နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့ပတ်လမ်းနှင့် စက်မှုဇုန် အနီးတွင် ဒေသခံ တောင်သူများ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသော မြေများအား သိမ်းဆည်းခဲ့ပြီး လျော်ကြေးငွေ အပြည့်အ၀ ပေးအပ်ခြင်း မရှိသေးဘဲ ကုမ္ပဏီအချို့က ခြံစည်းရိုးခတ်ခြင်း ပြုလုပ်နေသည့်အတွက် ဒေသခံတောင်သူများက တားမြစ်ခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်ရှိ တောင်သူ ၉၀ ခန့် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်သော ကြေးတိုင်အကွက်အမှတ် ၁၈၁၉၊ ၁၈၃၀ အကွက် အမှတ် ၂၀၊ ၂၁၊ ၂၂၊ ၄၂၊ ၄၃ တို့ရှိ မြေဧက ၉၀၀ ခန့်အား ၂၀၀၆ ခုနှစ်မှ စတင်ကာ ကုန်းမြေတစ်ဧကလျှင် တစ်သိန်း ၊ လယ်မြေတစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့်သာ လျော်ကြေး ပေးသိမ်းဆည်းခံခဲ့ရကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။
လက်ရှိကာလအထိ ယင်းသိမ်းဆည်းမြေတွင် မည်သည့်စီမံကိန်းမှ ဖော်ဆောင်ခြင်း မပြုသေးသော်လည်း အမည်မသိရသေးသည့် ကုမ္ပဏီအချို့မှ ခြံစည်းရိုးများ ခတ်နေပြီး လက်ရှိတွင်လည်း ဣစ္ဆိတံနှင့် အောင်ကောင်းကျော် ကုမ္ပဏီများက ခြံခတ်နေသည့်အတွက် တားမြစ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကာလတန်ဖိုးနှင့်အညီ နစ်နာကြေး ရရှိလိုကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
"ဖြစ်ပုံကတော့ လျော်ကြေးအပြည့် အဝမရသေးလို့ တားဆီးရခြင်း ဖြစ်တယ်။ သူတို့က ၂၀၀၆ ခုနှစ်က စတင်အဓမ္မသိမ်းပြီး ကျွန်တော်တို့ကို အတင်းနှင်ထုတ်တယ်။ သီးနှံလျော်ကြေး တစ်သိန်းပဲ ပေးခဲ့တာ။ နေပြည်တော်စည်ပင်က သိမ်းခဲ့တာပါ"ဟု မြေ ၁၃ဧက သိမ်းဆည်းခံရသူ သာယာကုန်းကျေးရွာနေ ဦးပေါလှက ပြောကြားသည်။
ထို့ပြင် သာယာကုန်း ကျေးရွာမှ တောင်သူ ဦးမှတ်တင်က "ဦးရဲ့မြေကိုတော့ အခု ခြံခတ်ထားတယ်။ ဘာအဆောက်အအုံမှတော့ မဆောက်သေးပါဘူး။ ၂၀၀၆ ခုနှစ်တုန်းက သိမ်းဆည်းခံရတာပါ။ အဲဒီတုန်းက သူတို့ကိုကြောက်ပြီး လျော်ကြေးယူခဲ့ရတယ်။ သစ်တောမြေဆိုပြီး ကုန်းက တစ်သိန်း၊ မြေက နှစ်သိန်းပေးတာပါ။ သိမ်းထားတာ ကြာနေပေမယ့် သူတို့ဘာစီမံကိန်းမှလည်း လုပ်တာမတွေ့သေးဘူး။ လုပ်ကိုင် စားသောက်ခွင့်လည်း မပေးဘူး"ဟု ပြောကြားသည်။
ဒေသခံတောင်သူ ဒေါ်အေးမှုံက "ခြံ စည်းရိုးကာနေလို့ လာတားတော့ သူတို့ပြန်သွားတယ်။ ကုမ္ပဏီတွေက အောင်ကောင်းကျော်နဲ့ ဣစိတံပါ။ အခု ကျွန်မအကွက်ထဲမှာ ကျွန်မညီမကို နေခိုင်းထားတော့ ငါးရက်အတွင်း ထွက်ပေးပါဆိုပြီး ဣစ္ဆိတံကုမ္ပဏီက လာပြောတယ်။ မထွက်ပေးနိုင်ဘူးလို့ ကျွန်မပြန်ပြောလိုက်ပါတယ်"ဟု ပြောကြားသည်။
ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ ရန်အောင်မြင်၊ အင်ပု ၊ စည်ပိုင်း၊ သာယာကုန်း၊ ချင်းစု စသည့်ကျေးရွာများတွင် နေထိုင်သည့် မြေသိမ်းခံရသူ တောင်သူဦးရေ ၉၀ ခန့်က ယင်းတို့အနေဖြင့် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအဆင့်ဆင့်သို့ ဆက်လက် တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် လျော်ကြေး အပြည့်အ၀ ပေးအပ်ခြင်းမရှိသေးဘဲ ကုမ္ပဏီအချို့ ခြံခတ်ခြင်း ပြုလုပ်နေ၍ မြေသိမ်းခံ တောင်သူအချို့က တားမြစ်















