သီတင်းကျွတ်လပြည့်ည၊ ပြီးတော့ ခရစ္စမတ်အကြိုည

သီတင်းကျွတ်လပြည့်ည၊ ပြီးတော့ ခရစ္စမတ်အကြိုည
Published 29 December 2015
တက္ကသိုလ် မိုးဝါ

သီတင်းကျွတ်လပြည့်ညသည် အခါကြီးရက်ကြီး၊ ခရစ္စမတ်အကြိုညမှာလည်း ခရစ်ယာန်ဘာသာကို အထွတ်အမြတ် ထားသူတို့အတွက် အခါကြီးရက်ကြီး။ ဒီနှစ်ရက် နှစ်ညကို ခေါင်းစီးတပ်လိုက်ပြီဆိုတော့ ပျော်ပွဲ ရွှင်ပွဲ၊ ဘာသာရေးကိုင်းရှိုင်းခြင်းအကြောင်း ရေးလိမ့်မည်ဟု ထင်ကြမည်။  ရေးသင့်သည်ကတော့ အမှန်။  သို့သော်…..။
စာရေးသူ လောလောလတ်လတ် စန္ဒရား ဆရာဖြစ်နေသည်။ စန္ဒရားဆရာဆို၍ မျက်စိစုံမှိတ်ကာ အထင်မကြီးလိုက်ပါနှင့်။ စန္ဒရားမဆိုထားနှင့် မြန်မာမယ်ဒလင်၊ တယော၊ ပတ္တလား၊ ဂီတာ စသည့် တူရိယာတို့ကို မတီးခတ်တတ်ပါ။ ခြွင်းချက်အဖြစ် ဒုံမင်းကိုတော့ ဆရာနှင့် သင်ခဲ့ဖူးသောကြောင့် သီချင်းကြီး အနည်းအပါး တီးတတ်သည်။  ကိုယ်ကသာ မတီးမမှုတ် တတ်သော်လည်း တပည့်တပန်း၊ အသိမိတ်ဆွေ အတော်များများက မျိုးစုံအောင် တီးတတ်ကြသည်။  ယင်းထဲတွင် အတော်ရင်းနှီးသော မယ်ဒလင်ရော စန္ဒရားပါ ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ်သူ တစ်ယောက်ရှိသည်။  ရင်းနှီးပြီး ပြောမနာ ဆိုမနာဖြစ်သဖြင့် သူ့ကို စန္ဒယားဆရာအစား “စမ်းတဝါး”  ဆရာဟု နောက်ပြောင် ခေါ်လေ့ရှိသည်။ သူကလည်း သူ့အား ယင်းသို့ ခေါ်လျှင် တဟဲဟဲနှင့် အားပါးတရ ရယ်ပစ်တတ်သည်။
စာရေးသူ၏မိတ်ဆွေမှာ တကယ်တော့ စစ်မှန်သော ဂီတသမားတစ်ယောက် ဖြစ်သည်။  စမ်းတဝါး ဆရာဟုသာ နောက်ပြောင်ခြင်း ပြုသော်လည်း သူသည်သာ စန္ဒရားဆရာ အစစ်ဖြစ်သည်။  တကယ့် စမ်းတဝါးဆရာဖြစ် သူမှာ စာရေးသူတို့ အများစုဖြစ်သည်။ မီးမရှိသော မှောင်မိုက်ည၌ လက်ကို ရှေ့သို့ဆန့်တန်းပြီး စမ်းတဝါးဝါးဖြင့် လှုပ်ရှားသွားလာ နေရမှုကို ဆိုလိုခြင်း ဖြစ်ပါသည်။
မှတ်မိနေသေးသော အဖြစ်အပျက်တစ်ခု ရှိသည်။ ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်ညတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည့် အဖြစ်သနစ် ဖြစ်သည်။  ပြီးတော့ ခရစ္စမတ်အကြိုညတွင်လည်း ယင်းအဖြစ်မျိုး ထပ်မံဖြစ်ပွားခဲ့သည်။ သည်တစ်ကြိမ်တွင်လည်း ပြီးခဲ့သည့် အကြိမ်ဖြစ်စဉ်နှင့် အလားတူသည့် အပြစ် (Fault ) မျိုး ဖြစ်မည်ထင်သည်။  “ထင်သည်” ဟု ဆိုရခြင်းမှာ သက်ဆိုင်ရာဌာနက မည်သည့်အတွက်ကြောင့် လျှပ်စစ်ပြတ်တောက်ရခြင်း ဖြစ်သည်ဆိုသည်ကို သတင်းအချက်အလက် ထုတ်ပြန်ခြင်း မရှိ၍ ပြောရခြင်း ဖြစ်သည်။
