၂၀၁၅ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် ကန်ရေရရှိမှု နည်းပါးခဲ့သည့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ မြေရင့်ကျေးရွာမှာ ပူပြင်းခြောက်သွေ့ ရာသီဥတု မရောက်မီ သောက်ရေကန် ရေခန်း ခြောက်သွားပြီးနောက် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေသည်။
ဒီဇင်ဘာ လဆန်းပိုင်းမှစ၍ မြေရင့် ကျေးရွာသောက်ရေကန်မှာ လုံးဝရေခန်းခြောက်ခဲ့ပြီး ကျေးရွာတွင်းရှိ စက်ရေတွင်းမှာလည်း ယခု ဒီဇင်ဘာ ၁၈ ရက်တွင် လုံး၀ ရေထွက်ရှိခြင်း မရှိတော့သည့်အတွက် ဒေသခံများ သောက်သုံးရေအတွက် ပခုက္ကူမြို့ရှိ ရေလှူအသင်းများမှ နေ့စဉ် သွားရောက်ကူညီလှူဒါန်းပေးနေရသည်။
“ ရေရှားတဲ့ ပြဿနာက အခု ဒီဇင်ဘာကတည်းက စနေပြီ။ ကျွန်တော်တို့ မြေရင့်ရွာကို ရေသွားလှူပေးနေတာ ဒီဇင်ဘာ ၃၀ ရက်နဲ့ဆိုရင် ၁၅ ရက်နီးပါး ရှိပါပြီ။ ရွာက လူဦးရေလည်းများတော့ တစ်နေ့ကို ဂါလန် ၇၀၀၀ လောက် လှူပေးနေရပါတယ်။ မြေအောက် အနက်ပေ ၁၀၀၀ နီးပါးလောက်ထိ တူးမှ ရေချိုရမဲ့ အနေအထားဆိုတော့ ကုန်ကျစရိတ်က အတော်များမှာပါ။ ဒီရက်ပိုင်း ရေအလှူခံတဲ့ ရွာနည်းသေးတဲ့အတွက် နေ့စဉ် လုပ်ပေးနိုင်ပေမယ့် ရေရှားတဲ့ ရွာတွေ များလာရင်တော့ နေ့စဉ် လာလှူနိုင်ဖို့ အခက်အခဲရှိသည့်အတွက် ရေတွင်းတူးပေးနိုင်ဖို့ အလှူခံတာတွေ လုပ်နေပါတယ်” ဟု ပခုက္ကူမြို့၊ တိလောက ရာမရေလှူအသင်းမှ ကိုဇာနည်ဘုန်းမော် က ပြောကြားသည်။
ရေမထွက်ရှိတော့ ကျေးရွာစက်ရေတွင်းမှာ ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့သည့်အတွက် စက်ရေတွင်းအသစ် တူးဖော်ရမည် ဖြစ်ခြင်းကြောင့် ဒေသခံများမှာ စက်ရေတွင်းသစ် တူးဖော်နိုင်ရေး ငွေကြေးအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ ရေက ကန်တစ်ဝက်လောက် ရခဲ့ရင်ကို အတော်သုံးဖြစ်ပါတယ်။ ဒီနှစ် မိုးကနည်းလွန်းတော့ ကန်မှာ ရေသိပ်မရလိုက်ဘူး။ လူချိုးဖို့နဲ့ တိရစ္ဆာန်တိုက်ဖို့လောက်ပဲ ရတယ်။ သောက်သုံးရေအတွက်ကတော့ တစ်နှစ်လုံး စက်တွင်းမောင်းရတယ်။ စက်တွင်းက ဒီလလယ်လောက်မှာ ရေထဲ သဲတွေ စပါလာတယ်။ နောက်ပိုင်း နွံ့ရေတွေ ထွက်လာပြီး အခု ရေလုံး၀ မထွက်တော့ဘူး။ ပေအနက် ၈၂၀ ထိ တူးထားတဲ့ တွင်းပါ။ ဒီနှစ် တောင်သူလုပ်ငန်းက မကောင်းလို့ လာမယ့်နွေရာသီအမီ ရေတွင်းသစ် တူးဖို့က ရွာသားတွေမှာ ငွေကြေးအခက်ခဲ အတော်ရှိတာ” ဟု မြေရင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦသိန်းထွန်းက ဆိုသည်။
သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် မြေရင့်ကျေးရွာတွင် အိမ်ခြေပေါင်း ၃၀၀ နီးပါးနှင့် နွား၊ ဆိပ်၊ အိမ်မွေးတိရစ္ဆာန် အကောင် ၂၀၀၀ ကျော်ရှိပြီး နေ့စဉ် ရေလိုအပ်ချက် ဂါလန် ၁၄၀၀၀ ခန့်အတွက် တိလောကရာမ ရေလှူအသင်းမှ နေ့စဉ် အိမ်ခြေ ၁၅၀ သောက်သုံးရေ လုံလောက်ရန် ရေကူညီမှု လုပ်ဆောင်ပေးနေရသည်။
“ ကန်ရေလည်းမရှိ စက်တွင်းရေလည်း ပျက်ဆိုတော့ ဒီစိမ့်တွင်းလေးမှာ လာခပ်ရတယ်။ ရေတစ်ပုံးပြည့်ဖို့ကို မိနစ် ၃၀ လောက်ထိ စိတ်ရှည်ရှည်စောင့်ပြီး ခပ်ရတယ်။ မနက်ပိုင်း ယာခင်းမှာ သီးနှံသိမ်းပြီးရင် တစ်နေကုန် ရေရဖို့ လုပ်ရတာပဲ” ဟု မြေရင့်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
ဆောင်းရာသီ မကုန်သေးမီမှာပင် မြိုင်မြို့နယ်တွင်းရှိ ကျေးရွာအချို့တွင် ကန်ရေများ စတင်ခန်းခြောက်လာသည့်အတွက် စက်တွင်းရေအား ပြောင်းလဲအသုံးပြုပြီး နှစ်စဉ် သောက်သုံးရေရှားပါးမှုအား မိုးလယ်ကာလ မရောက်မီထိ ကြုံတွေ့ရလေ့ရှိသည်။
၂၀၁၅ ခုနှစ် မိုးရာသီတွင် ပခုက္ကူဒေသတစ်ဝိုက် မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရသည့်အပြင် ကျေးလက်သောက်ရေကန်များလည်း ရေလုံလောက်စွာ မရရှိခဲ့ပေ။
ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ မြေရင့်ကျေးရွာ သောက်ရေကန် ရေခန်းခြောက်သွားပြီးနောက် အဝီစိ စက်ရေတွင်းများ ရေထွက်ရှိခြင်း မရှိတော့သည့်အတွက် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေ















