ဝန်ကြီးဌာနများ ဆောင်ရွက်နေသည့် စီမံကိန်းများ၊ ဌာနဆိုင်ရာ မူဝါဒတို့ကို သိလိုကြောင်း NLD က အစိုးရနိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီသို့ မေးမြန်းထား

ဝန်ကြီးဌာနများ ဆောင်ရွက်နေသည့် စီမံကိန်းများ၊ ဌာနဆိုင်ရာ မူဝါဒတို့ကို သိလိုကြောင်း NLD က အစိုးရနိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီသို့ မေးမြန်းထား
Published 30 December 2015
အောင်ဇော်ထွန်း

ဝန်ကြီးဌာနများက လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းများ၊ ဌာနဆိုင်ရာ မူဝါဒနှင့် လူအင်အားတို့ကို သိလိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသွင်ကူးပြောင်းရေး အဖွဲ့မှ အစိုးရနိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီထံသို့ မေးမြန်းထားကြောင်း NLD အသွင်ကူးပြောင်းရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်က ပြောကြားသည်။အစိုးရ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသွင်ကူးပြောင်းရေး အဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၁၈) ၌ နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းသည့် အခမ်းအနားကို နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပနိုင်ရေးဆိုင်ရာ လျာထားချက်များ၊ ဝန်ကြီးဌာနများအလိုက် စနစ်တကျ လွှဲပြောင်းနိုင်ရေးအတွက် လွှဲပြောင်းပေးရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ဦးဝင်းထိန်က “ကျွန်တော်တို့ အရင်တစ်ခါ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဌာနဆိုင်ရာ အသီးသီးပေါ့။ ဝန်ကြီးဌာန အသီးသီးက လုပ်နေတဲ့ ကိစ္စတွေကို သိချင်တယ်ဆိုပြီး မေးလိုက်တယ်။ ဥပမာ ဆိုပါတော့ ဌာနဆိုင်ရာရဲ့ မူဝါဒ အဲဒီမှာရှိတဲ့ လူအင်အား၊ နောက်ပြီးတော့ ဘတ်ဂျက်ကိစ္စ၊ နောက်ပြီး လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေ၊ ဌာနဆိုင်ရာမှာရှိတဲ့ ဥပဒေတွေ၊ ညွှန်ကြားချက်တွေ အဲဒါတွေကို သိချင်ပါတယ် ဆိုတာပါ။ သူတို့နဲ့ တယ်လီဖုန်းနဲ့တော့ အဆက်အသွယ် အမြဲတမ်း ရှိတယ်။ အဲဒါတွေ ဝန်ကြီးဌာနတွေ လုပ်နေပါပြီ။ အဆင်သင့် ဖြစ်ဖို့ကတော့ မကြာတော့ပါဘူး” ဟု ပြောကြားသည်။နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အသွင်ကူးပြောင်းရေး အဖွဲ့တို၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မည့်ရက် သတ်မှတ်မှု မပြုလုပ်နိုင်သေးသော်လည်း ကော်မတီအဖွဲ့ဝင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးနှင့် NLD အသွင်ကူးပြောင်းရေး အဖွဲ့ဝင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့အကြား တိုက်ရိုက် အဆက်အသွယ်ရှိကြောင်း သိရသည်။နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ပထမအကြိမ် တွေ့ဆုံမှုကို ကျွန်တော်တို့ သတင်းထုတ်ထားတယ်လေ။ ဒုတိယ အကြိမ်ကိုလည်း နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်သွားမယ်လို့ ပါပြီးသား အဲဒီအတိုင်းပဲ ပြီးရင် ကျွန်တော်တို့ သတင်းထုတ်မယ်။ ဒီထက်ပို ပြောလို့မရဘူး” ဟု ပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်၌ တွေ့ဆုံပြီးနောက် နောင်လာမည့် အစိုးရကို အေးချမ်းတည်ငြိမ် ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

Most Read

Most Recent