ပြည်နယ်အဆင့် အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ရှမ်းပြည်နယ်တွင် ဖွဲ့စည်းပြီးပါက ကရင်ပြည်နယ်၌ ဆက်လက်ဖွဲ့စည်းမည်

ပြည်နယ်အဆင့် အပစ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ရှမ်းပြည်နယ်တွင် ဖွဲ့စည်းပြီးပါက ကရင်ပြည်နယ်၌ ဆက်လက်ဖွဲ့စည်းမည်
Published 8 January 2016
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းမှုကို ရှမ်းပြည်နယ်၊ ခိုလန်မြို့တွင် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ဖွဲ့စည်းပြီးပါက ကရင်ပြည်နယ်၌ ဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC(U)) ၏ တတိယအကြိမ် အစည်းအဝေးတွင် ၎င်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က “ကျွန်တော်တို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC(U)) ကနေပြီးတော့မှ ရှမ်းပြည်နယ်ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC(U)) ကိုလည်း ကျွန်တော်တို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ခိုလန်မှာ သွားရောက်ပြီးတော့ ဖွဲ့စည်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ JMC(U) ဖွဲ့စည်းပြီးလို့ရှိရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များ၊ နှစ် ဘက်တပ်တွေ လေးစားလိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းတွေ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ၊ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်ရဲ့ လုပ်ငန်းလမ်းညွှန်ပါ အချက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်ပါ အချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဆင့်ဆင့်တွင် ပါဝင်သည့် ကော်မတီဝင်များ အနေဖြင့် စာချုပ်ပါ နှစ်ဖက်တပ်များ လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းလမ်းညွှန်များကို သိရှိနားလည်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။“ပြီးတော့မှ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကိုလည်း တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ ရှမ်းပြည်နယ် ပြီးလို့ရှိရင် တစ်ဆက်တည်းမှာပဲ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဆက်လက်ပြောကြားသည်။၏အစိုးရ၊ လွှတ်တော်၊ တပ်မတော် အရာရှိများနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် အရပ်သားများ ပါဝင်သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဖွဲ့စည်းထားရာ အစိုးရတပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကရင်အမျိုးသား အစည်းအရုံး (ုKNU) မှ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ်လည်းကောင်း၊ အရပ်သား ကိုယ်စားလှယ် ဦးပြည့်စုံက ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ်လည်းကောင်း တာဝန်ယူထားကြောင်း သိရသည်။ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (ရှမ်းပြည်နယ်) ဖွဲ့စည်းပြီးပါက ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာ တပ်များနှင့် ညှိနှိုင်းပြီး တပ်နေရာ ချထားရေးများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။တပ်နေရာ ချထားရေးနှင့် နယ်မြေသတ်မှတ်ရေးများ ဆောင်ရွက်ရာတွင် အခက်အခဲရှိမည် ဖြစ်သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီချက်များကို လက်တွေ့ကျင့်သုံး ညှိနှိုင်းပါက ပြဿနာများ ဖြေရှင်းနိုင်မည်ဟု NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောကြားထားသည်။ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းလမ်းညွှန်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ဖွဲ့များသည် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် မိမိတို့ လက်နက်ကိုင် တပ်ဖွဲ့များ နေရာပြန်လည် ချထားခြင်းနှင့် စပ်လျဉ်း၍ နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် ဆက်သွယ်မှု မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှု နည်းလမ်းများ ရယူလျက် ချက်ချင်း ဆောင်ရွက်ရန်၊ လက်နက်ကိုင် အဖွဲ့များ နေရာချထားရေး သတ်မှတ်ရာတွင် ထိပ်တိုက်ထိတွေ့ ရင်ဆိုင်မှု မဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန်၊ နှစ်ဖက်ညှိနှိုင်းဆဲနှင့် လက်နက်ကိုင် အဖွဲ့များ နေရာချထားရန် ခက်ခဲနေဆဲ ဒေသများတွင် နှစ်ဖက်တပ်မှူးများ ပုံမှန်အဆက်အသွယ် ပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်သွားရန်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား သတ်မှတ်နေရာများတွင်သာ ထားရှိရန်၊ နှစ်ဖက်တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် တပ်စခန်းများ၏ အရေအတွက်ကို ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ တပ်စခန်းနှင့် နယ်မြေတစ်ခုနှင့် တစ်ခုအကြား ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးအတွက် တစ်ဖက်နှင့်တစ်ဖက် သဘောတူ စာချုပ်ကို အခြေခံ၍ နှစ်ဖက်ညှိနှိုင်းကြရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent