မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကို ထိုင်းဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့နေရ

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကို ထိုင်းဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့နေရ
Published 30 December 2015
ဇော်မိုးဦး (မြိတ်)

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တန်ဖိုး၏ ရာခိုင်နှုန်း ၄၀ ကို ထိုင်းဈေးကွက် တစ်ခုတည်းကိုသာ တင်ပို့နေရပြီး ရွှေ့ပြောင်းတင်ပို့ရန် လုပ်ဆောင်သင့်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စွာဝင်းက ပြောကြားသည်။
 
မြန်မာနိုင်ငံ ပို့ကုန်တန်ဖိုး၏ ရာခိုင်နှုန်း ၄၀ ကျော်မှာ ထိုင်းနိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့နေခဲ့ရပြီး ထိုင်းနိုင်ငံသည် အဓိက နီးစပ်နေသော ဈေးကွက်အဖြစ်သာမက ထိုင်းဈေးကွက်မှ ရွှေ့ပြောင်းတင်ပို့ရန် လွန်စွာအခက်ကြုံနေရကြောင်း ဦးကျော်စွာဝင်းက မြိတ်မြို့တွင် ပြုလုပ်သည့် အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်ပါ အဓိကထွက်ကုန်များ အကောင်အထည်ဖော်ရေးနှင့် ကျေးလက်ဒေသ အသေးစားထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
 
“မြန်မာနိုင်ငံ ပို့ကုန်တန်ဖိုးရဲ့ရာခိုင်နှုန်း ၄၀ ကို ထိုင်းဈေးကွက် တစ်ခုတည်းကိုသာ တင်ပို့နေရတာပါ။ ထိုင်းဈေးကွက်ကနေ ရွှေ့ပြောင်းတင်ပို့ဖို လိုပါ့မယ်။ အခက်အခဲတွေ ကြုံ ရနိုင်ပေမယ့် ဒါကို လုပ်ဆောင်သင့်ပါတယ်။ ထိုင်းနိုင်ငံက အဓိက နီးစပ်နေတဲ့ ဈေးကွက် ဖြစ်နေတဲ့ ထိုင်းဈေးကွက်ကနေ ရွှေ့ပြောင်း တင်ပို့ဖို့ဆိုတာက အလွန်ခက်ခဲမှာပါ။ ကျွန်တော်တို့ဈေးကွက်တစ်ခုတည်းကိုသာ အားထားနေရခြင်းကို လျှော့ချပြီး ပို့ကုန်အမည်စုံနှင့် တိုးမြှင့် လုပ်ဆောင်သွားဖို့ လိုပါ့မယ်”ဟု ဦးကျော်စွာဝင်းက ပြောကြားသည်။ 
 
တနင်္သာရီတိုင်းဒေသကြီး၏ အဓိက အိမ်နီးချင်းမှာ ထိုင်းနိုင်ငံတစ်ခုတည်းသာ ဖြစ်ပြီး ရေထွက်ပစ္စည်းများကို လက်ရှိအနေအထားအရ ရေလမ်းခရီးဖြင့် တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေထွက်ကုန်များကို မှီခိုပြီး အရှေ့တောင်အာရှတွင် ကြီးမားသည့် ငါးဈေးကွက်ကြီးကို ပိုင်ဆိုင်ထားကြောင်း သိရသည်။
 
“ဒီမှာရှိနေတဲ့ လှေတွေကလည်း အမည်ခံတွေပဲ များတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ နောက်ပိုင်းမှာ ဘယ်လိုသွားရမလဲ ဈေးကွက်ကို ဘယ်လိုလုပ်ရတော့မလဲ တရားဝင်အနေအထားဖြစ်အောင် ဘယ်လိုလုပ်ထားရမလဲဆိုပြီး ကျွန်တော်တို့ပညာပေးနေတာကို စိတ်မဝင်စားကြဘူး။ ဒီကလူတွေက မှောင်ခိုကို ဘယ်လိုသွားရမလဲ၊ စီးပွားဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဒါပဲစိတ်ဝင်စားကြတယ်”လို့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 
 
တနင်္သာရီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံမှ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် စက်သုံးဆီများ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။ 
 
မြန်မာ့ပို့ကုန်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ အဓိကဖြစ်နေပြီး သဘာဝဓာတ်ငွေ့၊ ပဲမျိုးစုံနှင့် သစ်လုံးများတင်ပို့မှုသည် မြန်မာ့ပို့ကုန်အားလုံး၏ ရာခိုင်နှုန်း ၆၀ ရှိနေကြောင်း သိရသည်။
 

Most Read

Most Recent