ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၄၅ စောင်တင်သွင်းပြီး NLD ပါတီ အများဆုံး ကန့်ကွက်ခံရ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၄၅ စောင်တင်သွင်းပြီး NLD ပါတီ အများဆုံး ကန့်ကွက်ခံရ
Published 5 January 2016

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ င် သွင်းသည့် နောက်ဆုံးရက်အထိ ကန့်ကွက်လွှာ ၄၅ စောင် တင်သွင်းခဲ့ပြီး NLD ပါတီက အများဆုံး ကန့်ကွက်ခံရကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက နောက်ဆုံးရက်အထိ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၄၅ စောင် တင်သွင်းခဲ့ကြောင်းနှင့် အမှု ၂၀ ကျော် စစ်ဆေးပြီးပြီ ဖြစ်ကြောင်း ပြောကြားသည်။
"ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၄၅ စောင် တင်သွင်းပါတယ်။ အပြီးသတ်ပါ။ အဲဒီထဲက ၂၀ ကျော် စစ်ဆေးပြီးပါပြီ။ နောက်ဆုံးရက်မှ ကပ်တင်တဲ့ အမှုတွေကလွဲရင် ကျန်တဲ့အမှုတွေကိုလည်း စစ်ဆေးဖို့ ခုံရုံးတွေလည်း ဖွဲ့ပြီးပြီ။ နှစ်ဖက်စလုံးကိုလည်း အကြောင်းကြားထားပြီးပါပြီ"ဟု ၎င်းက ပြောကြားသည်။
NLD ပါတီအား ကန့်ကွက်လွှာ တင်သွင်းမှုများမှာ ပြည်ခိုင်ဖြိုးပါတီက ၁၈ မှု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်မှု၊ ရခိုင်အမျိုးသားပါတီက တစ်မှု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက တစ်မှုနှင့် မဲဆန္ဒရှင်အနေဖြင့် တစ်မှုတို့ဖြစ်ကြောင်း သိရသည်။
ဒုတိယအများဆုံး ကန့်ကွက်ခံရသည့် ပါတီအဖြစ် ပြည်ခိုင်ဖြိုးက ရှစ်မှု ကန့်ကွက်ခံထားရပြီး NLD ပါတီက ခုနစ်မှု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်မှု ကန့်ကွက်ထားခြင်း ဖြစ်သည်။
ကန့်ကွက်လွှာတင်သွင်းမှုများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် များပြားပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ တင်သွင်းခြင်း မရှိကြောင်း သိရသည်။
ကန့်ကွက်လွှာ အမှုတင်သွင်းခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း ၄၅ ရက်အတွင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယှဉ်ပြိုင်အရွေးခံသော မည်သည့် ကိုယ်စားလှယ် လောင်းကမဆို သို့မဟုတ် မည်သည့် မဲဆန္ဒရှင်ကမဆို ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ ကိုယ်တိုင် သို့မဟုတ်စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်က အမှုကုန်ကျစရိတ် ငွေကျပ်ငါးသိန်းပေးသွင်း၍ ကန့်ကွက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်လွှာ တင်သွင်းတိုင်ကြားမှုများကို ရွေးကောက်ပွဲ ခုံအဖွဲ့  ဖွဲ့စည်းစစ်ဆေးရာတွင် တရားမဲ့ပြုကျင့်မှုများ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ၎င်းအား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင် မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း  ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု ၂၈ မှုရှိခဲ့ပြီး ကန့်ကွက်လွှာ အနိုင်ရမှု ငါးမှုသာ ရှိခဲ့သည်။ အလားတူ ၂၀၁၂  ကြားဖြတ် ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု လေးမှုရှိခဲ့ပြီး အနိုင်ရရှိမှု တစ်မှုမျှ မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent