ပါဝါအကြောင်း တစေ့တစောင်း

ပါဝါအကြောင်း တစေ့တစောင်း
Published 1 January 2016
ကျွန်း

"လူတွေ မိမိပါဝါကို စွန့်လွှတ်လေ့ရှိတဲ့ အများဆုံး နည်းလမ်းက မိမိမှာ ပါဝါမရှိဘူးလို့ စဉ်းစားခြင်းအားဖြင့်ပါပဲ။"စာရေးဆရာ- အဲလစ်ဝေါ်လ်ကာအထက်ပါ ကောက်နုတ်ချက်ကလေးကို စတင်ဖတ်ဖူးချိန်က ကျွန်မမှာ စွန့်လွှတ်စရာ ပါဝါဆိုတဲ့ အရာရော တကယ်ရှိရဲ့လားလို့ တွေးခဲ့မိဖူးပါတယ်။ ပါဝါအကြောင်းကို စဉ်းစားကြတိုင်းမှာ ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေး၊ ဂုဏ် စတာတွေကိုသာ အဓိက စဉ်းစားဖြစ်တဲ့ အတွက် မိမိမှာ ပါဝါမရှိဘူး၊ ဒါမှမဟုတ် မိမိပါဝါက အလွန်နိမ့်ပါးတယ်လို့ ယူဆမိတတ်ကြတာပါ။ အမေရိကန်နိုင်ငံ မစ်ချီ ဂန်တက္ကသိုလ်က ပို့ချတဲ့ ပါဝါနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို နားထောင်ခွင့်ရမှ ပါဝါဆိုတာ ကျွန်မ ထင်ထားခဲ့တဲ့ အရာတွေသက်သက် မဟုတ်ကြောင်း နားလည်လာခဲ့ပါတယ်။ အခြေခံ ပါဝါကိုက သုံးမျိုးရှိပါသတဲ့။အဲဒီအခြေခံပါဝါ သုံးမျိုးက ဖွဲ့စည်းပုံအရ ရှိတဲ့ပါဝါ (Structural Power)၊ ပုဂ္ဂိုလ်ရေး အရရှိတဲ့ ပါဝါ (Personal Power)၊ သိမြင်နားလည်မှုတွေကြောင့် ရရှိတဲ့ပါဝါ (Cognitive Power) တွေဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ ရှိထားတဲ့ ပါဝါတွေကို ထပ်မံ အသေးစိတ် ခွဲကြည့်မယ်ဆိုရင် တရားဝင် (Legitimate) ရရှိထားတဲ့ ပါဝါ၊ သူတစ်ပါးကို ဆုလာဘ် (Reward) ပေးနိုင်စွမ်းရှိတဲ့ ပါဝါနဲ့ အတင်းအကျပ် (Coercion) စေခိုင်းနိုင်တဲ့ ပါဝါဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါသတဲ့။ ပါဝါဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ကျွန်မတို့ စစဉ်းစားလေ့ရှိကြတဲ့ ရာထူး၊ လုပ်ပိုင်ခွင့်၊ အာဏာစတဲ့ အရာတွေက တရားဝင် ပါဝါဆိုတဲ့ အမျိုးအစား အောက်ထဲကို ရောက်ပါတယ်။ သို့ပေမဲ့ အဲဒီတရားဝင် ပါဝါထဲမှာတင် ကျွန်မတို့ ပါဝါရယ်လို့ သတိမပြုမိတတ်ကြတဲ့ လူတွေ၊ အဖွဲ့အစည်းတွေနဲ့ ကွန်ရက်ရှိခြင်းဆိုတဲ့ အရာ၊ ပါဝါမြင့်မားသူတွေနဲ့ သိကျွမ်း ခင်မင်ခြင်းဆိုတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ သူတစ်ပါးကို ဆုလာဘ်တွေ ပေးနိုင်စွမ်းရှိတဲ့ ပါဝါက ငွေကြေးတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ လူတစ်ယောက်ကို ပံ့ပိုးကူညီမှုပေးခြင်း၊ အကျိုးတစ်စုံတစ်ရာ ရှိသွားစေခြင်း၊ မျက်နှာသာပေးခြင်း၊ ပျော်ရွှင်သွားစေခြင်း စတာတွေလည်း ပါဝင်ပါတယ်။ အတင်းအကျပ် စေခိုင်းနိုင်တဲ့ ပါဝါက ရာထူး၊ အာဏာတွေကြောင့် သာမကပါဘူး၊ ခင်မင်မှု၊ တော်စပ်မှု စတာတွေကို အကြောင်းပြုပြီးလည်း ရှိတတ်ပါတယ်။ပုဂ္ဂိုလ်ရေး အရရှိတဲ့ ပါဝါတွေကလည်း ကျွန်မတို့ သတိပြုမိဖို့ ခဲယဉ်းတဲ့ ပါဝါအမျိုးအစားတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပါဝင်တာတွေက လူတစ်ဦးတစ်ယောက်ရဲ့ ကျွမ်းကျင်မှု၊ သတင်းအချက်အလက်ရှိမှု၊ အခြားသူတွေက သူဟာ ဘယ်လိုလူပါဆိုပြီး ညွှန်းဆိုမှုတွေ ဖြစ်ပါတယ်။ မိမိမှာရှိတဲ့ ကျွမ်းကျင်မှုက ရှားပါး၊ တန်ဖိုးရှိပြီး၊ အခြားသူတွေက လိုချင်တဲ့ အရာဆိုရင် ပါဝါ မြင့်မားပါသတဲ့။ မိမိမှာရှိတဲ့ သတင်းအချက်အလက်တွေက ရှားပါး၊ တန်ဖိုးရှိပြီး အခြားသူတွေ လိုချင်တာမျိုးဆိုရင် မိမိရဲ့ ပါဝါက ပိုတက်သွားပါသတဲ့။ 'ဗဟုသုတက ပါဝါပါ' ဆိုတဲ့ စကားက ဒီခေါင်းစဉ်အောက်ထဲကို ရောက်ပါလိမ့်မယ်။ အခြားသူတွေက မိမိကို ဘယ်လိုလူဆိုပြီး ညွှန်းဆိုတဲ့ ပါဝါက မိမိကို အခြားသူတွေက မြင်ထားတဲ့အမြင်၊ ခင်မင်မှု၊ နှစ်လိုမှု၊ ဆွဲဆောင်နိုင်မှု စတာတွေ အပေါ်မှာ မူတည်နေပါတယ်။သိမြင်နားလည်မှုတွေကြောင့်ရတဲ့ ပါဝါက မိမိရဲ့ အတွင်းစိတ်ထဲက သိမြင်လက်ခံမှုတွေကနေ ဖြစ်လာတဲ့ အရာပါ။ အဲဒါက ပြင်ပကလာတဲ့ စေ့ဆော်ချက်တွေကြောင့် မိမိကိုယ် မိမိမြင်တဲ့ ပုံစံဖြစ်နိုင်သလို၊ မိမိရဲ့ အတွင်းစိတ်ထဲက စွဲမြဲစွာ ယုံကြည်ထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါသတဲ့။ ဥပမာပြောရရင် လူတွေက ကိုယ့်ကို မခေါ်မပြောချင်ဘူး၊ နှိမ်ချ ဆက်ဆံတယ်လို့ မြင်နေမိရင် ပုံမှန်အားဖြင့် သိမ်ငယ်စိတ်ဝင်ပြီး ပါဝါနိမ့်ကျသွားနိုင်ပါတယ်။ သို့ပေမဲ့ မိမိရဲ့ အတွင်းစိတ်ထဲက မိမိဟာ တန်ဖိုးရှိတဲ့လူလို့ စွဲမြဲစွာ ယုံကြည်ထားသူ တစ်ယောက်ကတော့ အဲဒီလို မြင်မိ၊ ခံစားမိတဲ့ အချိန်မျိုးမှာတောင် ပါဝါက များစွာနိမ့်ကျသွားမှာ မဟုတ်ပါဘူး။     ပါဝါဆိုတဲ့ အရာက တစ်သမတ်တည်း ရှိနေတဲ့ အရာမျိုး မဟုတ်ပါဘူး။ လူတစ်ဦးက အခြားသူ တစ်ဦးအပေါ်မှာ သက်ရောက်နေတဲ့  