နွေမှုန်လမ်းမှာ မလွမ်းနိုင်တော့ပါ

နွေမှုန်လမ်းမှာ မလွမ်းနိုင်တော့ပါ
Published 5 January 2016
တက္ကသိုလ် မိုးဝါ

(၁)၂၀၁၅ ဒီဇင်ဘာ ၃၀ ရက်ထုတ် သတင်းစာ အသီးသီးတွင် ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ အဖမ်းဆီးခံ ကျောင်းသားတို့နှင့် ဝန်းရံသူများအား သာယာဝတီ တရားရုံး၌ (၃၂) ကြိမ်မြောက် ရုံးထုတ်ခဲ့သည့် သတင်းများ ဖတ်ရသည်။  ကိုးလကျော်ကြာ သာယာဝတီ အကျဉ်းထောင်ထဲ၌ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူများသည် အမျိုးသားပညာရေး ဥပဒေနှင့် စပ်လျဉ်း၍ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် တောင်းဆိုခဲ့ကြသည့်အပြင် ဥပဒေ ရေးဆွဲရာ၌ ဆရာ ကျောင်းသား ကိုယ်စားလှယ်များ ပါဝင်ရေး၊ သမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး စသည့် တရားသော အချက်များဖြင့် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။ တရားရုံးချိန်း အကြိမ် ၃၀ ကျော်ခဲ့ပြီ ဆိုသော်လည်း တရားလိုရဲမှူး တစ်ဦးတည်းကိုသာ စစ်ဆေးပြီးဖြစ်သဖြင့် ကျန်တရားလိုပြ သက်သေကိုသာ စစ်ဆေးရမည်ဆိုလျှင် နှစ် ၃၀ ကျော်ကြာသွားမည် ဖြစ်ကြောင်း ပြောဆို ဝေဖန်လျက်ရှိသည်။  ရုံးထုတ်ခဲ့သူများအနက် ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်က "ကျွန်မတို့ကို စွဲထားတဲ့ တချို့ပုဒ်မတွေက ရာဇဝတ် အက်ပုဒ်မတွေ ဖြစ်တယ်။ ဒီပုဒ်မတွေက ရာဇဝတ်မှုတွေအတွက် ဖန်တီးထားတာတွေဖြစ်တယ်။ ဒါပေမဲ့ အခုအစိုးရ လက်ထက်မှာတော့ အလွဲအသုံးချခံရပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးဖို့အတွက် ဖြစ်လာပါတယ်။  ပညာရေးပြုပြင် ပြောင်းလဲဖို့အတွက် အေးအေးချမ်းချမ်း ဆန္ဒပြတဲ့ ကျွန်မတို့ကို စွဲဆိုထားတာဟာ ဥပဒေရဲ့ အားနည်းချက်လို ဖြစ်နေတယ်။ နောင်အစိုးရ လက်ထက်ရောက်ရင်တော့ မဖြစ်မနေ ဖျက်သိမ်းရမယ့် ပုဒ်မတွေ ရှိပါတယ်" ဟု ပြောကြားခဲ့သည်။ (The Daily Eleven - ၃၀-၁၂-၂၀၁၅ နေ့ထုတ်)။ရုံးထုတ်လာသည့် အပြစ်မဲ့ ကျောင်းသားတို့၏ မျက်နှာပေါ်တွင် အားမာန်အပြည့်ပါရှိသော အပြုံးကိုယ်စီကို စက္ခုထဲတွင် ထင်ဟပ် တွေ့မြင်လိုက်ရသောအခါ အောက်ပါ ကဗျာမဆိုင်းမတွ ပေါက်ဖွားလာပါတော့သည်။"အရှုံးမခံ ပြုံးမာန်ဝင့်သူများ"နံနက်ခင်းတိုင်းဟာ ….မှုန်မှိုင်းမနေ အမြဲကြည်လင်ခဲ့ပီပြင်ခြင်းဆီကို ဦးတည်နေနာရီလက်တံတွေလည်းစက္ကန့်တံတုံ့ ကာဆိုင်းပြီလားကာလတံတိုင်း ကျော်ဖြတ်ရုန်းကန်ရမယ်ပအရှုံးမခံတဲ့ အပြုံးမာန်ဝင့်သူများ။နံနက်ခင်းရဲ့ နေခြည်မျှင်…..ရောင်စဉ်တွေ အကန့်အကန့် …..ထောင်နံရံပြင်အနှံ့ ဖြန့်ကြက်ထားအမှန်တရားဆိုတာ ဖိနှိပ်မရ(သူတို့) သိကြဖို့ အချိန်တန်လာ….ကြိမ်ဖန်ခါ နှလုံးဒဏ်တွေနဲ့အရှုံးမခံ ပြုံးမာန်ဝင့်သူများ။ ။(၁၅ - ၁၂ - ၂၀၁၅)သူတို့တစ်တွေ အကြမ်းဖက် ဖြိုခွင်းခံရသော နွေကာလ အပူဒဏ်အောက်တွင် ဒဏ်ရာဒဏ်ချက်တို့ မည်မျှပင် ပြင်းထန်စူးရှ လိုက်ပါမည်နည်း။ အရိုး၊ အဆစ်၊ အသားများ ညိုမည်းစွဲ ကွဲကြေသွားသည်က ဆေးဝါးကုသ၍ ရနိုင်သည်ပဲထား၊ ခန္ဓာ၏ အဇ္ဈတ္တရှိ နှလုံသား အမှတ်အတေး ဒဏ်ရာကိုတော့ မည်သို့ပယ်ဖျောက်မည်နည်း။နွေနေပူအောက် မန္တလေးမှ သပိတ်စစ်ကြောင်း၊ ပခုက္ကူ မြေလတ်စစ်ကြောင်း စသည်တို့ ဖြတ်သန်းရာ ကြမ်းတမ်းခက်ထန်သော နွေမှုန်လမ်းများကိုတော့ မည်သည့်နည်းနှင့်မျှ မလွမ်းနိုင်တော့ပါ။ သို့ရာတွင် တစ်ချိန်တစ်ခါက တက္ကသိုလ် ကျောင်းသားများ အဆင့်မြင့် ပညာရေးကို သင်ယူတတ်မြောက်ရင်း လွမ်းဖွယ်ကောင်းသည့် တက္ကသိုလ်နယ်မြေရှိ နွေမှုန်လမ်းတို့ကိုမူ စာရေးသူ အပါအဝင် သိမီလိုက်သူအားလုံး မလွမ်းဆွတ်ဘဲ၊ သတိမရဘဲ နေနိုင်မည်မဟုတ်တော့….။(၂)အမှတ်သညာ၏ စေစားမှုအရ ၁၉၆၂ ခုနှစ် စစ်အစိုးရ မတိုင်မီ တက္ကသိုလ်ဟူသည် အဆင့်မြင့်ပညာ ရှာဖွေသိုမှီးရာဌာန အစစ်အမှန်ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။ ယင်းကာလ၏ ပညာအဆင့်သည်ပင်လျှင် အရှေ့တောင် အာရှ၌ အလွန်မြင့်မားရကား အခြားနိုင်ငံတို့မှ ပညာလိုလားသူ အများအပြား လာရောက် ပညာဆည်းပူး ယူရသည်အထိ ဖြစ်ခဲ့သည်။ လွတ်လပ်စွာ တွေးခေါ်ယူဆ၊ ပညာသင်ခွင့်၊ ရွေးချယ်ခွင့် ရရှိခဲ့ခြင်း ကိုယ်နှိုက်က ပညာဉာဏ် အတွေးအခေါ်တို့အား ပိုမိုရင့်သန် တောက်ပြောင်လာစေသည်။ အဆောင်နေသူများ အတွက် သဟာယနှင့် စာဖတ်အသင်း၊ အားကစားအသင်း အဖွဲ့များ၊ အနုပညာအသင်း စသည်ဖြင့် မိမိဝါသနာပါရာ အသင်းအဖွဲ့၌ ပါဝင်လှုပ်ရှားနိုင်သလို သူငယ်ချင်း ရွှေကူမေနှင်း ရေးခဲ့သည့် "ငါတို့ခေတ်ကတက္ကသိုလ်" စာအုပ်တွင် ပါရှိသည့်အတိုင်း စာပေဝါသနာရှင်များ စုစည်းထားသည့် တက္ကသိုလ်ကလောင် အသင်းကိုလည်း တည်ထောင်ဖွဲ့စည်းခဲ့သည်။ နာမည်ရ ကဗျာဆရာ၊ စာရေးဆရာများစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်နှင့်အမျှ  ပုလဲပန်း အမည်ရ စာစောင်ကိုလည်း အထင်ကရ ထုတ်ဝေနိုင်ခဲ့သည်။သစ်ပုပ်ပင်၊ အဓိပတိလမ်းတို့ကို အမှတ်ရ၊ လွမ်းတမိ သကဲ့သို့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုတော့ မျက်စိထဲ မြင်ယောင်၍ ရင်နင့်စွာ သတိရနေ၏။  ပြီးတော့ ကံ့ကော်မြိုင်တန်း၊ အင်းလျား ရေပြင်ကျယ်။ (ယခုတော့ အင်းလျားရေပြင်သည် ယခင်အတိုင်း ကျယ်ပြန့်နေသေးသလားတော့မသိ)။ ယခုလို ဆောင်းအကုန် နွေဝင်စအချိန် ပူလွန်းသဖြင့် သစ်ရိပ်ခိုရန်နှင့် စာတိုစာစလေး ရေးရန် ရည်ရွယ်ချက်ဖြင့်အသွား။ မတ်လအတန်းတင် စာမေးပွဲ ဖြေဆိုပြီးကြသည့် နွေဦးပေါက် အချိန်တွင် တစ်ရပ်တစ်ကျေး မိဘရပ်ထံ ပြန်ကြတော့မည်။ ကျောင်းပိတ်ထားပြီဖြစ်၍ ပုဂံလမ်းကဲ့သို့သော လမ်းတွင် လမ်းလျှောက်သူ တစ်ဦးတလေမျှပင် မတွေ့ရ။  ကြိုလင့်နေသည်များကတော့ မြေပေါ်၌ လဲလျောင်းနေရှာသော သစ်ရွက်ဝါ ကြွေများစွာ…..။အဝေးသို့ လှမ်းမျှော်ကြည့်လိုက်လျှင်လည်း ပူပြင်းသောနွေကြောင့် ကောင်းကင်တစ်ပြင်လုံး မှိုင်းမှိုင်းမှုန်နေသည်။ သစ်ရွက်များသည် လေတိုးဒဏ်ကို မခံနိုင်ရှာ၊ တဖြုတ်ဖြုတ် ကြွေလွင့်ကြရှာသည်။ ဥသြတွန်သံကလည်း အလွမ်းပူမီးကို နွေနှင့်အပြိုင်တိုး၍ ပူလောင်လာစေသည်။ သူငယ်ချင်း အချင်းချင်းပဲဖြစ်စေ၊ ချစ်သူရည်းစားချင်းပဲဖြစ်စေ တစ်ယောက်နှင့် တစ်ယောက် ရက်ရှည်ခွဲခွာကြရတော့မည်မို့  ပင်မတက္ကသိုလ် အဓိပတိလမ်း၏ လမ်းတစ်ဖက်ရှိ ပုဂံလမ်းသည် သွေ့ခြောက်၍ ဆွေးဆွေးမြည့်မြည့်နှင့် မှုန်မှိုင်းနေသည်။ ယင်းကို စာရေးသူက "နွေမှုန်လမ်း" ဟု တင်စားခေါ်ဝေါ်ခဲ့သည်။  မည်သည့်အချိန် မည်သည့်ကာလပဲ ရောက်ရောက် တက္ကသိုလ်၏ ပြယုဂ်များဖြစ်သည့် သစ်ပုပ်ပင်၊ အဓိပတိလမ်း၊ သမဂ္ဂ အဆောက်အအုံတို့ကို မမေ့နိုင်သလို မမေ့ဘဲ အမြဲတစေ လွမ်းဆွတ်နေမိသော "နွေမှုန်လမ်း" ကို ယခုတော့ အခြေအနေ အရပ်ရပ်ကြောင့် မလွမ်းနိုင်တော့ပါ။(၃)အဘယ့်ကြောင့် နွေမှုန်လမ်းကို မလွမ်းနိုင်တော့ပါသနည်း။ တရားမျှတစွာ၊ အနှောင်အဖွဲ့ကင်းစွာ၊ လွတ်လပ်စွာ၊ စိတ်ချမ်းမြေ့စွာ အဆင့်မြင့် ပညာစစ်စစ်ကို သင်ယူခဲ့ရသော တစ်ချိန်က ဘဝအခြေအနေအား ပြန်လည်လွမ်းတ သတိရနေခဲ့ရာမှ တစ်စတစ်စ နွေမုန်တိုင်း အကြမ်းက အညှာအတာမဲ့ တိုက်ခတ်လာသောကြောင့် နွေမှုန်လမ်းတစ်လျှောက် ကျောင်းသူကျောင်သား လူသူကင်းမဲ့နေသည့် အဖြစ်ကို မြင်တွေ့နေရသည်။ ပညာရေး အစမ်းသပ်ခံ သားကောင်များ၏ ပညာရေး အဆင့်သည် နာလန်မထူနိုင်အောင်ပင် ဖြစ်ခဲ့ရပြီး ပြုပြင်ပြောင်းလဲရန် တောင်းဆိုညှိနှိုင်းမှုကိုပင် သက်ဆိုင်ရာက လက်မခံဘဲ နွေမုန်တိုင်း၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ချုပ်ချယ်မှုဖြင့် တန်ပြန်ခြင်းခံရသည်။နွေမုန်တိုင်းလက်၏ ရိုက်ချက်သည် တစ်နေရာတည်းတွင်မဟုတ် ဘက်ပေါင်းစုံတွင် ပြင်းထန်ရက်စက်လာခဲ့သည်။ ယင်းကြောင့် မြန်မာနိုင်ငံအတွင်း လယ်သမား အလုပ်သမား အစရှိသည့် လူတန်းစားတို့ ကြုံ တွေ့နေသော စားဝတ်နေရေး လူမှုဒုက္ခများသည် အဆင်ပြေ ချောမွေ့သွားရမည့်အစား အကျိုးထက် အပျက်ဖြစ်ထွန်းခြင်းဘက်သို့သာ ဦးတည်ခဲ့သည်။ အပူချိန် လွန်ကဲလာပြီဆိုလျှင် ရေခန်းခြောက်မှု ပြဿနာနှင့် ကြုံတွေ့ရစမြဲ။  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ မိုးရွာသွန်းမှု နည်းပါးခဲ့သဖြင့် ပခုက္ကူခရိုင် မြိုင်မြို့ နယ် အတွင်းရှိ သောက်ရေကန်များ ရေခန်းခြောက်သွား၍ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရပြီဆိုသည်။ ဆောင်းရာသီ မကုန်သေးမီမှာပင် မြိုင်မြို့နယ် ကျေးရွာအချို့၌ နှစ်စဉ် သောက်ရေရှားပါးမှုကို မိုးလယ်ကာလ မရောက်မီအထိ အစဉ်ကြုံတွေ့လျက်ရှိသည် ဆိုသည်။ချုပ်ရလျှင် နွေမုန်တိုင်း၏ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုအား လွမ်းလောက်သည့် အရာတစ်ခုအဖြစ် မည်သူကမျှ လက်ခံမည် မဟုတ်ပါ။ ထို့ပြင် သစ်ရွက်ကြွေများ ဖုံးလွှမ်းလျက် လူသူကင်းမဲ့သည့် "နွေမှုန်လမ်း" ကိုသတိရမိပါသော်လည်း လွမ်းနိုင်အား မရှိတော့ပါ။

Most Read

Most Recent