တိုင်းပြည်၏ သယံဇာတ ရောင်းချရငွေများကို နိုင်ငံတိုးတက်အောင် မလုပ်ဘဲ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ဆုံးရှုံးမှုသာဖြစ်ခဲ့ပြီး ပြည်သူများ ဒုက္ခကြုံနေရ၍ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးရန် KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး တိုက်တွန်း

တိုင်းပြည်၏ သယံဇာတ ရောင်းချရငွေများကို နိုင်ငံတိုးတက်အောင် မလုပ်ဘဲ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ဆုံးရှုံးမှုသာဖြစ်ခဲ့ပြီး ပြည်သူများ ဒုက္ခကြုံနေရ၍ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးရန် KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး တိုက်တွန်း
Published 7 January 2016
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

တိုင်းပြည်၏ သယံဇာတရောင်းချရငွေများကို နိုင်ငံတိုးတက်အောင် မလုပ်ဘဲ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့မှုများကြောင့် ဆုံးရှုံးမှုသာဖြစ်ခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခကြုံနေရ၍ ငြိမ်းချမ်းရေးရရှိအောင် ဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဇန်နဝါရီ ၇ ရက် တွင် ပြောကြားသည်။
 
ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တတိယအကြိမ် အစည်းအဝေး ပထမနေ့တွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ အစည်းအဝေးသို့ အစိုးရတပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် အောင်ကျော်ဇော၊ ဗိုလ်ချုပ် မင်းနောင်၊ ဗိုလ်ချုပ် အောင်စိုး၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့ တက်ရောက်ခဲ့ပြီး အစိုးရကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
 
ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက “လွန်ခဲ့တဲ့ သမိုင်းကြောင်းလေးတွေ နည်းနည်းပြောပြချင်ပါတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ လောက်က ဖြစ်မယ်နဲ့ တူပါတယ်။ ကျွန်တော်တို့ကလည်း လူငယ်အချိန်မှာပေါ့။ အဲဒီအချိန်မှာပေါ့။ အဲဒီအချိန်မှာတော့ ကျွန်တော် သိသလောက်ကတော့ အဲဒီမှာ လက်နက်ကြီးတွေဆိုရင် ၁၂၀ ဆိုရင် ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးတဲ့ဟာပေါ့။ ခံခဲ့ဖူးတဲ့ ဟာတွေပေါ့။ အဲဒီအချိန်မှာ ကျွန်တော်သိတာကတော့ ကျည်တစ်လုံး ထွက်သွားလို့ရှိရင်  ဆန်ဆယ်အိတ်လား၊ ခုနစ်အိတ်လား တစ်လုံးထွက်သွားတိုင်း ခုနစ်အိတ် ဆယ်အိတ်၊ ခုနစ်အိတ် ဆယ်အိတ်။ အဲဒီလိုပေါ့။ ကျွန်တော်တို့ဘက်ကလည်း အထိအခိုက် နည်းအောင်ဆိုပြီး ကျွန် တော်တို့ ဘူဒိုဇာအဟောင်းကြီးတွေဝယ်။ ဝယ်ပြီးတော့ သံပြားတွေကပ်၊  ကပ်ပြီးတော့ မထိအောင်ပေါ့လေ။ ထိလို့ရှိရင်လည်း မပေါက်အောင်ပေါ့။ အဲဒီတော့ ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တော့ အထိခိုက်ရှိလား မရှိလား အကျအဆုံးများလား မများလားတော့ မသိဘူး။ အဲဒီသံပြားကပ်တဲ့ တရုတ်ကတော့ သူဌေးကြီးဖြစ်သွားတယ်။ အစိုးရဘက်ကလည်း ဘယ်လောက်ကုန်ကျမလဲ မသိဘူးပေါ့” ဟု ပြောကြားသည်။
 