ဖြစ်စဉ်နှစ်ရပ်စလုံးမှာ အခါကြီး ရက်ကြီးများ၏ ညဘက်တွင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့သောကြောင့် အများက အမှတ်တရ အဖြစ်အပျက်တစ်ခုအဖြစ် မှတ်တမ်း တင်ထားသည် ဆိုသည်။  ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခု ဖြစ်နေသောကြောင့် ပြစ်တင်ဝေဖန်ခြင်းလည်း မရှိတော့ပါ။ မှန်ပါသည်။  စာရေးသူအနေဖြင့် လျှပ်စစ်ဓာတ်အားပေး ဌာနကိုပင် ကျေးဇူးတင်နေမိသေးသည်။  ပထမအကြိမ် ပြတ်တောက်ချိန်သည် ၅ နာရီခန့်ကြာသည်။ ယခုတစ်ကြိမ် သုံးနာရီခန့်သာ ကြာသဖြင့် သက်ဆိုင်ရာ လျှပ်စစ်ဌာနမှဝန်ထမ်းတို့၏ ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ရမည် မဟုတ်ပါလား။  သို့သော် ကျေးဇူးတင်လိုစိတ်၏ နောက်ဆွယ်တွင်မူ အလိုမကျသည့်  အားမလိုအားမရဖြစ်သော စိတ်အစဉ်တစ်ခု ကိန်းအောင်းလျက် ရှိနေပေသေးသည်။  ယင်းသည်ကား စနစ်ဟု ခေါ်သော စစ္စတမ် ဖြစ်သည်။ အင်္ဂလိပ် “စစ္စတမ်” စကားလုံးသည် ပို၍ကျယ်ပြန့်သော အဓိပ္ပာယ်ကို လွှမ်းခြုံမည်ဟု ယူဆသဖြင့် ယင်းစကားလုံးကိုသာ သုံးမိခြင်းဖြစ်သည်။  စစ္စတမ်ဟူသည်မှာ လူအချင်းချင်း သို့မဟုတ် လူနှင့် ပစ္စည်းကိရိယာ သို့မဟုတ် ပစ္စည်းကိရိယာ အချင်းချင်း အပြန်အလှန် တုံ့ပြန်အကျိုးပြုသော၊ အပြန်အလှန် အမှီပြုသော အစိတ်အပိုင်းများ ပေါင်းစပ်ဖွဲ့စည်းထားသည့် အတွဲအစပ် တစ်ခုဟုဆိုလျှင် ပြီးပြည့်စုံမည်ထင်သည်။  စိတ်အစဉ်ထဲတွင် အားမလိုအားမရ ဖြစ်ခဲ့၊ စိတ်အပျက်ကြီး ပျက်ခဲ့ခြင်းမှာလည်း စစ္စတမ်တစ်ရပ်၏ အစိတ်အပိုင်းများ နဂိုရှိရင်းစွဲ တွဲစပ်ထားမှုမှ အပိုင်းအစများအဖြစ်သို့ ပြိုကွဲ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။
ယခုကဲ့သို့ ခရစ္စမတ် အကြိုညတွင် တစ်နိုင်ငံလုံးနီးပါး မီးမှောင်ကျသွားသည်အထိ လျှပ်စစ်စွမ်းအား စစ္စတမ် ဘရိတ်ဒေါင်း ဖြစ် ပွားမှုကို လူမှုကွန်ရက်ပေါ်မှ ဝေဖန်သုံးသပ်သူတစ်ဦးက “မဟာဓာတ်အားလိုင်းကနေ လျှပ်စစ် မကြာခဏ ဘရိတ်ဒေါင်းဖြစ်တာကို ဘယ်လိုကာကွယ်လို့ရပါသလဲ။  တစ်နေရာကပျက်ရင် တစ်နိုင်ငံလုံး မီးပျက်တာမျိုး မဖြစ်သင့်ဘူး”  ဟု အပြုသဘောဖြင့် မေးမြန်းထားသည်။  