‘ကိုတင့်တို့ ရပ်ကွက်ထဲမှာဗျာ’ ကာတွန်းဇာတ်ကောင်၏ ဖန်တီးရှင် ကာတွန်းကိုရွှေထူး (ပြည်) ၏ငယ်ဘဝဖြတ်သန်းရာ

‘ကိုတင့်တို့ ရပ်ကွက်ထဲမှာဗျာ’ ကာတွန်းဇာတ်ကောင်၏ ဖန်တီးရှင် ကာတွန်းကိုရွှေထူး (ပြည်) ၏ငယ်ဘဝဖြတ်သန်းရာ
Published 7 January 2016
လင်းလင်းခိုင်

ကာတွန်းဆိုတာ ကလေးငယ်လေးတွေရဲ့ နေ့စဉ်ဘဝကို အဖော်ပြုပေးနေကြတဲ့ မိတ်ဆွေ ကောင်းတွေဖြစ်သလို ပြည်သူတွေကြားထဲက အဖြစ်အပျက်တွေ၊ အခက်အခဲတွေ၊ ဖိနှိပ်ခံရမှုတွေကို အနုပညာ ဖန်တီးမှုတစ်ခုအနေနဲ့  မှန်ကန်စွာ ထင်ဟပ်ပြသနိုင်တဲ့ အရာလို့ဆိုရမှာပါ။ ဒီလိုကာတွန်း အမျိုးအစားများစွာရှိတဲ့အထဲက ရုပ်ပြကာတွန်း အမျိုးအစားတွေ ရေးဆွဲပြီး ‘ကိုတင့်တို့ ရပ်ကွက်ထဲမှာဗျာ’ ဆိုတဲ့အောင်မြင်တဲ့ ကာတွန်းဇာတ်ကောင်ကို ဖန်တီးမွေးထုတ်နိုင်ခဲ့တဲ့ ကာတွန်းကိုရွှေထူး(ပြည်)ရဲ့ငယ်ဘဝဖြတ်သန်းမှုနဲ့ ကာတွန်းဆရာတစ်ယောက်အဖြစ် ဖြတ်သန်း လျှောက်လှမ်းလာခဲ့ပုံတွေကို ဒီတစ်ပတ်မှာတော့ တင်ပြပေးချင်ပါတယ်။                            
ကာတွန်းကိုရွှေထူး(ပြည်)ကို ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှာ ပြည်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ အောင်ထူးဖြစ်ပြီး ကလောင်နာမည်ကို ကိုရွှေထူး(ပြည်)လို့ ပေးထားခဲ့တာပါ။ မွေးချင်းသုံးယောက် ရှိတဲ့အနက် အကြီးဆုံးသား ဖြစ်ပါတယ်။  ငယ်စဉ်ဘဝမှာကတည်းက ပန်းချီရေးဆွဲတာ ဝါသနာပါပြီး အားလပ်ချိန်တိုင်းမှာ ရုပ်ပုံတွေ ရေးဆွဲနေလေ့ရှိသူ တစ်ယောက်ပါ။ ဖခင်ဖြစ်သူက ပန်းထိမ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူဆီကလည်း ရုပ်ပုံရေးဆွဲနည်းတွေကို သင်ယူခဲ့တယ်လို့ဆိုပါတယ်။

