ပဋိဇီဝဆေးများ မမှန်မကန် အသုံးပြုနေခြင်းကြောင့် ဆေးယဉ်ပါးမှု အဖြစ်များနေပြီး ယင်းနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ အထူးဂရုပြု လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း

ပဋိဇီဝဆေးများ မမှန်မကန် အသုံးပြုနေခြင်းကြောင့် ဆေးယဉ်ပါးမှု အဖြစ်များနေပြီး ယင်းနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ အထူးဂရုပြု လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း
Published 5 January 2016
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

ပဋိဇီဝဆေးများကို မမှန်မကန် အသုံးပြုနေကြခြင်းကြောင့် ဆေးယဉ်ပါးမှုများ အဖြစ်များနေပြီး ယင်းနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ အထူးဂရုပြု လုပ်ဆောင်ရန် ဇန်နဝါရီ ၅ ရက်က ဆေးသုတေသန ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် '(၄၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ'တွင်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် National Health Plan 2011-2016 Cycle ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် National Strategic Plan 2016-2021ကို ရေးဆွဲနေကြောင်း၊ ယခုနှစ်များအတွင်း ကျန်းမာရေး ဝန်ဆောင်မှုပေးရန်နှင့် အမျိုးသား ကျန်းမာရေး စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုမည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံခဲ့သော စစ်တမ်းများကို ဆေးသုတေသန ဦးစီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့တို့နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ Service Availa-bility & Readiness Assessment (SARA)၊ Reproductive Health Commodity Survey၊ Hepatitis B & C Prevalence Survey တို့ကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ငှက်ဖျားကုထုံးရှိ အာတီမီစီနင်း ဆေးပေါင်းများ၏ အာနိသင်နှင့် ဆေးယဉ်ပါးမှုဆိုင်ရာ ၁၃ မျိုးရိုးဗီဇ ပြောင်းလဲမှု ဖော်ထုတ်သည့် သုတေသန လုပ်ငန်းများကို စောင့်ကြည့်ဒေသများတွင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လူတိုင်း သာတူညီမျှ လက်လှမ်းမီနိုင်ပြီး  Financial Protection ကို ရရှိနိုင်ရန် လုပ်ဆောင်သည့်အခါ Evidence - Based Decision များ လိုအပ်လာကြောင်းနှင့် ခိုင်မာသည့် အထောက်အထားအတွက် သုတေသီများ၏ Data Quality Assurance နှင့် ရလဒ်များကို အမှန်တကယ် အသုံးချနိုင်မှုတို့ အရေးကြီးပါကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပြန်လည် ဦးမော့လာသည့် ကူးစက်တတ်သော ရောဂါများသာမက မကူးစက်တတ်သည့် နာတာရှည်ရောဂါများ ပြန့်ပွားမှုမရှိစေရန် ကာကွယ်ဆေး အပါအဝင် အခြား ကာကွယ် ထိန်းချုပ်ရေး နည်းစနစ်များ ရောဂါ ရှာဖွေဖော်ထုတ်ခြင်းနှင့် ရောဂါ ကုထုံး နည်းပညာအသစ်များကို ယခုထက်ပို၍ အဆင့်မြှင့်လာစေရန်၊ နိုင်ငံတကာ ကာကွယ် ထိန်းချုပ်ခြင်း နည်းစနစ်များ စတင်သုံးစွဲခြင်း မပြုရသေးသည့် ကုထုံးများ နည်းပညာများကိုလည်း သုတေသီများအနေဖြင့် မိမိနိုင်ငံနှင့် လျော်ညီအောင် စမ်းသပ် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံ ကျန်းမာရေး သုတေသန၊ လက်တွေ့အသုံးချ ကျန်းမာရေး သုတေသန၊ ကျန်းမာရေးစနစ် သုတေသန စသည့်ကဏ္ဍကြီးသုံးရပ်ကို ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ညီလာခံဖွင့်ပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဆေးသုတေသနဦးစီးဌာနမှ ထုတ်ဝေလျက်ရှိသည့် မြန်မာ့ဆေးသိပ္ပံ သုတေသနဂျာနယ် ဝက်ဘ်ဆိုက်ကိုလည်း ဇန်နဝါရီ ၅ ရက်က  စတင်လွှင့်တင်ခဲ့ပြီး ယင်းဝက်ဘ်ဆိုက်တွင် ဂျာနယ်၌ ဖော်ပြပြီးသော သုတေသန စာတမ်း အကျဉ်းချုပ်များကို Download ရယူနိုင်မည်ဖြစ်ပြီး ဂျာနယ်သို့ သုတေသန စာမူများ ပေးပို့ခြင်း၊ တည်းဖြတ်ခြင်းနှင့် လက်ခံခြင်းတို့ကိုပါ ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ညီလာခံကို ဇန်နဝါရီ ၅ ရက်မှ ၉ ရက် အထိ ဆေးသုတေသန ဦးစီးဌာန (ရန်ကုန်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ သုတေသနစာတမ်း ၉၉ စောင်၊ ပိုစတာ ၄၉ စောင်၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၁၀ ခုနှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲ လေးခုတို့ကို ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent