လယ်မြေ အသိမ်းခံရမှုအတွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သော ရေပူရွာမှ တောင်သူဦးမြင့်အောင်၏ တူမနှင့် တောင်သူ ၁၂ ဦးအား စိုက်ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှု၊ ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုထားမှု တတိယအကြိမ်စစ်ဆေး

လယ်မြေ အသိမ်းခံရမှုအတွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သော ရေပူရွာမှ တောင်သူဦးမြင့်အောင်၏ တူမနှင့် တောင်သူ ၁၂ ဦးအား စိုက်ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှု၊ ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုထားမှု တတိယအကြိမ်စစ်ဆေး
Published 1 January 2016
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူရွာတွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့သော တောင်သူဦးမြင့်အောင်၏ တူမ မမော်မော်ဦး ဦးဆောင်သော တောင်သူ ၁၂ ဦးအား စိုက်ကွင်းအတွင်း ဝင်ရောက်မှု၊ ဖျက်ဆီးမှုတို့ဖြင့် အရှေ့ပိုင်တိုင်း စစ်ဌာနချုပ် စိုက်ကွင်းတာဝန်ခံမှ တရားစွဲဆိုထားမှု တတိယမြောက် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၃၁ ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွန်လုံ ကျေးရွာအုပ်စု၊ ရေပူရွာတွင် တောင်သူများနှင့် မြေယာပြဿနာ အရှုပ်အရှင်း ဖြစ်နေသော မြေဧကပေါင်း ၂၀၀၀ ကျော်ရှိပြီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ သိမ်းယူခဲ့သော မြေယာဧက ၄၀၀၀ ကျော် ရှိကြောင်း သိရသည်။ ရေပူရွာတွင် တောင်သူပေါင်း ၁၅၀ ကျော် ပိုင်ဆိုင်သော မြေယာဧက ၂၀၀၀ ကျော်၌ အငြင်းပွားနေခြင်းဖြစ်ပြီး ဦးမြင့်အောင်၏တူမ ဒေါ်မော်မော်ဦး အပါအဝင် တောင်သူ ၁၂ ဦးကို တရားစွဲဆိုထားခြင်း ဖြစ်သည်။
“သူတို့ဘက်က သက်သေလာရင် ခေါ်စစ်ပေးမယ် ပြောတယ်။ ဒုတိယ ရုံးချိန်းတုန်းက သူတို့ ဘက်က သက်သေ ထွက်ဆိုချက် စစ်ဆေးတယ်။ ဒီတစ်ခေါက်လည်း တရားလို သက်သေ ထွက်ဆိုချက်ပဲ စစ်ဆေးမယ်ထင်တယ်။ အစ်မတို့ဘက် ဦးတဖေဆိုတဲ့ တောင်သူ သူ့ခြံထဲမှာ ဖြစ်တာ။ ဒီဇင်ဘာ ၂၃ ရက်က တရားရုံးမှာ သွားလျှောက်တော့ မပြည့်စုံဘူးဆိုပြီး ပြန်ပြင်ပေးလိုက်တယ်။ ဒီနေ့ ရဲစခန်းမှာ ပြန်ပြင်ရဦးမယ်။ တင့်လွင်ရယ် ကိုဝင်းထူးရယ် အပါ သုံးဦးလို့ ရေးထားတာပေါ့။ သူတို့ဘက်က သုံးဦးရဲ့ အမည်ကို