မျှော်လင့်ပါပြီ သီရိမြန်မာပြည်

မျှော်လင့်ပါပြီ သီရိမြန်မာပြည်
Published 3 January 2016
ရဲထွတ်နီ

(၁)
တိုင်းပြည် လွတ်လပ်ရေး ပြန်ရချိန်တွင် ကျွန်တော့်ကို မမွေးသေးချေ။
ကျွန်တော့်အထက်မှ အစ်ကိုသည် သုံးနှစ်သားအရွယ် ရှိသေးသည်။ ဆိုရလျှင် တိုင်းပြည် လွတ်လပ်ရေး သက်တမ်းနှင့်အမျှ ကြီးပြင်းလာကြရသူများ...။
ဤစာကိုရေးချိန် ခရစ်နှစ်သစ်ကူး ဗြောက်အိုးဖောက်သံများက မိုးလုံးညံနေလေသည်။ ခရစ်နှစ်သစ်ဆန်းလျှင် မြန်မာ့လွတ်လပ်ရေးနေ့ကိုလည်း ကြုံကြရပြီ။ နှစ်စဉ်။
မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း၊ စာပေဗိမာန်၏ ၁၉၇၂ ခုနှစ် ပထမအကြိမ် ပုံနှိပ်သော ‘မြန်မာ့စွယ်စုံကျမ်း’ (အတွဲ ၁၂)၊ ‘လွတ်လပ်ရေးနေ့’ ခေါင်းစဉ်ဖြင့် မှတ်တမ်းဖော်ပြချက်တွင် ဤကဲ့သို့ ဖတ်ရှုရသည်။
‘ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာ ရောက်ရှိသောနေ့ ဖြစ်လေသည်။
‘‘တိုင်းတစ်ပါးတို့၏  စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အထွတ်အမြတ် သတ်မှတ်ထားတတ်လေသည်’’ဟုလည်း ဖွင့်ဆိုထားသည်။ ဆက်လက်ပြီး ‘‘မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁၀၀ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆၀ ကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက်’’ဟု ဖော်ပြခဲ့ရာတွင် မြန်မာခေါင်းဆောင်ကြီးများ အမျိုးမျိုးသော ကြိုးပမ်းမှုတို့ကြောင့် ပြန်လည်ရရှိခဲ့သော လွတ်လပ်ရေးအတွက် တာဝန်ကိုလည်း ဖော်ပြခဲ့သည်။ နှစ်စဉ် ထို့နေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပသည်မှာ လွတ်လပ်ရေး တည့်တံ့ခိုင်မြဲစေရန်၊ ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန် တာဝန်တို့ကို မမေ့မလျော့ကြဖို့ သတိပေး နှိုးဆော်သည့်အနေဖြင့် ကျင်းပကြောင်းလည် ဆိုပါသည်။ ယင်းတာဝန်သည် ပြည်ထောင်စုသား အားလုံး၏တာဝန်။
အထိမ်းအမှတ်ပွဲများကို များသောအားဖြင့် မော်ကွန်း ကမ္ပည်းထိုးထားသော လွတ်လပ်ရေး ကျောက်တိုင်၌ စုဝေးကြကာ အလေးပြု အဓိဋ္ဌာန်ပြုကြသည်။ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲပြိုင်ပွဲ အမျိုးမျိုးကိုလည်း ဆင်ယင်ကျင်းပကြ သည်။ အစိုးရက နိုင်ငံ့တာဝန်ကို ထူးချွန်စွာ ထမ်းဆောင်သူတို့ကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ် ချီးမြှင့်လေသည်။ နှစ်စဉ်။
(၂)
လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားကို ထိုနေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ယာယီပါလီမန်(တိုင်းပြုပြည်ပြုလွှတ်တော်) အဆောက်အအုံရှေ့တွင် ဖြစ်သည်။ လွှတ်တော်က ရန်ကုန်မြို့အတွင်းဝန်များရုံး(နောင်အခါ ဝန်ကြီးများရုံး)အတွင်းတွင် ဖြစ်သည်။ စာထဲမှာ ဖတ်ရသလို သတင်းမှတ်တမ်း ရုပ်ရှင်ကိုလည်း ကြည့်ခဲ့ရဖူးသည်။
ရန်ကုန်မြစ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော စစ်သင်္ဘော ဗာမင်ဟမ်မှ အခါတော်ကြား အမြောက်ပစ်ဖောက်သံကို ကြားသည်နှင့် ဘင်ခရာအဖွဲ့က တီးမှုတ်သည်။ ဗြိတိသျှ၏ ယူနီယမ်ဂျက် အလံကိုချသည်။ ဥသြဆွဲသံ၊ သေနတ်ပစ်ဖောက်သံ၊ မီးအိုးဗြောက်အိုးသံများက တစ်မြို့လုံး ခြိမ့်ခြိမ့်အုန်း ဆူညံသွားခဲ့သည်။ မီးရှူးမီးပန်းများ ကောင်းကင်တွင် ထိန်ထိန်လင်းသွားသည်။
မြန်မာနိုင်ငံတော်အလံက ဖြည်းဖြည်းချင်း တိုင်ထိပ်ဆီတက်သွားစဉ် အမျိုးသား သီချင်းကို တီးမှုတ်ကြသည်။ အလံတော် တိုင်ထိပ်သို့ ရောက်သည်နှင့် ပုဏ္ဏားတော်များက ခရုသင်းများ မှုတ်ကြသည်။ မင်းပရိသတ် အပေါင်းတို့က အလံတော်ကို အလေးပြုချိတ်တွင် စည်တော်ကို ရွမ်းသည်။
ထိုအခိုက် ပရိသတ်အပေါင်းတို့၏ ရင်တွင်းဝယ် မည်သို့ရှိနေကြမှာပါလိမ့်။
ဝမ်းသာကြည်နူးမှုပီတိတွေ လှိုက်ကာ လှိုက်ကာ ရှိနေလိမ့်မည်။ ကြက်သီးမွေးညင်း ထသူထရှိမည်။ မထိန်းနိုင်တော့သဖြင့် မျက်ရည်စ စီးကျသူတို့ပင် ရှိမည်။ သြော် တို့ တိုင်းပြည် ပြန်လည်လွတ်လပ်ပေပြီကိုး။
ထို့နောက် အခမ်းအနား တက်ရောက်ကြသော မင်းပရိသတ်တို့သည် လွှတ်တော်ခန်းမထဲသို့ စုရုံးကြသည်။ နိုင်ငံတာ်သမ္မတကြီး စဝ်ရွှေသိုက်သည် ဝန်ကြီးချုပ် သခင်နု၊ ယာယီပါလီမန်ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြတို့နှင့် အတူ လွှတ်တော်ခန်းမအတွင်းသို့ ကြွရောက်လာသည့်အခါ ပရိသတ်တို့က မတ်တတ်ရပ်ကာ အရိုအသေ ပေးကြသည်။
သမ္မတကြီးသည် စင်မြင့်ပေါ်တွင် နေရာယူပြီးနောက် သမ္မတရာထူးကို လက်ခံကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အတည်ဖြစ်ကြောင်း ကြေညာလိုက်သော သြဘာသံများ  တစ်ခဲနက် ပေါ်ထွက်လေသည်။
ထို့နောက် လွတ်လပ်ရေး ကြိုးပမ်းရာ  အသက်စွန့်သွားခဲ့ရသူအပေါင်းတို့အတွက် နှစ်မိနစ် ငြိမ်သက်ကြသည်။ ပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်က ‘လွတ်လပ်ရေး ကြေညာစာတမ်း’ ကို ဖတ်ကြားသည်။ ထို့နောက် နိုင်ငံတော်သီချင်း တိုင်ပေးသည်ကို ပရိသတ်တို့က လိုက်ဆိုကြလေသည်။
ထိုနေ့ နံနက်မှာပင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်သည် ဇနီးနှင့်တူ သင်္ဘောဆိပ်သို့ ဆင်းသည်။ ဆိပ်ကမ်းတွင် သမ္မတကြီး၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ မိတ်ဆွေများကို နှုတ်ဆက်ကာ သင်္ဘောပေါ်သို့ တက်လေသည်။ ဗာမင်ဟမ်သင်္ဘောသည် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ထွက်ခွာသွားလေသည်။ အင်္ဂလိပ်၏ ကျွန်ဘဝမှ မြန်မာတို့ လွတ်လပ်ခဲ့ပြီ။
