တစ်နှစ်ပြည့်မြောက်တော့မည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု

တစ်နှစ်ပြည့်မြောက်တော့မည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု
Published 5 January 2016
မြတ်သစ်

ပါရီမြို့လယ်ရှိ Charlie Hebdo  မဂ္ဂဇင်း ရုံးခန်းသို့ ဇန်နဝါရီလ ၇ ရက်က ဒေသ စံတော်ချိန် ၁၁ နာရီခွဲတွင် သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပြင်သစ်နိုင်ငံ၏ အထင်ရှားဆုံး ကာတွန်းဆရာကို သတ်ဖြတ် ခဲ့သည့် ဖြစ်စဉ်သည် အခုဆိုလျှင် တစ်နှစ် ပြည့်တော့မည်။
Charlie Hebdo  မဂ္ဂဇင်းအား ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဂျာနယ်လစ် ရှစ်ဦး အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်း ရှုတ်ချခဲ့သည်။ ပြင်သစ်နိုင်ငံ တစ်ဝန်းတွင် လူတစ်သိန်းကျော်က ‘I am Charlie’ ဟု ရေးထားသော နဖူးစည်း စာတမ်းများကို ကိုင်ဆောင်ပြီး အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ Online တွင်လည်း #jeSuis – Charlie  ဟူသော အမှတ်အသားဖြင့် အကြမ်း ဖက် တိုက်ခိုက်မှုကို ကန့်ကွက်ခဲ့သည်။
ပြင်သစ် သမ္မတ ဖရန်ဆွာအော်လွန်း က တိုက်ခိုက်မှုကို “အဆုံးစွန်သော ရက်စက်မှု လုပ်ရပ်” ဟု ပြောကြားခဲ့သည်။ ဇန်နဝါရီ ၈ ရက်နေ့ကို ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်နေ့ အဖြစ် ကြေညာခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် အလံများ တိုင်တစ်ဝက် သုံးရက်လွှင့်ထူရန် အမိန့် ထုတ်ပြန်ခဲ့သည်။
၂၀၁၁ ခုနှစ်ကလည်း Charlie Hebdo  မဂ္ဂဇင်းတွင် Sharia Hebdo ခေါင်းစဉ်ဖြင့် မိုဟာမက်ကာတွန်းကို ဖော်ပြခဲ့သဖြင့် မဂ္ဂဇင်း ရုံးကိုး မီးဗုံးဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ဇန်နဝါရီ ၇ ရက် တိုက်ခိုက်မှုတွင် လူသတ် သမားများက “ တမန်တော်အတွက် ကျွန်တော်တို့ ကလဲ့စားချေ လိုက်ပါပြီ။ Charlie Hebdo  ကို ကျွန်တော်တို့ သတ်ခဲ့ပါတယ်”  ဟု အော်ဟစ်ခဲ့ကြသည်။ လက်နက်ကိုင်သမား တစ်ဦး က “ ပြင်သစ်မှာ တိုက်ခိုက်မှုတွေ မရှိသေးပါဘူး။ စောင့်ပါဦး။ နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ ဇန်နဝါရီလ မကုန်ခင်အထိ ကျွန်တော်တို့မှာ အချိန်ရှိပါတယ်”  ဟူ၍ ပြောကြားခဲ့သည်။ကာတွန်းပါရှိသည့် နောက်ဆုံးထုတ် မဂ္ဂဇင်း ထုတ်ဝေသည့်နေ့တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
အီရတ်နှင့် ဆီးရီးယားတွင် အစ္စလာမ္မစ် အစွန်းရောက် IS  တို့ကို တိုက်ခိုက်ရာတွင် ပြင်သစ်နိုင်ငံ ပါဝင်နေသဖြင့် အခြား ဥရောပမြို့တော်များ နည်းတူ ပါရီတွင်လည်း အကြမ်းဖက်မှုများ ကြုံတွေ့နိုင်ကြောင်း တပ်လှန့်ထား ခဲ့သည်။
ဂျာမန်ဝန်ကြီးချုပ် မာကယ်နှင့် ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်းတို့ကလည်း အကြမ်းဖက်သမားတို့၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ အမေရိကန် သမ္မတ အိုဘားမားနှင့် ရုရှား သမ္မတ ပူတင်တို့ကလည်း အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။
ဇန်နဝါရီလ  ၉  ရက်တွင်  Charlie Hebdo မဂ္ဂဇင်းကို တိုက်ခိုက်သူများ ခိုအောင်း နေရာသို့ ပြင်သစ် အထူး ရဲတပ်ဖွဲ့က ပါရီအရှေ့ရှိ မြောက်ဘက် ဒမ်မာတင် ကျေးရွာမှ ပုံနှိပ် စက်ရုံတွင် ပုန်းခိုနေသော အစွန်းရောက် ညီ အစ်ကို နှစ်ဦးကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ အစ္စလာမ္မစ် အစွန်းရောက် ညီအစ်ကို နှစ်ဦး ဖြစ်သည့် ရှရစ်ကီအော်ရှီနှင့် ဆာအိအော်ရှီတို့ကို ပစ်သတ်နိုင်ခဲ့သည်။
