ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မနကျေးရွာအနီးတွင် စွန့်ပစ်မြေစာပုံတစ်ခုပြိုကျမှုကြောင့် ကျောက်ရှာနေသူနှစ်ဦး သေဆုံး

ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မနကျေးရွာအနီးတွင် စွန့်ပစ်မြေစာပုံတစ်ခုပြိုကျမှုကြောင့် ကျောက်ရှာနေသူနှစ်ဦး သေဆုံး
Published 28 December 2015
အောင်ဟိန်းမင်း

ယခုအခါ ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုမှာ ၂၀၁၅ ခုနှစ်အတွင်း အကြိမ်လေးဆယ် ကျော်သွားပြီဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်က မြေစာပုံ ပြိုကျမှုဖြစ်စဉ်မှာလည်း ၂၇ ရက်တွင် အလောင်းတစ်လောင်းမှ မတွေ့ရှိဘဲ ရှာဖွေမှု ရပ်နားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီခွဲအချိန်က မျိုးနွယ်ကုမ္ပဏီမှ စွန့်ပစ်ထားသော မြေစာပုံ အဟောင်းတစ်ခု ပြိုကျမှုကြောင့် အဆိုပါမြေစာပုံတွင် ကျင်းခေါင်းကာ ကျောက်ရှာနေသောလူနှစ်ဦး မြေစာပိသေခဲ့သည်။
"သူတို့က မြေစာပုံမှာ ရှာတာပါ။ အခုပြိုကျတဲ့မြေစာပုံက ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်က မျိုးနွယ်ကုမ္ပဏီကနေ ပုံထားတဲ့ မြေစာပုံ အဟောင်းတစ်ခုပါ။ ဒီမြေစာပုံမှာ ရွာအနီးအနားက လူတွေ တော်တော်များများ ပတ်ပတ်လည် ကျင်းခေါင်းပြီး ကျောက်ရှာကြတယ်။ အဲဒီအခါအပေါ်က အက်လာပြီး ပြိုကျတာပါ။ မြေစာပိသွားတာက သုံးယောက်ပါ။ တစ်ယောက်က အသက်ရှင်ပါတယ်။ နှစ်ယောက်က ဆေးရုံမှာ သွားဆုံးတယ်။ အလောင်းရှာဖွေမှုကိုတော့ အုပ်ချုပ်ရေးကလည်း မလုပ်ပေးဘူး။ ကုမ္ပဏီကလည်း မလုပ်ပေးဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာခဲ့ကြတာပါ"ဟု မနကျေးရွာ ပရဟိတလူငယ်အသင်း ခေါင်းဆောင် ဦးအိုက်ပီးက ပြောကြားသည်။
သေဆုံးသူများမှာ မနကျေးရွာတွင် ရေမဆေးကျောက် ရှာဖွေသူ ကိုထွန်းအောင် (အသက် ၃၀ နှစ်) မှာ ဟိုပင်မြို့နယ်၊ တကွင်းကျေးရွာဇာတိ ဖြစ်ကြောင်း ကိုကျော်ကျော် (အသက် ၁၇)နှစ်မှာ ဂန့်ဂေါမြို့နယ်၊ ရွှေတောင်ကျေးရွာ ဇာတိဖြစ်သည်။     

Most Read

Most Recent