‘‘ငယ်စဉ်ကတည်းက ရုပ်ပုံတွေရေးဆွဲရတာ အရမ်းဝါသနာပါတယ်။ အိမ်က မြေစိုက်အိမ်လေး ဆိုတော့ အချိန်တိုင်းလိုလို မြေကြီးပေါ်မှာ သံချောင်းတစ်ချောင်းနဲ့ ပုံဆွဲနေတာများတယ်။ ကျောင်းတက်တဲ့ အရွယ်ရောက်တော့လည်း အားတဲ့အချိန်တိုင်း ပုံဆွဲနေတာပါပဲ’’ လို့  ကာတွန်း ကိုရွှေထူး (ပြည်) က ငယ်ဘဝဝါသနာကို ရှင်းပြခဲ့ပါတယ်။
ပညာရေးအနေနဲ့ မူလတန်းပညာရေးကို အ.မ.က(၁)မှာ တက်ရောက်ခဲ့ပြီး အလယ်တန်းကိုတော့ အမှတ်(၃)အ.ထ.က ပြည်မှာ တက်ရောက်ခဲ့ပါတယ်။ အထက်တန်း ကျောင်းသားဘဝကိုတော့ အမှတ်(၁) အ.ထ.က(ပြည်)မှာ တက်ခဲ့တယ်လို့ ဆိုပါတယ်။
ရုပ်ပုံတွေ အမြဲဆွဲနေခဲ့တဲ့ ကိုရွှေထူးက ကိုးတန်းကျောင်းသား အရွယ်မှာပဲ စာအုပ်အငှားဆိုင် ဖွင့်ထားတဲ့ မိတ်ဆွေတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ ကာတွန်းဝင်းမောင်နဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ အဲဒီကနေ ကာတွန်းဝင်းမောင်ရဲ့စာပေးစာယူ ကာတွန်းသင်တန်းကို လေ့လာ သင်ယူခွင့် ရခဲ့တယ်လို့ဆိုပါတယ်။ စာတိုက်ကတစ်ဆင့် ပေးပို့လာတဲ့ ကာတွန်းရေးဆွဲနည်း လမ်းညွှန်ချက်နဲ့ လေ့ကျင့်ခန်းတွေကို လေ့လာသင်ယူရင်းကပဲ ကာတွန်းရုပ်ပုံဆွဲနည်းတွေ အနည်းငယ် တတ်ကျွမ်းလာခဲ့တယ်လို့ ပြောပြပါတယ်။ ၁၀ တန်းအောင်မြင်ပြီး နောက်မှာတော့ ပြည် G.T.I မှာဆက်လက် တက်ရောက်ခဲ့ပါတယ်။ ကျောင်းရဲ့ နံရံကပ် စာစောင်တွေမှာ ကာတွန်းကဏ္ဍကို တာဝန်ယူ ရေးဆွဲခဲ့သလို ကျောင်းနှစ်ပတ်လည် မဂ္ဂဇင်းမှာလည်း ကာတွန်း ရေးဆွဲဖြစ်ခဲ့ပါတယ်။ ကျောင်းဆင်းပြီးချိန်မှာတော့ မိဘရဲ့စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီရင်း ဝါသနာအရ ကာတွန်း ရေးဖြစ်တယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
ကာတွန်းဆရာ တစ်ယောက်အဖြစ် ပထမဆုံး စတင်ပေးပို့တာကတော့ ၁၉၉၁ ခုနှစ်မှဖြစ်ပြီး ပထမဆုံးဖော်ပြခဲ့တဲ့ မဂ္ဂဇင်းက ဟန်သစ်မဂ္ဂဇင်းပါ။ ပြည်က ကာတွန်းဆရာတွေ စုပေါင်းပို့ကြပြီး ဖော်ပြခံခဲ့ရတယ်လို့ ဆိုပါတယ်။
‘‘မဂ္ဂဇင်းတွေမှာ ကာတွန်းတွေ ရေးဖြစ်နေရင်းကနေ ရန်ကုန်ကိုသွားမှပဲ ကာတွန်းဆရာ တစ်ယောက်အနေနဲ့ အောင်မြင်နိုင်မယ်ဆိုတာ တဖြည်းဖြည်းနဲ့ သိလာတယ်။ ရန်ကုန်မှာလည်း ဆွေမျိုးဘာညာ မရှိတော့မလာဖြစ်ဘူး။ ၁၉၉၄ ရောက်မှပဲ သင်္ဘောတက်မယ်ဆိုပြီး ရန်ကုန်ကို သင်္ဘောတက်ဖို့ ဒေါက်လာဆင်းရင်းနဲ့ ရောက်လာတယ်။ အဲဒီကနေမှ ကာတွန်းဆရာ တစ်ယောက်အဖြစ် သေချာအသက်မွေးဖြစ်ခဲ့တာ’’လို့  ကာတွန်းကိုရွှေထူး(ပြည်)ကဆိုပါတယ်။

