စစ်ဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိစ္စကို ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးရန် ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူး အဖွဲ့အစည်းအဝေး ဒုတိယနေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ စသည့်အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ် သုံးဦးစီဖြင့် စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားသော UPDJC အတွင်းရေးမှူးအဖွဲ့၏ ဆုံးဖြတ်မှုများကို ဇန်နဝါရီ ၉ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ၄၈ ဦးပါ UPDJC အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးနိုင်ငံလင်းက “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပမယ်ဆိုတာ အဓိက ဆွေးနွေးခဲ့တာ။ ဆွေးနွေးတဲ့အခါမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးမလဲဆိုတာပါ။ အစည်းအဝေးက အတည်ပြုတာ ရှိတယ်။ ဒါပေမဲ့ UPDJC အစည်းအဝေးမှာ ပြန်ပြီးတော့ အတည်ပြုချက် ယူရမှာပါ” ဟု ပြောကြားသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ပုံစံ၊ ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ ညီလာခံတွင် တက်ရောက်ရန် ဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်များနှင့် ညီလာခံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းလမ်းညွှန်များကို အတည်ပြု ဆွေးနွေးနိုင်ခဲ့သည်ဟု အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့ Myanmar Peace Center က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းကျော်ညွန့်က “ လောလောဆယ် အထွေထွေကဏ္ဍကို မဆွေးနွေးဘဲ ဖယ်လိုက်မယ်ဆိုရင် အကြောင်းအရာကဏ္ဍကြီး ငါးခု ကျန်ပါတယ်။ အဲဒီ ကဏ္ဍငါးခုမှာ ကဏ္ဍတစ်ခုကို အကြောင်းအရာတစ်ခုကိုပဲ ဆွေးနွေးမယ်ဆိုတဲ့ ပုံစံနဲ့ စဉ်းစားထားတယ်။ နိုင်ငံရေးကဏ္ဍမှာဆိုရင် ဖက်ဒရယ်ကို အခြေခံသင့်သော မူဝါဒများပေါ့။ လူမှုရေးကဏ္ဍမှာတော့IDP တွေရဲ့ကိစ္စပေါ့။ ပြန်လည်နေရာချထားရေးတို့ ဘာတို့ပေါ့။
စစ်ဘေးတိမ်းရှောင်တို့ ဘာတို့ပေါ့။ IDP ကိစ္စ အဲဒီကိစ္စ ဆွေးနွေးမယ်။ နောက်ပြီး စီးပွားရေးအပိုင်းမှာတော့ အခွန်ကောက်ယူခြင်းနဲ့ ခွဲဝေဆွေးနွေးခြင်းဆိုတဲ့ အပိုင်းပေါ့။ နောက်ပြီးတော့ လုံခြုံရေးကဏ္ဍမှာတော့ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများတွင် အခြေခံသင့်သည့်မူများ အဲဒါကို ဆွေးနွေးမယ်။ နောက်ဆုံး မြေယာနဲ့ သဘာဝသယံဇာတကိစ္စမှာတော့ မြေယာကို ချန်ထားပြီးတော့ သယံဇာတခွဲဝေရေးကိစ္စကို ဆွေးနွေးမယ်”ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ ကဏ္ဍအလိုက် လူတွေခွဲပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးချက်တွေကို မှတ်တမ်းတင်ထားမယ်။ အကြောင်းအရာ တူညီနေတယ်ဆိုရင် ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်လိုဆွေးနွေးထားတယ်။ ဒါပေမဲ့ ဘာမှဆုံးဖြတ်ချက်ချမှာလည်း မဟုတ်ပါဘူး။ ဆွေးနွေးချက်တွေ အကြမ်းဖျင်း အနှစ်ချုပ်ကို ထုတ်ပြီးတော့ အခု ပထမအကြိမ် ညီလာခံမှာ ဒီအကြောင်းအရာတွေကို ဒီလိုဆွေးနွေးထားတာ ရှိပါတယ်ဆိုတဲ့ ပုံစံနဲ့ပဲ ပြီးသွားမယ့်သဘော ရှိပါတယ်” ဟု ပြောကြားသည်။
စစ်ဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးကိစ္စ ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့အစည်းအဝေး ဆုံးဖြတ်















