ပုဂံဒေသခရီးသွားလုပ်ငန်း ပြန်လည်ဆန်းစစ်စရာ

ပုဂံဒေသခရီးသွားလုပ်ငန်း ပြန်လည်ဆန်းစစ်စရာ
Published 28 December 2015
ကိုနော် (ပုဂံ)

“ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ကမ္ဘာလှည့်ခရီးသွား ၂၁၅၄၁၉ ဦး ရှိသွားပြီ”
ပုဂံကို ဒီနှစ်ကမ္ဘာလှည့် ခရီးသွားတွေ ဘယ်လောက်အထိ လာရောက် လည်ပတ်ခဲ့ပြီလဲ သိချင်လို့ ဟိုတယ်ခရီးက ဌာနဆိုင်ရာအရာရှိတစ်ဦးကို လှမ်းမေးတော့ အထက်ကလိုပဲ ဖြေကြားပေးပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း  လာရောက်လည်ပတ်ခဲ့မှုက ၃၃၈၃၆ ဦးရှိတယ်လို့ သိရပါတယ်။
ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလို အစောပိုင်းလတွေမှာ ပိုမိုဝင်ရောက်လာတာ တွေ့ရပေမယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲ ကာလမှာတော့ ယခင်နှစ်ကလောက် ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ်ပုဂံဒေသကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားအရေအတွက်ကို ခန့်မှန်းကြည့်မယ်ဆိုရင် ကျန်တဲ့ဒီဇင်ဘာကို ထည့်ပေါင်းပါမှ ယခင်နှစ်က ဝင်ရောက်ခဲ့တဲ့ အရေအတွက် နှစ်သိန်းသုံးသောင်းကျော် (၂၃၀၁၂၉ဦး)ဝန်းကျင်နဲ့ အထက်ရှိမယ်ဆို တာ ခန့်မှန်းလို့ရပါတယ်။
“တကယ်တော့ နိုင်ငံခြားသားတွေ တစ်နှစ်ထက်တစ်နှစ် ပိုပြီး ဝင်ရောက် လာနေပါတယ်ဆိုတဲ့ Figure တွေ မြင့်တက်နေမှုကို ပြနေရုံနဲ့ ခရီးသွားလုပ်ငန်း အောင်မြင်နေပြီလို့ ပြောလို့မရဘူးဗျ။”
မနက်က ကျွန်တော်တို့ ရပ်ကွက်ထဲကို နိုင်ငံခြားသား ဧည့်သည်တွေနဲ့အတူ ရောက်လာတဲ့ ရန်ကုန်က နိုင်ငံခြားသား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ မိတ်ဆွေတစ်ဦး ပြောသွားတာပါ။ ရုတ်တရက်ဆိုတော့ မိတ်ဆွေဖြစ်သူရဲ့ နာမည်နဲ့ ကုမ္ပဏီကို ကျွန်တော် စဉ်းစားမရဘူးဖြစ်နေတယ်။ မိတ်ဆွေဖြစ်သူက နယ်စပ်ပေါက်က ဝင်နေတဲ့ အရေအတွက်တွေနဲ့ ကိုယ့်နိုင်ငံထဲဝင်လာပြီး ဘာမှဝယ်ခြမ်း သုံးစွဲမှုမရှိဘဲ လာလည်ပတ်ရုံသက်သက် နိုင်ငံခြားသား ဧည့်သည်တွေ အရေအတွက်က များနေပြန်ရင်လည်း Figure တွေက ဘယ်လောက်ပြနေပြနေ ဒေသအတွက်၊ နိုင်ငံအတွက် အကျိုးမရှိနိုင်တဲ့အကြောင်း မိတ်ဆွေက ကြုံသခိုက် ပြောပြတယ်။
“နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံလေးနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု လုပ်နေကြပြီ။ ဆိုလိုတာက သူတို့ဆီက ခရီးစဉ်တစ်ခု၀ ယ်လိုက်တာနဲ့ လေးနိုင်ငံလုံးအတွက် ခရီးစဉ်ကပါသွားပြီ။ ဥရောပခရီးသွားတွေက ထိုင်းရယ်၊ မြန်မာရယ်လို့ ခရီးစဉ် ဝယ်တာမျိုးထက် အာရှခရီးစဉ်၊ အရှေ့တောင်အာရှ ခရီးစဉ်ဆိုပြီး ဝယ်လိုက်တာ။ ဒီလိုအချိန်အခါမျိုးမှာ ကိုယ်ကတစ်နိုင်ငံတည်း ကျန်နေခဲ့လို့တော့မဖြစ်ဘူး။”
