောင်းမရှိဘူး။ Comment က Comment လို့ပဲ သဘောထားတယ်”လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ အနုပညာဖြတ်သန်းမှုတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုအပေါ် ကျေနပ်ခဲ့ပေမယ့် ကိုယ်တိုင် ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လို့တော့ အားမရသေးပါဘူးလို့ အမွန်းက ဖြည့်စွက်ပြောပြခဲ့ပါတယ်။ အမွန်းက ၂၀၁၆ မှာတော့ Automatio CD ထွက်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး ရှိုးပွဲ အများအပြားမှာလည်း ပါဝင်သီဆိုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်ပိုင်းကိုလည်း ဝါသနာပါတဲ့အတွက် အချိန်မျှပြီးလုပ်သွားချင်တယ်လို့ အမွန်းက ဆိုပါတယ်။
ကချင်တိုင်းရင်းသူအမွန်းက ပရဟိတလုပ်ငန်းအနေနဲ့ မြစ်ကြီးနားဝိုင်းမော်နဲ့ မနောကွင်းတို့မှာ ပြုလုပ်တဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ပညာရေး ရန်ပုံငွေဖျော်ဖြေပွဲမှာ ပါဝင်သီဆိုခဲ့တဲ့အပြင် လှူဒါန်း ကူညီမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်မှာ ကျရောက်မယ့် ၂၅ နှစ် ပြည့်မွေးနေ့က သူ့အတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ မွေးနေ့လေးဖြစ်စေဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ပရိသတ်တွေကိုတော့ အမွန်းက ကြယ်ပွင့်လေးတွေလို့ သဘောထားပြီး သူ့ရဲ့ ကောင်းကင်မှာ လင်းလက်နေတဲ့ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်းကပဲ ဆက်လက်ကြိုးစားသွားမှာပါလို့ ဆိုခဲ့ပါသေးတယ်။
ဒါကတော့ လူငယ်ဂီတ ငွေကြယ်ပွင့်အမွန်းရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု တစ်စိတ်တစ်ပိုင်းပါ။ ရာစုနှစ်ရဲ့ လေးပုံတစ်ပုံကို ဝါသနာပါရာ ဂီတသံစဉ်တွေနဲ့ ဖြတ်သန်းပုံဖော်နေခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ တက်ကြွမှုနဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ခံစားဖတ်ရှုနိုင်ရင်း နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာ ကြယ်ပွင့်ရဲ့ ငယ်ဘဝဖြတ်သန်းမှုကို တင်ပြခွင့် ရရှိမယ်ဆိုတာ စောင့်မျှော်ပေးကြပါဦးလို့။                                    

Most Read

Most Recent