တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ခံစားမည့် ကိုယ်စားလှယ်များအနေဖြင့် ကိုယ်ရေးအချက်အလက်များအား ဇန်နဝါရီ ၈ ရက် နောက်ဆုံးထားကာ အမျိုးသားလွှတ်တော်ရုံးသို့ တင်ပြရန် ဒီဇင်ဘာ ၃၁ ရက်က လွှတ်တော်ရုံးမှ အသိပေးကြောင်း သိရသည်။အမျိုးသားလွှတ်တော် ညွှန်ကြားရေးမှူးချုပ်က “လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များထဲမှာ ယခင်က ရရှိခဲ့တဲ့ နိုင်ငံရေးပင်စင်ကို ခံစားနေတဲ့ ကိုယ်စားလှယ်များလည်း ရှိနိုင်ပါတယ်။ အခုမှ တစ်လုံးတစ်ခဲ တည်းသော နိုင်ငံရေးပင်စင်ကို ခံစားမယ့် ကိုယ်စားလှယ်များလည်း ရှိပါလိမ့်မယ်။
ခံစားရမယ့်အပိုင်းမှာ နှစ်ပိုင်းရှိပါတယ်။ လစဉ် နိုင်ငံရေးပင်စင်ကို ယခင်က ခံစားခဲ့သော ပုဂ္ဂိုလ်များဟာ အခုချီးမြှင့်မယ့် တစ်လုံးတစ် ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားရင်တော့ ယခင်ရနေတဲ့ လစဉ်နိုင်ငံရေးပင်စင်ခံစားခွင့်ကို ရရှိမှာမဟုတ်တော့ပါဘူး”ဟု ပြောကြားသည်။“အခုမှ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ရရှိမယ့်ပုဂ္ဂိုလ်များကတော့ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးရမယ့် အနေအထားရှိပါတယ်။ ဒါကြောင့်မို့ လစဉ်ချီးမြှင့်တဲ့ နိုင်ငံရေးပင်စင်ကို ခံစားခဲ့တဲ့ ပုဂ္ဂိုလ်များအနေနဲ့ မိမိတို့ကိုယ်တိုင်ပြန်သုံးသပ်ဖို့ ဖြစ်ပါတယ်။ တစ်လုံးတစ်ခဲတည်းသော ပင်စင်ကိုပဲ ယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့ စာများဖြန့်ဝေပါမယ်။ ဖြန့်ဝေတဲ့အခါမှာ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားမယ့် ကိုယ်စားလှယ်များအတွက် ပုံစံ ၃(က)ကို ဖြန့်ပေးပါမယ်။ လေးစောင်ဝေပါမယ်။ ပုံစံ ၃(က) မှာ ဓာတ်ပုံလေးပုံ ကပ်ပေးရပါမယ်။ အချက်အလက်များကို ပြည့်စုံအောင် ဖြည့်ပေးဖို့ဖြစ်ပါတယ်”ဟု ပြောကြားသည်။နောက်တစ်ချက်အနေဖြင့် လစဉ် နိုင်ငံရေးပင်စင်ကို ယခင်က ခံစားခွင့်ရသည့် ပုဂ္ဂိုလ်များအနေဖြင့် ယခင်က လစဉ်ရရှိနေသည့် နိုင်ငံရေးပင်စင်ကို မခံစားဘဲ ယခုရရှိမည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားမည်ဆိုပါက ဝန်ခံချက် လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များအား အသိပေးပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ်များ ဖြည့်သွင်းရမည့် ပုံစံ ၃(က)နှင့် ဝန်ခံချက်ပုံစံကို ဖြန့်ဝေမည်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၈ ရက် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ သို့မှသာ သက် ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့်ပင် စင်ဦးစီးဌာနကို အချိန်မီ တင်ပြဆောင်ရွက် သွားရန်ရှိသည့်အတွက်ကြောင့်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။လက်ရှိတွင် အမျိုးသားလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမျိုးမြင့်၊ ဒေါက်တာမြဦးတို့ ရှိကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် ယခင်ခံစားနေသည့် လစဉ်ချီးမြှင့်ငွေအား ဆက်လက်ခံစားမည် သို့မဟုတ် တစ်လုံးတစ်ခဲတည်းသော ပင်စင်အား ခံစားမည်၊ မခံစားမည်ကို ပုံစံ တွင် ဖြည့်သွင်းရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ခံစားမည့် ကိုယ်စားလှယ်များအနေဖြင့် ကိုယ်ရေးအချက်အလက်များအား ဇန်နဝါရီ ၈ ရက်နောက်ဆုံးထားကာ အမျိုးသားလွှတ်တော်ရုံးသို့ တင်ပြရမည်