ရေအားလျှပ်စစ်ကို လောပိတ (ဘီလူးချောင်း)၊ ရဲရွာ၊ ပေါင်းလောင်းတို့ရှိ စက်များဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ရန်ကုန် အပါအဝင် အခြားဒေသပိုင်းများသို့ ပို့ခြင်း ဖြစ်သောကြောင့် ယင်းစက်များနှင့် တွဲစပ်ထားသော ပို့လွှတ်လိုင်းများ၌ အပြစ်  (Fault)  ဖြစ်ပါက လျှပ်စစ်ပြတ်တောက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ ရှင်းပြချက်အရ သိရသည်။
စစ္စတမ်သီအိုရီ၊ စစ္စတမ်ဒီဇိုင်း၊ စစ္စတမ် အင်ဂျင်နီယာပညာ စသည့် စစ္စတမ် ပညာရပ်အမျိုးမျိုးအနက် အခြေခံနှင့် အရေးပါ အရာအရောက်ဆုံး ဖြစ်သည်ဟု ခေါ်နိုင်သော စစ္စတမ်မှာ လျှပ်စစ်စွမ်းအား စစ္စတမ် (Electric Power System)  ဖြစ်သည်။  လူတို့၏ လူနေမှုဘဝနှင့် အဆင့်အတန်းကို ဖန်တီး ခြယ်လှယ်ကာ လိုသလို ထိန်းချုပ်နိုင်သော နိုင်ငံရေးစစ္စတမ် (Poltical System) လည်း ရှိသေးသည်။  အဆိုပါ နိုင်ငံရေးစစ္စတမ် တစ်ရပ်တွင် မည်သူသည် အာဏာပိုင်ဆိုင်သူ ဖြစ်ရမည်၊ ပြည်သူအပါအဝင် စီးပွားရေးအပေါ် အစိုးရက မည်သို့သော သြဇာသက်ရောက်မှု ရှိသင့်သည်ဟူ၍ စဉ်းစား ဆုံးဖြတ်ပေးရမည့် အချက်များ ပါဝင်နေသည်ဆိုသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသော ဘက်ပေါင်းစုံအရေးတို့ နိမ့်ကျ ပျက်စီးသွားသည်အထိ ဖြစ်သွားမည်ဆိုပါက နိုင်ငံရေးစစ္စတမ် ဘရိတ်ဒေါင်း ဖြစ်သွားရန် အလားအလာများ ရှိနိုင်သည်ဟု နိုင်ငံရေးသုတေသီတို့က ဆိုသည်။
မည်သို့ပင်ဖြစ်စေကာမူ စီးပွားရေးနှင့် လူမှုရေး တိုးတက်မှု၏ အခြေခံ အဆောက်အအုံဖြစ်သော လျှပ်စစ်စွမ်းအား တည်ငြိမ်ဖွံ့ဖြိုးရေးသည် အလွန်အရေးပါကြောင်း ပြောနိုင်သည်နှင့် အမျှ ကြိုဆိုရမည့် သတင်းတစ်ပုဒ်တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံကို လာမည့် ၂၀၁၆ ခုနှစ် နှစ်ဆန်းတွင် တောင်သာမြို့နယ်၌ စတင်တည်ဆောက်မည်ဟု ပါရှိရာ ဝမ်းသာဝမ်းမြောက် ဖြစ်မိသည်။ အဆိုပါ ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်မည့် စီမံကိန်းအား အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ရင်းနှီးမြှုပ်နှံကာ မြန်မာ့လျှပ်စစ်ဓာတ်အား စီမံကိန်းဦးစီးဌာနနှင့် အခြားကုမ္ပဏီနှစ်ခုတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်ရှိသည် ဆိုသည်။  