သတိထားကြရမယ့် မြန်မာနိုင်ငံ ပြတ်ရွေ့ လှုပ်ရှားမှု

သတိထားကြရမယ့် မြန်မာနိုင်ငံ ပြတ်ရွေ့ လှုပ်ရှားမှု
Published 6 January 2016
ထွန်းထွန်းအောင် (စီးပွား)

မလွန်ဆန် မတားဆီးနိုင်တဲ့ မြေငလျင် လှုပ်ရှားမှု၊ မီးတောင်ပေါက်ကွဲမှု၊ ရေကြီးမှုတွေနဲ့ လူတွေကြောင့်ဖြစ်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ သောင်းကျန်းမှု၊ ဆန္ဒပြမှု၊ သပိတ်မှောက်မှုတွေက လူတွေရဲ့ ဘဝသက်တမ်းမှာ ကြုံတွေ့ကြရမယ့် ဖြစ်ရပ်တွေဖြစ်ပြီး ဒါတွေကို အင်္ဂလိပ်လို Force Majeure လို့ခေါ်တယ်။ အဲဒီအထဲမှာ ငလျင်လှုပ်မှုက Mountain Building လို့ခေါ်တဲ့ တောင်ဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာ့ကျောက်လွှာချပ်ကြီးတွေရဲ့ လှုပ်ရှားမှု Tectonic Plate Move တွေရဲ့ တောင်-မြောက်၊ အရှေ့-အနောက်နဲ့ ထောင့်ဖြတ်လှုပ်ရှားမှု (မြန်မာလို မြေငလျင်၊ အင်္ဂလိပ်လို Earthquack တွေကနေ ပြတ်ရွေ့လှုပ်ရှားမှု Fault Movement တွေက လူသားတွေရဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေတယ်။စာရေးသူတို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်တွေကို ပြန်လည်သုံးသပ်ကြည့်ရင်၁) ၁၉၂၉ ခုနှစ် သြဂုတ်လ (၈) ရက်- ဆွာငလျင်၂) ၁၉၃၀ ပြည့်နှစ် မေလ(၅)ရက်- ပဲခူးငလျင်၃) ၁၉၃၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်- ဖဒိုငလျင်၄) ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာ(၄)ရက်- ရွှေဘိုငလျင်နှင့် ဖြူးငလျင်၅) ၁၉၃၁ ခုနှစ် မေလ (၄) ရက်နှင့် (၁၆) ရက်- ပဲခူးငလျင်၆) ၁၉၃၁ ခုနှစ် သြဂုတ်လ (၁၀) ရက်- ပျဉ်းမနားငလျင်၇) ၁၉၃၁ ခုနှစ် သြဂုတ်လ (၁၉)ရက်- ကျောက်ဆည်ငလျင်၈) ၁၉၇၅ ခုနှစ်- ပုဂံငလျင်၉) ၂၀၁၃ ခုနှစ် စက်တင်ဘာ (၂၂)ရက်- တောင်တွင်းကြီးငလျင် တွေက သိသာတဲ့ ငလျင်တွေ ဖြစ်ပါတယ်။ ရံဖန်ရံခါ ဆိုသလို အသေးစား လှုပ်ခါမှုတွေလည်း ရှိခဲ့ပါတယ်။ ငလျင်ကို အတိအကျ ကြိုတင်ဟောကိန်း မထုတ်နိုင်ပေမယ့် History repeats itself လို့ဆိုတဲ့ သမိုင်းက တစ်ပတ်ပြည်လည်တယ် ဆိုတာကို Earthquack repeats itself လို့ ပြောမယ်ဆိုရင်တော့ ရနိုင်တယ်။ သမိုင်း တစ်ပတ်လည်တာလည်း အချိန် အတိအကျ မပြောနိုင်သလို ငလျင်တွေလည်း အတိအကျ မပြောနိုင်ပါ။ သို့ပေမဲ့ တစ်ဖန်ပြန်ဖြစ်မှုတွေက ရှိတတ်တယ်။ ရှိနိုင်တာကြောင့် သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားနိုင်ရင် အထိအခိုက် အပျက်အစီးတွေ သက်သာနိုင်စေမှာ ဖြစ်တယ်။ဂျပန်နိုင်ငံဆိုရင် ငလျင်ဒဏ် အတော် ခံစားရဖူးတဲ့အတွက် ဂျပန်နိုင်ငံမှာ အဆောက်အအုံတွေမှာ အောက်ခြေဖောင်ဒေးရှင်း ခိုင်အောင် ဆောက်လုပ်လာခဲ့ကြတဲ့အတွက် ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိသွားပြီး အသက်အိုးအိမ်တွေ အတော်ကာကွယ်မှု ပြုလုပ်လာနိုင်ကြတယ်။ ဒါတွေကို စာရေးသူတို့ နိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်း သမားတွေ အတုယူကြရမှာဖြစ်တယ်။ ဖြစ်ကတတ်ဆန်း ပြီးပြီးရော စိတ်ဓာတ်မျိုးနဲ့ ဟန်ပြမလုပ်ကြဖို့ လိုအပ်တယ်။ အတ္တတွေများပြီး မလုပ်သင့်တာတွေလုပ်ရင် အသက်အိုးအိမ် ဆုံးရှုံးကြရမှာက ပြည်သူတွေသာဖြစ်တယ်။ အကျင့်ပျက် ခြစားမှုတွေကနေ မဟုတ်တာတွေ မလုပ်သင့်တာတွေ ရှောင်ကြဉ်ကြရမှာဖြစ်တယ်။ ဘိလပ်မြေ ဈေးကောင်းရတာမို့ ထည့်သင့်တဲ့ သတ်မှတ် အချိုးအစားအတိုင်း မထည့်ဘဲ လျှော့ထည့်ရင် အရည်အသွေး ညံ့သွားမှာ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံရဲ့ မြေပြင်လှုပ်ရှားမှု ပြတ်ရွေ့လိုင်းတွေကိုပြတဲ့ တက်တိုးနစ်မြေပုံကို လေ့လာကြည့်ရင် အထင်ရှားဆုံး ပြတ်ရွေ့လိုင်းက ရှမ်းကုန်းပြင်မြင့်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကို ပိုင်းခြားထားတဲ့ Shan-Myanmar Boundary Fault ဒါကို အခု စစ်ကိုင်းပြတ်ရွေ့ကြော Sagaing Fault လို့ သိကြပါတယ်။ အဲဒီ ပြတ်ရွေ့လိုင်းက တောင်မြောက် တန်းနေပြီး အဓိက အနေနဲ့ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ ရမည်းသင်း၊ သပိတ်ကျင်း ဒေသတွေကို ဖြတ်သွားတယ်။ အကယ်၍သာ စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ခါခဲ့ရင် အဲဒီနေရာတွေမှာ ရှိနေတဲ့ အဆောက်အအုံတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ ပြင်းအား ၆ အဆင့် ကျော်ရင် ကြောက်ရတယ်။အဲဒီ ပြတ်ရွေ့က တစ်ဖက်မှာ အန္တရာယ် ဖြစ်စေနိုင်သလို ဘူမိဗေဒ သဘောတရားအရ အဲဒီ ပြတ်ရွေ့အက်ကြောင်းတွေကနေ ကမ္ဘာမြေ အတွင်းပိုင်းက အဖိုးတန် သတ္တုတွေက အပေါ်ကို တက်လာစေဖို့ လမ်းကြောင်းသဘော ဖြစ်သွားတယ်။ ပဲခူး၊ ရွှေကျင်၊ တောင်ငူ၊ ရမည်းသင်း၊ ပျဉ်းမနား၊ မန္တလေးနဲ့ သပိတ်ကျင်းဒေသတွေက မြန်မာနိုင်ငံမှာ ရွှေသတ္တု အဓိက ထွက်ရှိရာ ဒေသတွေ ဖြစ်လာတယ်။ရွှေက တန်ဖိုးမြင့် သဘာဝပစ္စည်းဖြစ်လို့ ဒီကနေ့ ပေါက်ဈေးနဲ့ဆိုရင် တစ်နေ့တာ ယင်းခွက်တွေနဲ့ ကျင်ယူ၊ ပြဒါးနဲ့ ဖမ်းလိုက်ပြီး မီးအပူပေးလိုက်ရင် ရွှေကို အစိုင်အခဲ အနေနဲ့ ရရှိတယ်။ ကျောက်တွေမှာ မူလဖြစ် တွင်းထွက်အဖြစ် ရွှေကိုရွှေကြောတွေ အနေနဲ့ တွေ့ရနိုင်တယ်။ ရွှေကြောမိပြီဆိုရင် ရွှေပါတဲ့ ကျောက်တွေကို အမှုန့်ကြိတ်ပြီး နောက်ဆုံးပေါ်နည်းဖြစ်တဲ့ ရာနှုန်းပြည့်နီးပါး ရွှေထုတ်ယူနိုင်တဲ့ ဆိုင်ယာနိုက်ဒေးရှင်း (Cyanidization) နည်းနဲ့ ထုတ်ယူကြတယ်။ သို့ပေမဲ့ အဲဒီ ဆိုင်ယာနိုက်က လူတွေကို အသက်အန္တရာယ် ရှိစေနိုင်တယ်။ ရွှေထုတ်ယူပြီး စွန့်ပစ်ပစ္စည်းအဖြစ် ဆိုင်ယာနိုက်ရည်တွေကို စနစ်တကျ စွန့်ပစ်ကြရတာဖြစ်တယ်။ပြတ်ရွေ့တွေဖြစ်ပြီး