ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဇန်နဝါရီ ၉ ရက်က နေပြည်တော်၌ စတင်ကျင်းပခဲ့သည်။အဆိုပါ အစည်းအဝေးတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးအဖွဲ့၏ ဆုံးဖြတ်ချက်များကို အတည်ပြုသွားမည်ဖြစ်ရာ ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်ရှိ MICC 2 ၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးမည့်ကဏ္ဍ ငါးရပ်မှခေါင်းစဉ်ငါးခုအား ဆက်လက် အတည်ပြုနိုင်ရေး ဆွေးနွေးနေခြင်း ဖြစ်သည်။“မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ သမိုင်းမှာ တစ်ဖက်သတ် မဟုတ်ဘဲ အားလုံး ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ တစ်ခုတည်းသော ငြိမ်းချမ်းရေးညီလာခံကို ကောင်းသည်ထက် ကောင်းအောင်၊ အောင်မြင်သည်ထက် အောင်မြင်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြပါလို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်”ဟု အစိုးရကိုယ်စားလှယ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ညှိနှိုင်းတဲ့နေရာမှာ အချိန်ပေးခဲ့ရသလို လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာလည်း အခက်အခဲတွေ၊ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့နိုင်ငံရဲ့တကယ့်လိုအပ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အစုအဖွဲ့အသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒီနေ့အထိ စာချုပ်မှာပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီနေ့ အစည်းအဝေးက လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် နောက်ဆုံး ညှိနှိုင်းတဲ့အစည်းအဝေး ဖြစ်ပါတယ်။ ဒီနေရာမှာ လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်၊ ၇ ရက်တုန်းက ကျွန်တော်တို့ UPDJC အတွင်းရေးမှူးတွေရဲ့ ဒီညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အချက်အလက်တွေကို ပြင်ဆင်မှုအပေါ်မှာ ကျွန်တော်တို့ ဒီ UPDJC အစည်းအဝေးကနေ အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် မြန်မာနိုင်ငံသမိုင်းတွင် မရှိခဲ့သည့် ညီလာခံဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှင့် နိုင်ငံတော်အစိုးရအကြား ဖြစ်ပွားလာခဲ့သည့် ပဋိပက္ခချုပ်ငြိမ်းပြီး နိုင်ငံအတွင်းရှိသည့် တိုင်းရင်းသားပြည်သူအားလုံး၏ ရှေ့အနာဂတ် ကောင်းမွန်ရန်အတွက် ကြိုးစားဆောင်ရွက်မှု အဓိကလိုအပ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရန် UPDJC အတွင်းရေးမှူးအဖွဲ့က ဆုံးဖြတ်ခဲ့သည်များမှာ (၁) နိုင်ငံရေးဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများ (ဒီမိုကရေစီပြည်ထောင်စု နိုင်ငံဆိုင်ရာ ကိစ္စရပ်များ) (၂) လူမှုရေးပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ (၃) စီးပွားရေးအခွန်ကောက်ယူခြင်း နှင့် ပြန်လည်ခွဲဝေခြင်း (၄) လုံခြုံရေးနိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့် မူများ၊ (၅) မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ စသည်တို့ဖြစ်သည်။ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စတုတ္ထအကြိမ် အစည်းအဝေးအား ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး နေပြည်တော်၌ ပြုလုပ်