အတိအကျ ဖော်ပြပါဆိုလို့ စာပြန်စီခိုင်းတာပေါ့။ အစ်မတို့ဘက်ကလည်း တရားစွဲထားတယ်။ အမည် အတိအကျ ပြောပါဆိုလို့ ပြန်လုပ်ခိုင်းတာပေါ့။ အမှန်တကယ်က သူတို့ဘက်က ဖျက်ဆီးတာ။ အစ်မတို့ လက်ရှိခံနေရတာ တောင်သူတွေက။ သူတို့က ဖျက်ဆီးတာကို အကျိုးပျက်စီးပါတယ်ဆိုပြီး အမှုဖွင့်တယ်။ တကယ်တမ်း အစ်မတို့ တောင်သူ စိုက်ထားတာကို သူတို့ဖျက်ဆီးတာကို သူတို့ဟာကို အစ်မတို့က ဖျက်ဆီးပါတယ်ဆိုပြီး တရားစွဲတာပေါ့။ အခု အစ်မတို့က ပြောင်းဖူးတွေ စိုက်ပျိုးပြီးသားကို သစ်တွေလာချလို့ ပျက်စီးသွားတာကို တစ်ဖန် တရားပြန်စွဲမှာပေါ့”ဟု တောင်သူဦးဆောင်သူ မမော်မော်ဦးက ပြောကြားသည်။
“အခု တောင်သူ ၁၂ ဦးကို တရားစွဲတာ ပထမစဖြစ်တာက မြေသိမ်းမှုက စတာပေါ့။ တောင်သူဦးမြင့်အောင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီးတော့ သတ်သေသွားတဲ့ ကိစ္စမှာ ပိုပြီး ပြင်းပြင်းထန်ထန် ဖြစ်လာတာပဲ။ နဂိုတုန်းကတော့ တောင်သူကလည်း ဝင်လုပ်တယ်။ ဟိုးအရင် တုန်းက တစ်ဧကကို ဘယ်လောက်ဆိုပြီး သတ်မှတ်တယ်။ နောက်တော့ ကာကွယ်ရေး ဦးစီးချုပ်တွေကလည်း ကြေညာတယ် ကြားတယ်။ ဖက်စပ်လုပ်ခြင်း၊ အခကြေးငွေ ငှားရမ်း လုပ်ကိုင်ခြင်း မလုပ်ရဘူးဆိုတော့ တောင်သူတွေကို ထွက်ခိုင်းတဲ့ သဘောရှိတယ်။ တောင်သူတွေကလည်း သူတို့လုပ်လက်စ မြေကိုမထွက်ဘူး ဆက်လုပ်ချိန် နောက်ဆုံး လူသေ တရားစွဲထိကို ဖြစ်တာပါပဲ”ဟု တောင်သူလယ်သမား သမဂ္ဂခေါင်းဆောင် ဦးတင်ရွှေက ဆိုသည်။
“တတိယမြောက် ရုံးချိန်းမှာ တရားလိုပြ သက်သေကိုသာ စစ်ဆေးမှုပဲ ရှိတယ်။ စိုက်ကွင်း တာဝန်ခံ ဗိုလ်ကြီးဝင်းထွန်းအောင် အချုပ်ထဲ ရောက်နေချိန် သူ့နေရာ အစား ရောက်နေတဲ့ ဗိုလ်မှူးအောင်ဌေး၊ တောင်သူက တကယ်တမ်း တပ်မတော်ပိုင် မြေကျူးကျော်တယ်။ သူများမြေတွေ လုနေတယ်ဆိုရင် ဒါဥပဒေတိုင်း ခံရမယ့်လူက ခံပေါ့။ ဒါပေမဲ့ သူတို့မြေတွေ သူတို့ပြန်လုပ်တဲ့ သူတွေကို ထောင်မကျကျအောင် ချမယ်ဆိုတဲ့ စကားကလည်း ဦးတို့အနေနဲ့ သိပ်လက်မခံချင်ဘူး။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ ဗိုလ်မှူးအောင်ဌေးဟာ တရားသူကြီးက မခေါ်ပါဘဲနဲ့ ဝင်တွေ့တယ်။ ဒါကို ဦးတို့ စဉ်းစားကြည့်တာက သူဖိအား တစ်ခုခုပေးသလား။ အဓိပ္ပာယ် ပေါက်နေ တယ်လေ။ ဒါကလည်း ဥပဒေအရ ပြောရင် မဖြစ်သင့်ဘူး။ တရားသူကြီးက ခေါ်တွေ့လို့ ဖြေလည်း ဒါတရားဥပဒေ ကြောင်းအရပေါ့။ ဒါပေမဲ့ ရုံးချိန်းပြီးချိန်မှာ ၁၂ ယောက်ကိုရော သက်သေတွေ အကုန်လုံးအပြင်ကို ထုတ်ချိန် သူဝင်တွေ့တယ်ဆိုတာ ရိုးသားမှုမရှိဘူးလို့ ဦးတို့အနေနဲ့ ယူဆတယ်”ဟု ဦးတင်ရွှေက ရှင်းပြသည်။
