အသေးစား စီးပွားရေး များမှသည်...

အသေးစား စီးပွားရေး များမှသည်...
Published 13 January 2016
■ အေးမြတ်မွန်

နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ စီးပွားရေး အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးနိုင်တာအပေါ် မူတည်ပြီး တိုးတက်လာတာ ဖြစ်ပါတယ်။ စီးပွားရေး အခွင့်အလမ်းများစွာ ဆိုတဲ့ နေရာမှာ ကြီးပွားပြီးသား လူတွေကို ထပ်ကြီးပွားအောင် အခွင့်အရေးပေးနေတာမျိုး မဟုတ်ဘဲ အသေးစား စီးပွားရေး လုပ်ငန်းလေးတွေကို အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာအောင်၊ စီးပွားရေး အခြေအနေ တိုးတက်လာအောင် ထောက်ပံ့ပေးတာမျိုးက ပိုမို ဖွံ့ဖြိုးတဲ့ အနာဂတ် တိုင်းပြည်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။အခု မြန်မာနိုင်ငံမှာ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများစွာ အပါအဝင် စွန့်ဦးတီထွင် အသေးစား စီးပွားရေး လုပ်ငန်းတွေ ဦးမော့လာတဲ့ အနေအထားကို တွေ့လာရပါတယ်။ဒါပေမဲ့ လက်ရှိ အသေးစားလုပ်ငန်း လုပ်ကိုင်နေကြတဲ့သူ တော်တော်များများမှာ အခက်အခဲ ဖြစ်နေတာ တစ်ခုက လုပ်ငန်းစတင်ဖို့ အကြံဉာဏ် စိတ်ကူးလည်းရှိတယ်၊ လုပ်ငန်းလည်း ရှိပါလျက် ထပ်တိုးချဲ့ဖို့ အရင်းအနှီး မရှိတာက အဓိက ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ရတဲ့ အနေအထား တစ်ခုကနေ စီးပွားရေးကို အစပြု ဦးမော့လာအောင် လုပ်ဆောင်နေကြတဲ့ မြန်မာ့အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်ပေါင်း များစွာအတွက် နိုင်ငံတော်က ချေးငွေချပေးတာ၊ နိုင်ငံတကာက ပေးအပ်တဲ့ ချေးငွေကို မြန်မာနိုင်ငံအတွက် Two Steps Loan နဲ့ ချေးနေတာတွေ ရှိနေပေမယ့် အရင်းအနှီး စတင်ဖို့ လိုအပ်နေသေးတဲ့ စွန့်ဦးတီထွင်လိုသူ၊ အသေးစား လုပ်ငန်းရှင်တွေ အတွက်တော့ ချေးနိုင်ဖို့ရာ အခက်အခဲ ဖြစ်နေပါသေးတယ်။“ကျွန်တော့်မှာက လုပ်ငန်းစပြီးသား ရှိတယ်။ ဒါပေမဲ့ ထပ်ချဲ့ဖို့ အတွက်က ငွေချေးဖို့ ဘဏ်ကိုလျှောက်တော့ ဘဏ်ကလိုအပ်တဲ့ လုပ်ငန်း အဆင့်ဆင့်ပေါ့။ အိမ်ပိုင်ဆိုင်ကြောင်း၊ မြေကွက်ပိုင်ဆိုင်ကြောင်းတွေ လိုတယ်။ နောက်ပြီး အဆင့်ဆင့် လုပ်ဆောင်ရတာတွေ အရမ်းများတယ်။ ကျွန်တော်တို့မှာက အဲဒီလောက် ပိုင်ဆိုင်မှု အရမ်းမများလို့ လုပ်ငန်းကိုတောင်မှ လူနှစ်ယောက်၊ သုံးယောက် မပြည့်သေးတဲ့ အနေအထားကနေ စနေရတာပါ။ အဲဒီလို မရတော့ လုပ်ငန်းချဲ့ဖို့ကို အပြင်ကနေ ချေးရင် အတိုး အရမ်းများပြီး အတိုးမှန်မှန်ပေးဖို့ပဲ စဉ်းစားနေရတော့ လုပ်ငန်း တိုးတက်ဖို့ကို အာရုံမစိုက်နိုင်ဘဲ ဖြစ်နေတာကြောင့် အစိုးရအနေနဲ့က အသေးစား လုပ်ငန်းတွေကို တကယ်ထိရောက်တဲ့ ငွေအရင်းအနှီး ချေးပေးတဲ့ ပုံစံမျိုးအပြင် တချို့အချက်တွေကို ဖြေလျှော့ပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်” လို့ တာမွေမြို့နယ်အတွင်း ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုဇေယျာသောင်းက ပြောပြပါတယ်။အသေးစား လုပ်ငန်းတွေကို ထိရောက်တဲ့ ပံ့ပိုးမှုမျိုး ပေးဖို့အတွက် စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်နဲ့ အာမခံ လုပ်ငန်းကနေ လုပ်ဆောင်နေတဲ့ ချေးငွေအာမခံ ဆိုတာ ရှိပါတယ်။ အဲဒါက အပေါင်ပစ္စည်းမဲ့၊ အပေါင်ပစ္စည်းရှိဆိုတဲ့ အပေါင်ပစ္စည်းပေါ် မူတည်ပြီး  ချေးငွေ ချေးပေးသွားမှာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကျော် ကြာပြီးတဲ့အထိ အကောင်အထည်ဖော်နိုင်ခဲ့တာ မရှိသေးပါဘူး။လက်ရှိမှာတော့ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေအတွက် ငွေကြေးချေးပေးနေတာက အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် ရှိနေပါတယ်။ ဒါပေမဲ့လည်း တကယ့် တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေ၊ အသေးစား လုပ်ငန်းတွေအတွက်ကျတော့ အပေါင်ပစ္စည်းပြဖို့ အဆင်မပြေတာကြောင့် ချေးယူနိုင်ခြင်း မရှိသေးပါဘူး။မြန်မာ့ဈေးကွက်မှာ အသေးစား စီးပွားရေး လုပ်ငန်းများစွာ ပေါ်ထွက်လာပါပြီ။ လက်မှုပစ္စည်း အသေးစားလေးတွေ ထုတ်လုပ်တာ အပါအဝင် မြန်မာ့ထွက်ကုန်များကို ဆန်းသစ်အောင်ပြုလုပ်ပြီး မြန်မာ့ရိုးရာမပျက် တီထွင်ဖန်တီး လာကြတာမျိုးတွေကိုလည်း တွေ့ရပါတယ်။“ဘယ်စီးပွားရေး လုပ်ငန်းကို လုပ်သည်ဖြစ်စေ စဉ်းစားရမှာက ဈေးကွက်ကို အမြဲတမ်း မျက်ခြည်မပြတ် ဖြစ်နေဖို့။ နောက်ပြီး အမြဲ တီထွင်ဆန်းသစ်နေဖို့ပါပဲ။ ဘယ်သွားသွား၊ ဘာစားစား၊ ငါသာဆိုရင် ဒါကို ဘယ်လိုလေး လုပ်လိုက်မယ်၊ ဘယ်လိုကောင်းအောင် ဆက်လုပ်လိုက်မယ် ဆိုတာမျိုး အမြဲ စဉ်းစားနေမယ်။ နောက် ကိုယ့်ပြိုင်ဘက်တွေကိုကြည့်ပြီး ကိုယ်ကသာအောင် လုပ်နေမယ်ဆိုရင် ဈေးကွက်က ကျယ်ပြန့်လာပြီး လုပ်ငန်း တိုးတက်လာမှာပါ” လို့လည်း စီမံခန့်ခွဲမှု အပါအဝင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအတွက် စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကို ပို့ချပေးနေသူ တစ်ဦးဖြစ်တဲ့ Strategy First Institute မှ ကျောင်းအုပ်ဖြစ်သူ ဆရာဦးအောင်ချစ်ခင်က လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့အတွက် ပြောပြခဲ့ပါသေးတယ်။ကျွန်မတို့နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းပေါင်း ၁၂၀,၀၀၀ ကျော် ရှိနေပါတယ်။ နိုင်ငံ့စီးပွားရေးရဲ့ ၉၉ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ အများစု လိုအပ်ချက်က နည်းပညာပါ။“တခြားနိုင်ငံတွေမှာဆိုရင် သူတို့က အပေါ်ယံ ဘူးခွံ၊ Packing ကို တော်တော် သေသေသပ်သပ် လုပ်ကြတယ်။ နောက်ပြီး တီထွင်မှုကလည်း အားကောင်းတယ်။ ကျွန်မတို့ဆီမှာက ထုတ်ကုန်ကွာလတီ အရမ်းကောင်းတယ်။ သို့သော် Packing အတွက် နည်းပညာဟာ ပြည်တွင်းမှာ အားနည်းနေသေးတာကြောင့် ထုပ်ပိုးမှု အပိုင်းမှာ ကိုယ်နိုင်သလောက်ကို ပြည်ပကနေ လှမ်းမှာရတယ်။ အဲဒီ အခက်အခဲကလည်း အခုမှ ကိုယ်ပိုင်လမ်းကြောင်းထွင်ပြီး လုပ်ငန်းစလုပ်တဲ့ လုပ်ငန်းသေးလေးတွေအတွက် အခက်အခဲတစ်ခု ဖြစ်နေပါသေးတယ်” လို့ မြန်မာ့ရိုးရာ စားသောက်ကုန်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ မနွယ်နီဝင်းက သူ့လုပ်ငန်းနဲ့ ပတ်သတ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြခဲ့ပါတယ်။ဒါကြောင့် မြန်မာ့စီးပွားရေးရဲ့ အဓိက ယက်မဖြစ်တဲ့ အသေးစား စီးပွားရေး လုပ်ငန်းများမှသည် နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်နိုင်အောင် တီထွင်ဖန်တီး ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်များ ထွက်ရှိရာ အနာဂတ် မြန်မာနိုင်ငံကို မျှော်မှန်းရင်း...။

Most Read

Most Recent