ပါဝါက အခြား မတူညီသူ တစ်ဦးအပေါ်မှာ ဒီအတိုင်းရှိချင်မှ ရှိပါလိမ့်မယ်။ ဥပမာ အလုပ်ရှင်က အလုပ်သမား အပေါ်မှာ ရှိနေတဲ့ ပါဝါက အလုပ်ရှင်ရဲ့ မိတ်ဆွေအပေါ်မှာ တူညီစွာ သက်ရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပါဝါက နှိုင်းယှဉ်မှုတွေ အပေါ်မှာ မူတည်ပါတယ်။ အခြေအနေတွေ အပေါ်မှာလည်း မူတည်ပါတယ်။ ထိန်းချုပ်မှု အတိုင်းအတာလည်း ကွာဟတတ်ပါတယ်။ အမှန်တကယ် ပါဝါရှိတာ ဖြစ်နိုင်သလို ပါဝါရှိနေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  ပါဝါရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ များစွာရှိပေမယ့် အဲဒါတွေကို ပြန်ချုပ်လိုက်ရင် အခြေခံအားဖြင့် နှစ်ခုရှိပါတယ်။ တစ်ခုက လွှမ်းမိုး သက်ရောက်စေနိုင်တဲ့ အရာရယ်လို့ဖြစ်ပြီး အခြားတစ်ခုက ရလဒ်တွေကို ထိန်းချုပ်နိုင်စွမ်း ဖြစ်ပါတယ်။ ပါဝါကို လိုချင်တယ်၊ ပါဝါ မြင့်မားချင်တယ်ဆိုတဲ့ အရာက ဆိုးရွားတဲ့ ကိစ္စရပ်လို့ ထင်မြင် ယူဆစရာ ရှိပါတယ်။ သို့ပေမဲ့ ကောင်းမွန်စွာ အသုံးပြုတတ်ရင် ပါဝါက မိမိကောင်းကျိုးအတွက် သာမကဘဲ အများကောင်းကျိုးအတွက်ပါ အသုံးပြုနိုင်တဲ့ အရာပါ။    အခြေခံ ပါဝါတွေနဲ့ ပါဝါတစ်ခုချင်းစီမှာ ပါဝင်နေတဲ့ အချက်တွေကို သိရှိသွားတဲ့ အချိန်မှာ ပါဝါ မြှင့်တင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်ကြောင်း သတိပြုမိလာပါလိမ့်မယ်။ အချို့သော တိုးတက် ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်တွေ၊ ကျန်းမာရေးဆိုင်ရာ စီမံချက်တွေမှာ ပြောဆိုနေတဲ့ Empower လုပ်တယ် ဆိုတာတွေကလည်း သူတို့ရဲ့ ဦးတည်အုပ်စုဝင်တွေကို ပါဝါမြှင့်တင်ပေးဖို့ ကြိုးစားနေခြင်း ဖြစ်ပါတယ်။ဖွဲ့စည်းပုံအရ ရှိထားတဲ့ ပါဝါတွေထဲက တရားဝင်ရထားတဲ့ ပါဝါတွေကို မြှင့်တင်နိုင်တဲ့ နည်းလမ်းတစ်ခုက မိမိမှာ ရှိထားပြီးသား ရာထူး၊ ပညာရပ်၊ ဘွဲ့၊ ဂုဏ် စတာတွေကို လူတွေ မြင်သာအောင် ပြုလုပ်ခြင်းပါ။ ဒါက အမည်ကတ်ပြားမှာ မိမိမှာ ရရှိထားတာတွေကို ဖော်ပြ ရိုက်နှိပ်ထားတာမျိုး ဖြစ်နိုင်သလို၊ ရထားတဲ့ တံဆိပ်၊ အမှတ်အသားတွေကို လူမြင်အောင် ပြသ၊ တပ်ဆင်ခြင်းမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ပါဝါမြင့်မားသူတွေနဲ့ သိကျွမ်းခင်မင်အောင် ဆောင်ရွက်ခြင်း၊ မိမိမှာ ရှိထားတဲ့ ခင်မင်သူ၊ သိကျွမ်းသူ ကွန်ရက်ကို ချဲ့ထွင်ခြင်းအားဖြင့်လည်း ပါဝါပိုမို မြင့်မားလာအောင် ဆောင်ရွက်လို့ ရနိုင်ပါတယ်။ ဆုလာဘ်ပေးနိုင်စွမ်းရှိတဲ့ ပါဝါကိုတော့ လိုအပ်နေသူတွေကို မိမိတတ်စွမ်းသလောက် ပံ့ပိုး ကူညီခြင်း၊ အကျိုးတစ်စုံတစ်ရာ ရှိစေခြင်း၊ ပျော်ရွှင် စိတ်ချမ်းသာစေခြင်း စတာတွေနဲ့ မြှင့်တင်နိုင်ပါတယ်။ အတင်းအကျပ် လုပ်နိုင်စွမ်းရှိတဲ့ ပါဝါကတော့ မြှင့်တင်ဖို့မသင့်၊ အသုံးပြုဖို့ မသင့်တဲ့ ပါဝါအမျိုးအစား ဖြစ်ပါတယ်။ အဲဒါက လတ်တလောမှာ အကျိုးရရှိနိုင်ပေမယ့် ရေရှည်မှာ ဆုံးရှုံးရမှု များစေတဲ့ ပါဝါအမျိုးအစား ဖြစ်ပါတယ်။ မိမိကို သူတစ်ပါးက အတင်းအကျပ် ခိုင်းစေတာကို ဘယ်သူကမှ မကြိုက်မနှစ်သက်ကြပါဘူး။ အဲဒီအတွက် အပျက်သဘော သက်ရောက်မှုတွေကို ပြန်လည် ရရှိနိုင်ပါတယ်။ပုဂ္ဂိုလ်ရေးဆိုင်ရာ ပါဝါတွေကို မိမိရဲ့ အရည်အသွေးတွေကို မြှင့်တင်ရာက ရရှိနိုင်ပါတယ်။ အများအတွက် အသုံးဝင်တဲ့ အတတ်ပညာ တစ်ခုခုကို ကောင်းမွန်စွာ ကျွမ်းကျင်မှုက မိမိရဲ့ ပါဝါပါပဲ။ ရှားပါးတန်ဖိုးရှိတဲ့ သတင်း အချက်အလက်တွေကို ပိုမိုလက်လှမ်းမီ သိရှိသူဖြစ်အောင် ကြိုးစားခြင်းအားဖြင့်လည်း ပါဝါမြှင့်တင်နိုင်ပါတယ်။ သတင်း အချက်အလက်တွေကို ဖြန့်ဝေပေးနိုင်သူ၊ သတင်း အချက်အလက် ရှိရာနေရာတွေနဲ့ ချိတ်ဆက်ပေး နိုင်သူတစ်ဦး အနေနဲ့လည်း ပါဝါမြှင့်တင်နိုင်ပါတယ်။ အခြားသူတွေက မိမိကို ဘယ်လိုလူဆိုပြီး ညွှန်းဆိုတဲ့ ပါဝါကလည်း လေ့ကျင့်သင်ယူပြီး မြှင့်တင်လို့ ရပါတယ်။ ဆွဲဆောင်စည်းရုံးနိုင်တဲ့ စွမ်းရည်တည်ဆောက်ခြင်း၊ ကောင်းမွန်တဲ့ ဆက်နွှယ် ပတ်သက်မှုတွေ တည်ဆောက်နိုင်သူ ဖြစ်အောင် ကြိုးစားခြင်းတွေနဲ့ မိမိရဲ့ ပါဝါကို မြှင့်တင်နိုင်ပါတယ်။သိမြင်နားလည်မှုဆိုင်ရာ ပါဝါကို မိမိရဲ့ ကိုယ်ဟန်အနေအထား၊ စိတ်နေသဘောထား၊ အမြင်တွေကို ပြုပြင်ခြင်းအားဖြင့် ရရှိနိုင်ပါတယ်။ ပွင့်လင်းတဲ့ ကိုယ်ဟန်အနေအထားက အများအမြင်မှာရော၊ မိမိကိုယ်တိုင်မှာပါ ပါဝါရှိသူရယ်လို့ ခံစားမိစေနိုင်ပါတယ်။ မိမိရဲ့အတွင်းစိတ်ထဲမှာ ယုံကြည်ထားတာတွေ၊ တရားသေ ဆုပ်ကိုင်ထားတာတွေကို ပြန်လည် စိစစ်ပြီး မှားယွင်းနေတာတွေကို သုံးသပ် ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။ မိမိပါဝါ မြင့်မားခဲ့ဖူးတဲ့ အနေအထားမျိုးရှိရင် အဲဒီအခြေအနေကို ပြန်သတိရခြင်းက အတွင်းက ပါဝါကို ပြန်လည် မြင့်မားစေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ မိမိရဲ့ လက်ရှိအနေအထားက ပါဝါမြင့်မားပါလျက်နဲ့ အတွင်းထဲက အဲဒါကို မခံစားမိတာမျိုးလည်း ဖြစ်နိုင်တာမို့ မိမိရဲ့ လက်ရှိအခြအနေကို ပြန်သတိပေးဖို့လည်း လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ကြောင်ကလေးက မှန်ကြည့်ပြီး သူ့ကိုယ်သူ ခြင်္သေ့လို့ မြင်နေတဲ့ ရုပ်ပုံကလေးကို တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ သိမြင်နားလည်မှု ပါဝါက အဲဒါနဲ့ အလားသဏ္ဌာန်တူပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က ခြင်္သေ့လောက် ပါဝါရှိနေပေမယ့် ကိုယ့်ကိုယ်ကိုယ် ကြောင်ကလေးလောက်ပဲ မြင်နေမိတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်တာမို့ အတွင်းစိတ်ကို ဆန်းစစ် သတိပေးရင်း သိမြင်နားလည်မှု ပါဝါကို မြှင့်တင်နိုင်ပါတယ်။  ပါဝါဆိုတာက တကယ်တော့ တာဝန်နဲ့ တွဲလျက်ဖြစ်ပါတယ်။ ပါဝါကြီးလာလေ၊ တာဝန်ကြီးလာလေပါပဲ။ လူအများစုမှာ ပါဝါရရှိလာရင်၊ အလွန်သေးငယ်တဲ့ ပါဝါကလေးပဲ ဖြစ်ပါစေ၊ အလွဲသုံးစားပြုချင်တဲ့ သဘာ၀ ရှိပါတယ်။ (ကျွန်မ ရှေ့ပိုင်းမှာ ရေးခဲ့ဖူးတဲ့ ဆောင်းပါးတွေထဲက) မေလ်ဂရန် စမ်းသပ်ချက်နဲ့ စတန်ဖို့ဒ်ထောင် စမ်းသပ်ချက်တွေထဲမှာ အဲဒါတွေကို မြင်သာစွာ တွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် ပါဝါမြှင့်တင်နိုင်တဲ့ နည်းလမ်း အနည်းငယ်ကို သိရှိ သတိပြုမိလာချိန်မှာ ပါဝါရဲ့ ကြီးမားတဲ့ တာဝန်နဲ့၊ အလွဲသုံးစား မပြုသင့်ကြောင်းတွေကိုလည်း မေ့မသွားကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။မိမိ ကိုယ်တိုင်အတွက်ရော၊ အများအကျိုးအတွက်ပါ မှန်ကန်ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိအောင် ဆောင်ရွက်နိုင်ကြဖို့၊ အပြုသဘောဆောင်တဲ့ လွှမ်းမိုး သက်ရောက်မှုတွေ ပြုလုပ်နိုင်ကြဖို့ အတွက် ပါဝါမြင့်မားသူတွေ ဖြစ်နိုင်ကြပါစေ။
(Ref: Influencing people Course offered by University of Michigan in Coursera)

Most Read

Most Recent