လမ်းကြောင်းအရ အပေါ်ကို တက်လာတဲ့ ရွှေတွေက လူတွေကို အကျိုးပြုပေမယ့် ပြတ်ရွေ့လိုင်းတွေတစ်လျှောက် ငလျင်လှုပ်ပြီ ဆိုရင်တော့ ငလျင်ကြောပေါ်မှာ ကျရောက်နေတဲ့ မြို့ရွာတွေ  ပျက်စီးပြိုပျက်နိုင်စေမှာဖြစ်လို့ ဒါကို ကြိုတင်ပြီး တတ်နိုင်သမျှ အကာအကွယ်တွေ လုပ်ပေးဖို့ လိုအပ်တယ်။ ပမာဏ အားကောင်းတဲ့ မြေငလျင် လှုပ်ရှားမှု မဖြစ်တာ ကြာပြီဖြစ်လို့ တစ်ပတ်ပြန်လာနိုင်တဲ့ ငလျင်ကို သတိထားနိုင်စေဖို့ အခုဆောင်းပါးကို ရေးဖြစ်တယ်။ဘူမိဗေဒ ဖြစ်စဉ်တွေက နှစ်သန်းပေါင်း ရာနဲ့ချီ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်။ စာရေး သူတို့ရဲ့ နိုင်ငံရဲ့ သဘာ၀ မြေမျက်နှာသွင်ပြင်က ဟိုးယခင်က အနေအထားက အခု ဖြစ်ပေါ်နေတဲ့ အသွင်အပြင်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ရခိုင်ဒေသနဲ့ ရှမ်းကုန်းပြင်မြင့် ဒေသတွေက လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ပင်လယ်ရေအောက် ရေတိမ်ပိုင်းမှာ ရှိခဲ့ပြီး တောင်ပြုဖြစ်စဉ် Mountain Building ကနေ ရခိုင်တောင်တန်းတွေနဲ့ ရှမ်းကုန်းပြင်မြင့်တွေအဖြစ် ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဘူမိဗေဒမှာ အဆိုတစ်ခု ရှိတယ်။ အဲဒါက Present is the key to the past ဆိုတာ ဖြစ်ပါတယ်။ လက်ရှိ ပကတိ အခြေအနေက အတိတ်ကို ပြန်ပြောနိုင်တယ် ဆိုတာပဲ ဖြစ်တယ်။ ဒီကနေ့ ရှမ်းကုန်းပြင်မြင့်က ပေ ၃၀၀၀ ကျော်မြင့်တဲ့ နေရာတွေမှာ ပင်လယ်ကြမ်းပြင်အောက်မှာ ရှိနေတဲ့ ခရုခွံတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ကြရလို့ ဖြစ်တယ်။အဲဒီအချိန်က လူသားတွေ မရှိသေးလို့ သာပေါ့။ လူသားတွေ ဖြစ်တည်နေတဲ့ အခု အချိန်မှာသာ တောင်ပြုလှုပ်ရှားမှုတွေဖြစ်ရင် လူတွေအားလုံး သေကျေသွားနိုင်တယ်။ လတ်တလောမှာ သတိထားကြရမှာကတော့ စာရေးသူတို့ နိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ကြီးရဲ့ ရွေ့လျားမှုကြောင့် အဆင့်(၆)နဲ့အထက် မြေငလျင်သာ လှုပ်ခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲ။ ကြိုတင်ပြင်ဆင်နိုင်စေဖို့ပါ။ နိုင်ငံ အုပ်ချုပ်သူတွေမှာ မိမိနိုင်ငံသားတွေအတွက် အနာဂတ် အမြင်ကောင်းတွေ ရှိဖို့ လိုအပ်တယ်။ အတိတ်ကာလက မှားယွင်းစွာ စီမံခန့်ခွဲမှုတွေရဲ့ ဒဏ်ကို ဒီကနေ့ ပြည်သူတွေ ခံစားနေကြရတယ်။ “ဥတုရာသီ တောကိုမှီ၏” ဆိုတာ ရှိပြီးသား ဖြစ်ပေမယ့် သစ်ပင်တွေကို လွန်ကဲစွာ ခုတ်လှဲပစ်မှုတွေကနေ ဒီကနေ့ မျက်မှောက်မှာ ရာသီဥတု ဖောက်ပြန်တာတွေ ဖြစ်လာတယ်။Prevention is better than cure ဆိုတာ ရှိပါတယ်။ ဖြစ်လာမှထက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်ရင် ရေရှည်အတွက် ကောင်းလာစေမှာဖြစ်တယ်။

Most Read

Most Recent