ခေတ်မီနည်းပညာသုံး၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်လည်း စီမံထားသည် ဆိုသည်။ ပူးပေါင်းကုမ္ပဏီနှစ်ခုအနက် Sembcorp Utilites သည် ရာခိုင်နှုန်း ၈၀၊ MMID Utilities သည် ရာခိုင်နှုန်း၂၀ ပိုင်ဆိုင်ကာ ဝယ်ယူသုံးစွဲခြင်း သဘောတူညီချက်အရ စက်ရုံတည်ဆောက်ပြီးစီးလျှင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း  (MEPE) က ၂၂ နှစ် ကြာ လုပ်ငန်း လုပ်ကိုင်ခွင့်ရမည်ဆိုသည်။
နေစွမ်းအင်ခေါ် ဆိုလာ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ပတ်သက်၍ မဂ္ဂါဝပ် ၂၂၀ ထွက်ရှိမည့် အရှေ့တောင်အာရှ၌ အကြီးဆုံးဟု ခေါ်နိုင်သော စက်ရုံကိုလည်း Black & Veatch စွမ်းအင်လုပ်ငန်းဆိုင်ရာ ကုမ္ပဏီက မြန်မာနိုင်ငံ မကွေးတိုင်း မင်းဘူးမြို့နယ်၌ ၂၀၁၆ ပထမသုံးလပတ်တွင် တည်ဆောက်ပေးမည်ဆိုသည်။  အဆိုပါကုမ္ပဏီ၏ ပြန်ပြည့်မြဲစွမ်းအင် ဒါရိုက်တာဖြစ်သူ Ric O’Connell က “မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားဟာ အရေးပါတဲ့ ဦးစားပေး လိုအပ်ချက်ဖြစ်တာနဲ့အမျှ စီးပွားရေးနဲ့ လူမှုရေးဘ၀ တိုးတက်မှုတွေအပေါ်မှာ ပြင်းထန်တဲ့ သက်ရောက်မှုရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။  လူတွေရဲ့ ဘဝနေထိုင်မှု အဆင့်အတန်းကို မြှင့်တင်ဖို့ အချိန်တိုတိုနဲ့ မြန်မြန် ဆောက်ပေးနိုင်တဲ့ ဆိုလာစွမ်းအင်သုံး စက်ရုံကို ဆောက်ပေးဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ အခုဆောက်လုပ်မယ့် စက်ရုံဟာ မြန်မာအစိုးရရဲ့ အနာဂတ် မျှော်မှန်းချက်ဖြစ်တဲ့ လက်ရှိ ၂၅၀၀ မဂ္ဂါဝပ်ကနေပြီး၂၀၃၀မှာ မဂ္ဂါဝပ် ၃၀၀၀၀ အထိ ဖြစ်လာဖို့ အထောက်အကူ ပြုပေးမှာဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။
လျှပ်စစ်ဓာတ်အား ပမာဏ အစဉ်သဖြင့် လိုအပ်ချက် ကြီးမားနေခဲ့သော မြန်မာနိုင်ငံတွင် မည်သို့သော အကြောင်းတရားကြောင့် ယခင့် ယခင်ကတည်းက သဘာဝဓာတ်ငွေ့သုံးနှင့် ဆိုလာသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် အခွင့်အလမ်း မရရှိခဲ့ပါသနည်း။  မည်သို့ကြောင့် ကျောက်မီးသွေးသုံး စက်ရုံများအား တည်ဆောက်ရန် အပူတပြင်း တွန်းအားပေး ပြောကြားနေပါသနည်း ဟူသော မေးခွန်းထုတ်မှုများစွာ ရှိခဲ့၊ ရှိနေဆဲပင် ဖြစ်နေပါတော့သည်။

Most Read

Most Recent