သန်လျင်မြို့နယ် ကွမ်းခြံကုန်းကျေးရွာ၌ ဘုရားပွဲအလှူခံကိစ္စ စကားများရန်ဖြစ်ရာမှ လူသတ်မှု ဒီဇင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။
ဦးနိုင်ဝင်း (၄၀) နှစ်သည် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာအုပ်စု ဦးပေါညောင်ပင်လမ်းတွင် နှစ်ကျိုပ်ရှစ်ဆူ ဘုရားပွဲအတွက် အလှူ ခံနေကြောင်း၊ ထိုအချိန်တွင် စိုးညီညီပိုင် (၃၄)နှစ် ဆိုသူရောက်ရှိလာပြီး အလှူခံသည့်ကိစ္စ ပြောဆိုရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ စကားများ ရန်ဖြစ်နေစဉ် စိုးညီညီပိုင်က ကတ်ကြေးဖြင့်ထိုးရာ ဦးနိုင်ဝင်း (၄၀)နှစ်တွင် ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာရရှိကာ သန်လျင်ဆေးရုံသို့ တက်ရောက်ကုသနေစဉ် မွန်းလွဲ ၁၂ နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားမှာ နတ်စင်တရာ ဘုရားကုန်းကျေးရွာနေသူဖြစ်ပြီး ကျူးလွန်သူကိုလည်း အခင်းဖြစ်နေရာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို သန်လျင်မြို့မရဲစခန်း မှ (ပ) ၉၁၂/၂၀၁၅၊ ပုဒ် မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။