ကာတွန်းကိုရွှေထူး(ပြည်)ရဲ့အောင်မြင်တဲ့ ‘ကိုတင့်’ဇာတ်ကောင်ကိုတော့ ‘တတိုင်းမွှေး’ ဂျာနယ်ကနေ စတင်မွေးဖွားခဲ့တယ်လို့ဆိုပါတယ်။ ညီဖြစ်သူမောင်တင့်ရဲ့ ရပ်ကွက်ထဲက အလွဲတွေကို အခြေခံ ရေးသားဖြစ်သလို ညီဖြစ်သူက ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်တာကြောင့် သူကြုံတွေ့တာတွေအပေါ်အခြေခံရာကနေ ကိုတင့်ဇာတ်ကောင် ဖြစ်ပေါ်လာတယ်လို့ ကိုရွှေထူးကဆိုပါတယ်။ ရပ်ကွက်ထဲမှာ ဖြစ်လေ့ရှိတဲ့အလွဲတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေ၊ မပြေလည်မှုတွေကို ရယ်မောစရာဖြစ်အောင် ဖန်တီးရတာဖြစ်လို့ ဇာတ်လမ်း တွေက မဆုံးနိုင်အောင် ရေးသားနိုင်ခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကိုတင့်မိန်းမ မိချိုအပါအဝင် ကာတွန်းထဲက ဇာတ်ကောင်အများစုက ပြင်ပက ကြုံတွေ့ဖူးသူတွေကို အခြေခံပြီးတော့ ရယ်စရာ ဖန်တီးထားတာပါလို့လည်း ဆက်ပြီး ပြောပြပါသေးတယ်။ ကိုရွှေထူး(ပြည်)က ‘တတိုင်းမွှေး’ ဂျာနယ်မှာ အပတ်စဉ် ဖော်ပြတဲ့ ကိုတင့်ဇာတ်လမ်းကို လုံးချင်း စာအုပ်များစွာအဖြစ် ရေးသား ထုတ်ဝေနိုင်ခဲ့ပါတယ်။
ကာတွန်းဇာတ်ကောင်အဖြစ် အောင်မြင်ခဲ့တဲ့ ကိုတင့်ကို သရုပ်ဆောင်အရိုင်းက ဗီဒီယိုဇာတ်ကားအဖြစ် စတင် သရုပ်ဖော်ခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားအဖြစ် ပရိသတ် လက်ခံခဲ့တာကြောင့် ကိုတင့်တို့စူပါရပ်ကွက် ရုပ်ရှင်ကားကြီးကိုလည်း ထပ်မံရိုက်ကူးခဲ့ရာမှာ ဝင်ငွေစံချိန်တင် ရရှိတဲ့ ဇာတ်ကားတစ်ကား ဖြစ်စေခဲ့ပါတယ်။ ကိုတင့်ဇာတ်ကောင်တွေကို လှုပ်ရှား အသက်ဝင်စေတာနဲ့ ပတ်သက်လို့တော့ ကိုရွှေထူး(ပြည်)က ‘‘ရုပ်ပြဖတ်တဲ့ ပရိသတ်လည်း ရှိသလို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်လည်း ရှိတဲ့အခါကျတော့ ဝမ်းသာပါတယ်။ သူ့ပရိသတ်နဲ့ သူ ရသအမျိုးမျိုးခံစားရတာပေါ့’’ လို့ သူ့အမြင်ကို ပြောပြခဲ့ပါတယ်။ ကာတွန်းကိုရွှေထူး(ပြည်)က ရှေ့ဆက်ပြီးတော့လည်း ကိုတင့်နဲ့ရပ်ကွက်ထဲမှာဗျာ ကာတွန်းလုံးချင်းတွေကို ဆက်လက် ဖန်တီးရေးသားသွားမယ်လို့ ဆိုပါတယ်။

ကာတွန်းဆရာတစ်ယောက်အနေနဲ့ အခက်အခဲတွေ အများကြီးကြားက ရပ်တည်ရတဲ့အခါ ကိုယ့်ဝါသနာဖြစ်တဲ့အတွက် အလွယ်တကူ မစွန့်လွှတ်ဘဲ တစိုက်မတ်မတ် ရေးသားခဲ့တာကြောင့် အခုလိုပရိသတ် အားပေးခဲ့တယ်လို့ ယုံကြည်ကြောင်းကိုလည်း ကိုရွှေထူးကဆက်လက်ပြောပြခဲ့ပါတယ်။ ကိုတင့်နဲ့ရပ်ကွက်ထဲမှာဗျာ ရုပ်ပြစာအုပ်တွေကို ရေးသားရခြင်းရဲ့အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ လူတွေရဲ့အလွဲလွဲအမှားမှား ဖြစ်တတ်တဲ့ ချွတ်ချော်မှုလေးတွေကို ရယ်မောစရာ ဟာသအမြင်လေးနဲ့ ခံစားတတ်အောင်ဆိုတဲ့ ခံယူချက်အတိုင်းပဲ ရှေ့ဆက်ဖန်တီးသွားမယ်လို့ ကိုရွှေထူး(ပြည်)က ဆက်လက် ပြောပြခဲ့ပါသေးတယ်။                                                             

Most Read

Most Recent