လုံးခင်း၊ ဖားကန့် ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များကို ပိတ်သိမ်းခြင်း သို့မဟုတ် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း သို့မဟုတ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သတ္တုတွင်း ဒုဝန်ကြီး ပြောကြား

လုံးခင်း၊ ဖားကန့် ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များကို ပိတ်သိမ်းခြင်း သို့မဟုတ် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း သို့မဟုတ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သတ္တုတွင်း ဒုဝန်ကြီး ပြောကြား
Published 28 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များကို ပိတ်သိမ်းခြင်း သို့မဟုတ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခြင်း သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က စီစဉ်ထားရှိကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောကြားသည်။ဒီဇင်ဘာ ၂၈ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ဖားကန့်ဒေသ၌ မြေစာတောင် ပြိုမှုဖြစ်ပေါ်နေခြင်း၊ စွမ်းအားကြီးမားသည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာ၀ သယံဇာတများ ထုတ်လုပ်နေခြင်း ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာတွင် ဒုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။မြေစာပုံ ပြိုကျသည့် ဖြစ်စဉ်များ မဖြစ်ပွားမီ သက်ဆိုင်ရာ ဌာန/အဖွဲ့များက ကျူးကျော်တဲများ၊ ရေမဆေး ကျောက်စိမ်းရိုင်း ရှာဖွေသူ၊ ပျံကျ အလုပ်သမားများကို ထောက်ပံ့ငွေပေးကာ ဖယ်ရှားခဲ့သော်လည်း ၎င်းတို့သည် ကျောက်စိမ်းရိုင်း ရလိုစိတ်သာ ထက်သန်နေသောကြောင့် မြေစာပုံ ပိမိကာ သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းက တရားမဝင် ကျောက်စိမ်းရိုင်း ရှာဖွေသူများကို စုဆောင်းကာ စွန့်ပစ်မြေစာပုံတွင် ရှာဖွေစေခြင်း၊ ကျောက်စိမ်း လုပ်ကွက်များအတွင်း ဝင်ရောက် ဖျက်ဆီးခြင်း၊ ငွေကြေး မပေးပါက ယာဉ်၊ ယန္တရားများကို ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ခြင်းများသည် နယ်မြေ၏ တရားဥပဒေ စိုးမိုးရေး လျော့ကျပြီး ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများအတွက် စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်နိုင်မှု မရှိခြင်း၊ တရားဥပဒေ စိုးမိုးမှု အသက်ဝင်မှု အားနည်းသည့်အတွက် မြေစာပုံ ပြိုကျခြင်း ဖြစ်စဉ်များဖြင့် လူအသေအပျောက် ဆုံးရှုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်း ဦးသန်းထွန်းအောင်က ပြောကြားသည်။ထို့ကြောင့် ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေတွင် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများကို လုံး၀ ပိတ်သိမ်းခြင်း သို့မဟုတ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း သို့မဟုတ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ အုပ်ချုပ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ဆောင်ရွက်ခြင်း စသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။ထို့နောက် ကိုယ်စားလှယ်များက ဒုဝန်ကြီး၏ ဆွေးနွေးချက်အပေါ် ပြန်လည် ဆွေးနွေးခဲ့ရာတွင် နယ်မြေတွင် တရားဥပဒေ စိုးမိုးမှု မရှိဟု ဆိုရာတွင် ဒေသခံများသာ ဥပဒေကို လိုက်နာရမည် မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများကိုယ်တိုင်လည်း တရားဥပဒေ စိုးမိုးမှု ရှိရန်၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။ဒေါက်တာ ဇော်မြင့်မောင်က “ဒုဝန်ကြီး တင်ပြသွားတဲ့ နောက်ဆုံး သုံးချက်ကတော့ သဘောမတွေ့ပါဘူး။ ဒါဟာ ပြဿနာကို ပြေလည်တာ မဟုတ်ပါဘူး” ဟု ဆွေးနွေး ပြောကြားသည်။ထို့အပြင် လုံးခင်း၊ ဖားကန့် ဒေသရှိ မြေစာပုံတွင် ရေမဆေးကျောက် ရှာဖွေနေသူများနှင့် ပတ်သက်၍ ရုပ်သံဖြင့် ထပ်မံရှင်းလင်းပြသစဉ် ရေမဆေးကျောက် ရှာဖွေသူများမှာ လောဘဇော တက်နေသည်ဟု လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအား သောင်းကျန်းသူများဟု လည်းကောင်း ဒုဝန်ကြီး၏ သုံးနှုန်းပြောဆိုမှုကို ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။အလုံ မဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က ဒေသခံများနှင့် ပြည်သူများ အပေါ်တွင် လောဘတက်နေသည့် သူများဟု သုံးကြိမ်ခန့် သုံးနှုန်းခဲ့ကြောင်း၊ ဆင်းရဲလွန်းသည့်အတွက် ရေကြည်ရာ မြက်နုရာတွင် သွားရောက် လုပ်ကိုင် စားသောက်ကြခြင်း ဖြစ်ကြောင်း၊ ကျူးကျော်သူများ မဟုတ်ကြောင်း၊ ကျောက်စိမ်း ထွက်ရှိရာ ဒေသတွင် လုပ်ကိုင်ပါက စားဝတ်နေရေး အဆင်ပြေနိုင်သည်ဟု ယူဆကာ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူများ၏ဘ၀ အဆင်ပြေစေရန် မည်ကဲ့သို့ လုပ်ဆောင်ပေးမည် ဆိုသည်မျိုးသာ ဖြစ်သင့်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဆင်းရဲသား ပပျောက်ရေး လုပ်နေသည်ဟု ပြောဆိုထားသည့် အစိုးရ ဖြစ်နေကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် ဆင်းရဲသားများ၏ ဘဝအား မကြည့်ဘူး ဆိုသည်မှာ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အဆိုပါ နည်းလမ်းသုံးသွယ်ကို ပြန်လည်သုံးသပ်ရန်နှင့် ဒုဝန်ကြီး၏ ရှင်းလင်းချက်များနှင့် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်မှ မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

Most Read

Most Recent