ဆက်လက်၍ ၎င်းက “နောက်ပိုင်းမှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ခံယူချက်ခေါ်မလား ကျွန်တော်တို့ရဲ့ အယူအဆခေါ်မလား ကျွန်တော်တို့ကလည်း ဒါကို အစိုးရတပ်လာမယ်ဆိုရင် ခုခံနိုင်အောင် တိုက်ခိုက်နိုင်အောင်ဆိုပြီး သစ်ပင်တွေကို ခုတ်ရောင်း၊ သစ်ပင်တွေခုတ်ပြီး ရောင်းတဲ့အခါကျတော့ အမြစ်ပါ ထုတ်ရောင်း၊ ရောင်းတဲ့အခါကျတော့ ဝယ်၊ ဝယ်ပြီးတော့ ဝယ်လို့ရတဲ့အခါလည်း ဝယ်။ ဝယ်လို့မရတဲ့ အခါကျလည်း အကြံအဖန်လုပ်ပြီးတော့ ခုခံစစ်ပေါ့လေ။ ပြန်ခံပြီး တိုက်တဲ့အပိုင်းတွေ ပေါ့လေ။ 
တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ဒီတိုင်းပြည် သယံဇာတပဲပြောပြော ဒါတွေကို ကျွန်တော်တို့က ဝိုင်းရောင်းချတယ်။ ရောင်းပြီးတော့ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းပဲ ပြန်ပြီးတော့ သတ်ဖြတ်နေကြတဲ့အဆင့် ဒီလိုပဲဖြစ်ကြတယ်လေ။  ပြောမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်က တွေ့ဖူးကြတာ မဟုတ်ဘူး။ မတွေ့ဖူးကြဘဲနဲ့ တကယ့်ရန်သူကြီးလို  တစ်ယောက်နဲ့ တစ်ယောက်က တိုက်ခိုက် သက်ဖြတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် တော်တော်လေးကို ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော်တို့ ဒီရလာတဲ့ ဘဏ္ဍာငွေတွေဟာ ကျွန်တော်တို့တိုင်းပြည်အတွက် တိုးတက်ရာတိုးတက်ကြောင်း လုပ်ဖို့နေရာမှာ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းတွေ သတ်ဖြတ်နေရတာနဲ့ ဒီဟာတွေဟာ အကုန်လုံးပဲ ဆုံးရှုံးသွားတာပေါ့နော်။ 
ဒါတွေဟာ ကျွန်တော်တို့တိုင်းပြည် တိုးတက်ဖို့နဲ့ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေ အကုန်လုံး ခံစားနိုင်ဖို့ ကျွန်တော်တို့က အ ပြည့်အ၀ မလုပ်နိုင်ဘူး။ တစ်ပိုင်းမှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း ပြောမယ်ဆိုရင် ကျွန်တော်တို့အတွက် လိုချင်တဲ့ဟာ ဖြစ်ချင်တဲ့ဟာတွေကိုပဲ ကျွန်တော်တို့က ထိပ်တန်းတင်တဲ့ အခါကျတော့ တိုင်းပြည်မှာ ဖြစ်သင့်ဖြစ်ထိုက်တာ တိုင်းပြည်မှာ လိုအပ်တဲ့ဟာတွေကို ကျွန်တော်တို့က ဒုတိယနေရာမှာ ထားတဲ့အခါကျတော့ ကျွန်တော်တို့ ပဋိပက္ခတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတာပေါ့။ အဲဒီလို ဖြစ်ပွားနေတဲ့အခါ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် ဆုံးရှုံးမှုတွေကပဲ များတယ်။ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရတပ်ဘက်ကပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကပဲ ဖြစ်ဖြစ် အသေအပျောက်တွေ ရှိတယ်။ မုဆိုးမတွေ ပြောမယ်ဆိုရင် မိဘမဲ့တွေများလာတာ ရှိတယ်။ လူတွေ ဆင်းရဲဒုက္ခနဲ့ပဲ ကြုံလာရတာရှိတယ်။  ကျွန်တော်တို့ကနေ ဒီကနေပြီး တစ်ဆင့်တက်ဖို့ဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့လိုချင်တာထက် လိုအပ်ချက်တွေကို အဓိကထားပြီးတော့ ရှေ့ဆက်ပြီးတော့ ပူးပေါင်းပြီးတော့ ငြိမ်းချမ်းရေးရရှိအောင်လို့ သယ်ဆောင်သွားမယ်ဆိုတာကို အဓိကထားပြီး ဆွေးနွေးရမှာ ဖြစ်တယ်”ဟု ပြောကြားသည်။
 
အားလုံးလိုလားသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရန် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရမည့် အနေအထားတွင် တိုက်ပွဲများ မဖြစ်အောင် လုပ်ဆောင်ရန်အတွက်  ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် ကြီးမားသည့် တာဝန်ရှိကြောင်း၊ အခက်အခဲများစွာ ရှိသည်ဟုလည်း ယူဆကြောင်း၊ ပဋိပက္ခများ ပေါ်လာပါက လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာဖြေရှင်းရန် လိုအပ်ကြောင်း၊ ဖြစ်လာသည့် ပဋိပက္ခအပေါ် တစ်ယောက်နှင့်တစ်ယောက် အပြစ်ရှာသည့်ပုံစံဖြင့် မဟုတ်ဘဲ ဖြစ်လာသည့် အကြောင်းရင်းခံကို တားဆီးပြီး နောင် ဆက်လက်မဖြစ်ပေါ်လာအောင် အဖြေရှာနိုင်ရန် အဓိကလိုအပ်ဟု  ၎င်းက ဆိုသည်။
 
“ဘယ်လိုပဲ စာချုပ်တွေဟာ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ အဓိကကျတာက စာချုပ်ထိုးပြီး ကတိကဝတ်ပြုတဲ့သူတွေ ကျွန်တော်တို့ ဒီစာချုပ်ကို အကောင်အထည်ဖော်တဲ့သူတွေက တကယ်အဓိက ကျပါတယ်။ ကျွန်တော်တို့ စိတ်ထားမှန်မှန် စေတနာမှန်မှန်နဲ့ ကတိကဝတ်အတိုင်း လိုက်လျှောက်ဖို့က တကယ့်ကို အဓိကကျပါတယ်။ အဲဒီဟာက ကျွန်တော်တို့က ခံယူပါတယ်။ ဒါကိုတော့ တကယ်လည်းဖြစ်အောင် လုပ်မယ်။ ဆက်ပြီးတော့လည်း ကြိုးစားသွားကြမယ်” ဟု ၎င်းက ပြောကြားသည်။ ပြည်ထောင်စုအဆင့် JMC  ကို အစိုးရတပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အရပ်သားကိုယ်စားလှယ်စသည်တို့မှ ကိုယ်စားလှယ် ၂၆ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ရာ ဥက္ကဋ္ဌမှာ အစိုးရတပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁)မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ် KNU မှ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးနှင့် ဒုတိယ ဥက္ကဋ္ဌ (၂) မှာ အရပ်သားကိုယ်စားလှယ် ဦးပြည့်စုံ တို့ဖြစ်ကြောင်း သိရသည်။
 
 
 
 

Most Read

Most Recent