ယခု တစ်ကြိမ် တိုက်ခိုက်မှုမှာ အပြင်းအထန်ဆုံး ဖြစ်ခဲ့သည်။ ပြင်သစ်နိုင်ငံရှိ Le Monde သတင်းစာက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ ပြင်သစ် ၉/၁၁”  ဟု ဖော်ပြခဲ့သည်။   ယင်းဖြစ်စဉ် ပေါ်ပေါက်ပြီး နှစ်ရက် အကြာ တွင် ပြင်သစ် သမ္မတ အော်လွန်းနှင့် အတူ ဂျာမန် ဝန်ကြီးချုပ် မာကယ်၊ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပါလက်စတိုင်း သမ္မတ မာမွတ်အဘားစ်တို့သည် ဝမ်းနည်း ကြေကွဲဖွယ် အထိမ်းအမှတ်ပွဲတို့ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတကာ ခေါင်းဆောင်များနှင့် အတူ ပြင်သစ်နိုင်ငံသား လေးသန်းခန့်သည်လည်း ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။ ၁၉၄၄ ခုနှစ်တွင် ဂျာမနီ လက်အောက်မှ လွတ်မြောက်ခဲ့စဉ်က  ပြည်သူ သန်းပေါင်းများစွာသည် ဝမ်းမြောက်ဝမ်းသာစွာ စုဝေးခဲ့ကြဖူးသည်။ ပြည်သူလူထု သန်းချီပြီး လမ်းမပေါ်သို့ တစုတဝေးထွက်သည့် မြင်ကွင်းသည် ယခုအကြိမ်မှာ ဒုတိယ အကြိမ် ဖြစ်သည်။ ယခုအချိန်မှာတော့ ပြည်သူလူထုသည် အကြမ်းဖက် တိုက်ခိုက်မှု အတွက် သေဆုံးသူများကို ဝမ်းနည်းစွာဖြင့် စုဝေးခဲ့ကြခြင်း ဖြစ်သည်။ သူတို့တစ်တွေသည် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို အကြမ်း ဖက်သမားတို့က တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း စိတ်ထဲမှာ မကျေချမ်းနိုင်ကြချေ။
မဂ္ဂဇင်းတိုက် အကြမ်းဖက် တိုက်ခိုက်ခံရပြီး တစ်ပတ်အကြာတွင် ထုတ်ဝေသော မဂ္ဂဇင်းသည် စောင်ရေ ၇ ဒသမ ၅ သန်းထိ မြင့်တက် သွားခဲ့သည်။
အကြမ်းဖက်သမားများသည် ပြင်သစ်နိုင်ငံကို အငြိုးအတေးကြီးစွာဖြင့် ဆက်လက် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။ နိုဝင်ဘာ ၁၃ ရက် သောကြာနေ့တွင် ဆီးရီးယား နိုင်ငံရှိ IS  များနှင့် လက်တွဲ တိုက်ခိုက်နေသော အကြမ်းဖက်သမားများက ပြင်သစ်နိုင်ငံ မြို့တော် ပါရီတွင် နိုဝင်ဘာ ၁၃ ရက်က အကြမ်း ဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၁၂၉ ဦး ထက် မနည်း သေဆုံးခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာ ခြောက်နေရာ အနက် အမျိုးသား အားကစားရုံ အနီးမှ အသေခံဗုံး ပေါက်ကွဲမှုနှင့် ရော့ခ်တေးဂီတ ဖျော်ဖြေပွဲ အတွင်းသို့  ဝင်ရောက် ပစ်ခတ်မှုများ ပါဝင်ခဲ့ကြောင်း သိရသည်။
သမ္မတ ဖရန်ဆွာအော်လွန်းသည် နိုင်ငံတစ်ဝန်း၌ အရေးပေါ် အခြေအနေ ကြေညာထားပြီး ယခု သီတင်းပတ် ကုန်ရက်တွင် တူရကီ၌ ကျင်းပမည့် G 20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၇ ရက် တွင်  Charlie Hebdo  မဂ္ဂဇင်း အကြမ်းဖက် တိုက်ခိုက်ခံရခြင်း တစ်နှစ် ပြည့်မြောက်တော့မည်။ ပြင်သစ်နိုင်ငံ ပါရီမြို့သည် အကြမ်းဖက်သမားများ၏ ပစ်မှတ် အဖြစ် တိုက်ခိုက် ခံရခြင်းမှာ ယင်းကြောင့် လက်ယာစွန်း အမျိုးသား တပ်ဦး ပါတီသည် ဒီဇင်ဘာလက ကျင်းပခဲ့သည့် ဒေသန္တရ ရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ မဲဆန္ဒ အရေအတွက် ၂၈ ရာခိုင်နှုန်းရ ရှိခဲ့သည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် လက်ရှိ အစိုးရ၏ မူဝါဒများကို ထောက်ခံမှု ကျဆင်းနေသည်ကို တွေ့မြင်ရမည် ဖြစ် သည်။

Most Read

Most Recent