စာကိုဖတ်ရင်း စိတ်ထဲမြင်ယောင်ကာ ဝမ်းသာပီတိကို ခံစားရသည်။ တိုင်းပြည်၏ လွတ်လပ်ရေး ဆုံးရှုံးခဲ့သည့် ကာလတစ်လျှောက် တိုင်းသူပြည်သားတို့မှာ ဒုက္ခနှင့် ခါးသီးမှုတွေကို ခံစားခဲ့ကြရသည်။ လွတ်လပ်ရေးပြန်ရဖို့အတွက် ချွေးများသွေးများနှင့် အသက်ပေါင်းများစွာကို ပေးစွန့်ခဲ့ကြသည့် ရဟန်းရှင်လူ အာဇာနည်ပုဂ္ဂိုလ်တို့၏ ကျေးဇူးတရားတွေ ရှိသည်။ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ ကျွန်တော်တို့လို ကြီးပြင်းလာကြသူများက စာနာစိတ်နှင့် အသိရှိကြရမည်။ လွတ်လပ်ရေး၏ သက်တမ်း အဓွန့်ရှည်လာသည်နှင့်တူ ‘လွတ်လပ်ရေး၏တန်ဖိုး’ တိုးလျက်သာရှိသင့်သည်။ ရယူပေးခဲ့ကြသူတို့ကား မရှိကြတော့ပြီ။ ကိုယ်လို လွတ်လပ်ရေး၏ အမြိုက်အရသာ ခံစားကြသူများသာ လျှင်များသည်။
ထို့ထက်မူ လွတ်လပ်သည့် တိုင်းပြည်ကြီးပေါ် တည်မှီပြီး ‘ဆင်ဖြူတော်မှီပြီး ကြံစုပ်’ ကြသလို ပြုရက်ကြသူများမှာ နိုင်ငံမှ လယ်သမားတွေ အလုပ်သမားတွေ ဝန်ထမ်းတွေ လက်လုပ်လက်စား ရပ်သူရွာသားတွေ ဘယ်လောက်ပဲ ကျောမွဲပြောင်အောင် ဆင်းရဲတွင်း နက်နေကြပါစေ။ ကိုယ့်တစ်ကိုယ်နှင့်တစ်စု တစ်ဖွဲ့တည်း ကြွယ်ပိုးကြွယ်၀ ချမ်းသာကြောင်း ကြံဖန်ယူငင်မဆုံး ရှိကြမူကြောင့် နတ်သုဒ္ဓါတည်းဟူသော လွတ်လပ်ရေး၏ တန်ဖိုးတွင် မစင်တစ်ပဲသား ကျသလိုဟု ခံစားနေမိသည်။
ယခု ခရစ်နှစ်သစ်ဆန်းတွင် လွတ်လပ်ရေး၏ သက်တမ်းသည် (၆၈) နှစ်တင်းတင်း ပြည့်ပါပြီ။ နိုင်ငံတော်ကြီးသာ လူပုဂ္ဂိုလ် ဖြစ်သည့်ဆိုလျှင် ယခုနှစ် သူကြုံရသည့် လွတ်လပ်ရေး အောင်ပွဲနေ့တွင် သူ့ရင်မှာ မည်သို့ မည်ပုံခံစားမိနေမလဲ ကျွန်တော်တွေးမိပြန်သည်။ ၁၉၄၈ ခုနှစ် ကိုလိုနီသံဖနောင့်အောက်မှ ကျွတ်လွတ်ခဲ့စဉ် သူခံစားခဲ့ရသော ခံစားမှုနှင့် ယခုနှစ်တွင် ခံစားရမှု တူနိုင်မလား ကျွန်တော် တွေးကြည့်မိသည်။ ကာလတစ်လျှောက် ဘယ်သူတွေက သူ့မျက်နှာကို အိုးမဲသုတ်နေခဲ့သလို။ ဘယ်သူတွေက သူ့ပြည်သူတွေအတွက် မဟုတ်ဘဲ ကိုယ်ကျိုးသာ ရှာနေခဲ့ကြသလဲ၊ တိုင်းပြည်ကို ဘယ်သူတွေ ရောင်းစားသလို ပြုနေခဲ့ကြသလဲ။ လွတ်လပ်ရေးရဲ့တန်ဖိုးနှင့် သူ့မျက်နှာ ထောက်ထားသူများကို သူဘယ်လောက်များ စောင့်မျှော်ကြိုဆိုနေရသလဲ။ ဒီလိုမျိုးတွေ ခံစားနေလေမလားဟု ကျွန်တော် လျှောက်တွေးမိပါသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတွေ ဆင်ယင်ကျင်းပသည်မှာ ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်ဆိုသော တာဝန်ကို မမေ့မလျော့ သတိရှိကြရန်ဟုလည်း ဆိုထားခဲ့သည်။ ထိုသာဆို မမေ့သာ မမေ့ရှိကြသော်လည်း တကယ်တမ်းတွင်မူ ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးနေပါပြီလား၊ ပြည်သူတွေ လုပ်စားကိုင်စား ဝမ်းစာ၀၀လင်လင် ဖူဖူလုံလုံနှင့် မြေယာနှင့်အိမ်နှင့် အရိပ်အမိုးအောက် လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲကို ဆင်နွှဲနိုင်ကြပါပြီလား။ နိုင်ငံတော်က စကား ဖွင့်ဟမပြောသော်လည်း ပြယုဂ်တွေက ပြလျက်သားရှိချေသည်။ သွားရင်းဟန်လွှဲလည်း မြင်နိုင်သည်။ သေချာကြည့်လေ ပိုမြင်လေရှိကြမည်။
သြော် လွတ်လပ်ရေး၏ သက်တမ်း တစ်နှစ်တစ်နှစ် တိုးလာလေလေ၊ အဓွန့်ရှည်ရှည် လာလေမို့ ပို၍ ပို၍ ဝမ်းသာပျော်ရွှင်လေလေ ဖြစ်ကြရမှာ မဟုတ်ပါလား။
နှစ်ဆန်း ၁ ရက် လင်းအားကြီး အချိန်ပိုင်းသို့ ရောက်လေလေ ကျွန်တော်၏ နားထဲတွင် ဂီတစာဆို အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးဖွဲ့ပြီး အဆိုတော်ကိုအံ့ကြီး၊ အဆိုတော် ဒေါ်မာမာအေးတို့ သီဆိုထားသည့် ‘‘လူချွန်လူကောင်း’’ သီချင်းက စိတ်နားထဲ ကြားယောင်လို့သာရှိတော့သည်။
‘‘ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်၊ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်၊ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်မယ်. . .’’ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၅ ခု သြဂုတ်လ စတုတ္ထ အကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင်မြွက်ကြားသည့် မိန့်ခွန်းမှ)
ကာလတစ်လျှောက် ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့သည့်နောက်တော့ နိုင်ငံတော်အဖို့ ဆိုခဲ့သလိုတွေ ခံစားရလေမှာ ဘာဆန်းတော့မှာလဲ။
တစ်ချိန်ကတော့ မူရင်းအဆိုတော်ကြီး ဒေါ်ကြည်အောင် သီဆိုခဲ့သည့်နှယ် အမိတိုင်းပြည်သည် သီရိမြန်မာပြည် ဖြစ်ခဲ့သည်ပင်။
သံပြိုင် (ရတနာခုနစ်ပါးတည် . . . သာယာစည်ကားသည် . . .ဘုရားရှိတဲ့ အမိမြန်မာပြည်. .အန္တရာယ် ကင်းရှင်းပေသည်)၂ တရားအကျိုးမျှော်သလောက် တန်ခိုးတော်ကြောင့်လို့ ပျိုကြည်အောင်ထင်သည်၊ အဖိုးမပြတ်နိုင်တဲ့ ရတနာသုံးပါး ထင်ရှား တည်လေသည်။
(စပါး၊ ဂျုံ၊ ဆန်၊ ရေနံ၊ ရော်ဘာစုံလို့ xxx သစ်တွေ ဝါးတွေ မကုန်သမို့လဲxxx ဝါဂွမ်းအညီxxx ပဲဝါနှမ်းဆီ)၂ ပြောင်းအခင်းက ကောင်းခြင်း လွန်တာရှည်xxx မြေထဲရှုလိုက်ပြန်တော့... ခဲသတ္တုသံကြွပ် ဘော်တွေတည် ... အဖိုးမဖြတ်နိုင်တဲ့ ရတနာရှိတဲ့ သီရိမြန်မာပြည် . . .။

Most Read

Most Recent