ရေပူရွာတွင် တောင်သူတစ်ရာကျော် ရှိကြောင်း၊ လောလောဆယ်တွင် တောင်သူ ၁၂ ဦးကို ဦးတည်ပြီး ဖြစ်နေကြောင်း၊ တောင်သူ တစ်ဦးချင်းစီကို လိုက်တားမြစ်နေကြောင်း၊ တရားစွဲဆို ထွက်ဆိုနေချိန်တွင်လည်း စိုက်ကွင်းများအတွင်း ဝင်ရောက်ရိတ်သိမ်းခြင်း မပြုရန် တားမြစ်ချက်များ ထုတ်ထားသဖြင့် တောင်သူပိုင် ပြောင်းဖူးများ ခူးခွင့်မရသေးကြောင်း သိရသည်။ အမှုဖြစ်ပွားနေသော ဒီဇင်ဘာလတွင် စကာ စိုက်ကွင်းများအတွင်း မဝင်ရ၊ တောင်သူများ စိုက်ပျိုးထားသော ပြောင်းဖူးများ၊ သီးနှံများမခူးရဟု စစ်တပ်မှ တားမြစ်ခြင်းများ ရှိနေကြောင်း သိရသည်။
“ဦးလေးတို့ တောင်သူတွေဟာ ဘိုးစဉ်ဘောင်ဆက်ပေါ့လေ။ သူတို့အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလာတဲ့ မြေပေါ်မှာ တရားသဖြင့် စိုက်ပျိုးလာတဲ့ သီးနှံမြေယာတွေကို ဆုံးရှုံးမယ်ဆိုတဲ့ ကိစ္စမျိုးတွေ မဖြစ်အောင် တောင်သူတွေဘက်က ရနိုင်တဲ့ အခွင့်အရေး၊ တရားဥပဒေတွင်းက ရနိုင်တဲ့ ခံစားခွင့်တွေကို နည်းလမ်းမှန်သမျှ ဦးလေးတို့က ကြိုးစားမှာပဲ”ဟု တောင်သူလယ်သမား သမဂ္ဂခေါင်းဆောင် ဦးတင်ရွှေက ပြောကြားသည်။
ရေပူရွာမှ တောင်သူ ၁၂ ဦးဘက်မှ ရှေ့ နေ ဒေါ်မြမြဉ္ဇူကလိုက်ပေးပြီး၊ ပုဒ်မ-၄၄၇ နှင့် ၄၂၇ တို့ဖြင့် အမှုကို နှစ်ဖက်ကြားနာ စစ်ဆေးနေကြောင်း သိရသည်။
တောင်သူဦးမြင့်အောင်သည် သူ၏တူမဖြစ်သူနှင့် တောင်သူများကို ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားပြီဟူသော သတင်းကြောင့် ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူရွာတွင် မေလ ၂၁ ရက် မနက်ပိုင်း ၇ နာရီခန့်၌ ရ.ပ.ခ စစ်တပ်မှ သိမ်းယူထားသော မြေများ ပြန်လည်စွန့်လွှတ်ရန် အတွက် ဦးမြင့်အောင်သည် မိမိကိုယ်ကို မီးရှို့ သေကြောင်းကြံပြီး ဆန္ဒပြခဲ့သဖြင့်၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ အရေးပေါ် လူနာအဖြစ် တက်ရောက်ခဲ့ပြီး၊ အသက် (၆၃) နှစ်အရွယ် တောင်သူဦးမြင့်အောင်သည် မေ  ၂၂ ရက် နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်တွင် ဆုံးပါးသွားကြောင်း ဖြစ်သည်။

Most Read

Most Recent