တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှုကို မဖော်ဆောင်နိုင်သရွေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အနှစ်သာရ ကင်းမဲ့နေမည်ဟု NCA မပါဝင်သေးသည့် အဖွဲ့များဖြင့် စုဖွဲ့ထားသည့် UNFC သုံးသပ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှုကို မဖော်ဆောင်နိုင်သရွေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အနှစ်သာရ ကင်းမဲ့နေမည်ဟု NCA မပါဝင်သေးသည့် အဖွဲ့များဖြင့် စုဖွဲ့ထားသည့် UNFC သုံးသပ်
Published 7 January 2016
အောင်ဇော်ထွန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှုကို မဖော်ဆောင်နိုင်သရွေ့ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆိုသည်မှာ အနှစ်သာရ ကင်းမဲ့နေဦးမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သုံးသပ်မှု ပြုလုပ်ခဲ့သည်။
UNFC ၏ NCA နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို သုံးသပ်ထားသည့် သုံးသပ်မှုများနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့ပြီး UNFC နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ ဆွေးနွေးပွဲဖြစ်စဉ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် UPWC တို့အကြား ဆွေးနွေးပွဲ ဖြစ်စဉ်များကို အသေးစိတ်ရေးသား ဖော်ပြခဲ့သည်။
UNFC ၏ သုံးသပ်မှုတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့အကြား လက်မှတ်ရေးထိုးသော NCA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အတူတကွ ပါဝင်လက်မှတ် ရေးထိုးရန် ဆိုသည့်အချက်နှင့် ကိုက်ညီမှု မရှိကြောင်း၊ ယင်းအပေါ် အခြေခံပြီး ဖြစ်တည်လာသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဆိုသည်မှာလည်း အားလုံးပါဝင်မှုကို မဖော်ဆောင်နိုင်သရွေ့ အနှစ်သာရ ကင်းမဲ့နေဦးမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် ထိုးစစ်ဆင်နေပြီး တစ်ဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ပြနေမှုသည် တိုင်းပြည်၏ စစ်မှန်တရားမျှတ၍ ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေး မဟုတ်ကြောင်း၊ ယင်းအခြေအနေတွင် ဒီမိုကရေစီ မထွန်းကား နိုင်သလို စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကိုလည်း တည်ဆောက်နိုင်မည် မဟုတ်ကြောင်း ရေးသားဖော်ပြထားသည်။
UNFC ကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး မူလက အဖွဲ့ ဝင် အဖွဲ့အစည်း ၁၂ ဖွဲ့ရှိရာ ၂၀၁၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်ခဲ့သည့် NCA လက်မှတ်ထိုးပွဲတွင် ပါဝင်လက်မှတ် ထိုးခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့အား UNFC က အဖွဲ့ဝင်အဖြစ်ပါဝင်မှု ယာယီရပ်ဆိုင်းခြင်း ပြုလုပ်ခဲ့သည်။
UNFC အဖွဲ့ဥက္ကဋ္ဌမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး UNFC ၏ လက်ရှိအဖွဲ့ဝင် အဖွဲ့အစည်းကိုးဖွဲ့မှာ KIO/KIA၊ NMSP၊ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ရခိုင်အမျိုးသားကောင်စီ (ANC)၊ ကိုးကန့်အဖွဲ့(MNDAA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊   ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ဖြစ်ကြောင်း သိရသည်။
       

Most Read

Most Recent