ရွှေဘိုမြို့နယ်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာ၊ လှံဒဏ်ရာဗရပွဖြင့် အုပ်စုဖွဲ့သတ်ဖြတ်ခံရမှု သီတင်းသုံးပတ် ကျော်လွန်သည်အထိ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေး

ရွှေဘိုမြို့နယ်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာ၊ လှံဒဏ်ရာဗရပွဖြင့် အုပ်စုဖွဲ့သတ်ဖြတ်ခံရမှု သီတင်းသုံးပတ် ကျော်လွန်သည်အထိ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေး
Published 1 January 2016
ရဲရင့်အောင်

ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာတွင် ဒီဇင်ဘာလဆန်းပိုင်းက ဓားဒဏ်ရာ၊ လှံဒဏ်ရာ ဗရပွဖြင့်အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခြင်း ခံခဲ့ရပြီး အုပ်စုဖွဲ့ ကျူးလွန်သော လူသတ်တရားခံများကို ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။လူသူပြတ်လပ်ခြင်းမရှိသည့် အချိန်နှင့် နေရာတွင် ခန္ဓာကိုယ်ထုတ်ချင်းပေါက် ဒဏ်ရာ၊ နားရွက်တစ်ဖက်ပြတ်နေကာ ထိုးသွင်းဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို ဒီဇင်ဘာ  ၈ ရက်ညပိုင်းက တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောကြားပြီး သီတင်းသုံးပတ်ခန့်ကြာမြင့်လာချိန်ထိ ကျူးလွန်သူများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။“ရွာရဲ့လူစည်ကားတဲ့ လမ်းမကြီးမှာ အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာပါ။ လူသတ်မှုဖြစ်ခဲ့တဲ့ နေရာနားက ဈေးဆိုင်က ပုံမှန်ဆိုည ၉ နာရီမှ ပိတ်တယ်။ လူသတ်မှု ဖြစ်သွားတာကည ၈ နာရီ ၁၅ လောက်မှာ ဖြစ်သွားတာ။ သေဆုံးသူက ဦးသန့်စင် (၃၉ နှစ်) ပါ။ သူ့တိုကလမ်းမှာအုပ်စုဖွဲ့ ရှေ့နောက် ညှပ်ပိတ်ပြီး သတ်ဖြတ်သွားတာပါ”ဟု မြင်းစီးကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။လူသူပြတ်လပ်ခြင်းမရှိချိန်တွင် အုပ်စုဖွဲ့ သတ်ဖြတ်ခြင်းဖြစ်သော်လည်း ဒေသခံများက အလွန်အမင်း ထိတ်လန့်လျက်ရှိခြင်းကြောင့် အမှုမှန် ပေါ်ပေါက်ရန် ခက်ခဲလျက်ရှိပြီး လတ်တလော အမှုစစ်ဆေးချက်များအရ တရားခံများကိုဖမ်းဆီးရန် လုံလောက်သော သက်သေအထောက်အထား မရရှိသေးကြောင်း အမှုစစ်ရဲတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်သူမှမဖြေရဲကြဘူး။ ထိတ်လန့်နေကြတယ်။ ကျွန်တော်တို့အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင်တော့ စုံစမ်းဖော်ထုတ်သွားမှာပါ”ဟု နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းနောင်နောင်ဦးက ပြောကြားသည်။ဦးသန့်စင်သည် သတ်ဖြတ်ခြင်း မခံရမီ ရက်အနည်းငယ်က ၎င်း၏ဆွေမျိုးတစ်ဦး အကြောင်းမဲ့ ရိုက်နှက်ခံရခြင်းကြောင့် မြင်းစီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အချင်းများခဲ့ကြောင်းသိရပြီး အုပ်စုဖွဲ့ ကျူးလွန်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို သတင်းစကားများ ထွက်ပေါ်လျက် ရှိနေသည်။“သေဆုံးသွားတာက ကျွန်တော့်အစ်ကိုပါ။ စိတ်ဝေဒနာသည် ညီဖြစ်သူကို အုပ်ချုပ်ရေးမှူးရဲ့တူနဲ့ အပေါင်းအဖော်က ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး အစ်ကိုနဲ့ အုပ်ချုပ်ရေးမှူးတို့ အချင်းများခဲ့ကြတယ်။ အဲဒီဖြစ်စဉ်အပြီး ငါးရက်အကြာမှာ အစ်ကို ဒီလိုရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။ ဒါပေမယ့် ဒီဖြစ်စဉ် ကျူးလွန်မှုနဲ့ ပတ်သက်ပြီး ရွာထဲကလူတွေ အားလုံးလန့်နေကြတယ်။ ရဲတွေကို ဖြောင့်ချက်ပေးလိုက်ရင် သူတို့ပါ အသတ်ခံရမှာကို ကြောက်နေကြတာ” ဟု သေဆုံးသူ၏ ညီဖြစ်သူ ကိုမင်းသူက ပြောကြားသည်။သေဆုံးသူ၏ ရက်လည်တရားနာပြီးသည့် နေ့မှစ၍ မြင်းစီးကျေးရွာတွင် ည ၈ နာ ရီနောက်ပိုင်း အပြင်ထွက်ခြင်း မပြုရန် ကျေးရွာအုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း၊ မြင်းစီးကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသတစ်ခုဖြစ်ပြီး ဥပဒေစိုးမိုးမှု အလွန်အားနည်းကြောင်း ဒေသခံများက ဆိုသည်။