မိတ်ဆွေဖြစ်သူက လက်ရှိ ခရီးသွားလုပ်ငန်းအပေါ် သူ့အမြင်ကို အချိန်ရသခိုက် ပြောပြီး ထွက်သွားတယ်။ သူ့ဧည့်သည်တွေက ကျွန်တော်တို့ ရပ်ကွက်ထဲက ပုန်းရည်ကြီးဖိုကို လေ့လာကြမှာဖြစ်လို့ နှုတ်ဆက်ပြီး ထွက်သွားတယ်။
မိတ်ဆွေ ပြောသွားတဲ့အထဲမှာ နိုင်ငံခြားသားတွေ နေဝင်ချိန်ကြည့်ဖို့ နေရာသီးသန့် လုပ်ပေးဖို့ ရှိတယ်ဆိုတာ အခြေအနေဘယ်လိုရှိသလဲ။ မင်္ဂလာစေတီလိုမျိုးကို နေဝင်၊ နေထွက်ကြည့်ဖို့ ဖွင့်ပေးသင့်တယ်ဆိုတဲ့ အကြောင်းလည်း ပါတယ်။
မိတ်ဆွေထွက်သွားတော့ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေက ကျန်ခဲ့တယ်။ သူပြောသလို ကမ္ဘာလှည့် ခရီးသွားတွေ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ဒေသကို ဝင်ရောက်လာတဲ့ ကိန်းဂဏန်း Figure တွေကတော့ တစ်နှစ်ထက်တစ်နှစ် များလာတာ အမှန်ပါပဲ။ သို့သော်လည်း ခရီးသွားလုပ်ငန်းကို အကြောင်းပြုပြီး ကျွန်တော်တို့ဒေသခံတွေ၊ ပြည်သူပြည်သားတွေ တိုးတက်လာမှုဟာ လူတန်းစား အလွှာအသီးသီးမှာ သိသာထင်ရှားလာပါရဲ့လား။
“ဘုရားတွေမှာ၊ ဈေးတွေမှာ နိုင်ငံခြားသားတွေနောက် တကောက်ကောက် လိုက်နေရတဲ့ မိသားစုတွေ၊ ကလေးတွေ အများကြီးတွေ့နေရပါတယ်”
တစ်နေ့က ဒေသခံတစ်ဦး ပြောသွားခဲ့တဲ့စကား။
“မြင်းကပါ၊ ဝက်ကြီးအင်း၊ တောင်ဘီစတဲ့ ရပ်ကွက်ကျေးရွာတွေမှာ လူဦးရေ တစ်နေ့တခြား များလာတယ်။ ရှေးဟောင်းနယ်မြေထဲမှာ ဖြစ်နေတော့ ရပ်ရွာကို ထပ်ချဲ့ဖို့ခက်တယ်။ ဒါ့ကြောင့် ညောင်ဦးနဲ့ ကျောက်ပန်းတောင်းအကြား၊ မြင်းခြံအကြား မြို့တိုးချဲ့ဖို့ နေရာကြည့်ပြန်တော့လည်း ရင်းနှီးမြှုပ်နှံသူတွေ လက်ထဲရောက်နေပြီ။ မြို့အဖြစ် တိုးချဲ့လောက်အောင် အစိုးရမြေတောင် ကျန်သေးလားမသိ”
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း မျှော်လင့်ချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ၊ ရင်းနှီးမြှုပ်နှံနေသူတွေက ယနေ့အချိန်ထိ ပုဂံညောင်ဦးတွင် အရှိန်ရပ်မသွားသေး။ မြေယာဈေးတွေ ခေါင်ခိုက်လာသလို ကျူးကျော် ပြဿနာတွေ၊ စိုက်ပျိုးမြေ လျော့ပါးလာမှုတွေက တစ်နေ့တခြား များသထက် များလာတယ်။
အခြေခံအကျဆုံး စားသောက်ကုန် ဈေးနှုန်းတွေကအစ အနီးအနား ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ချောက်မြို့များထက် သာလွန်နေတယ်။ အကြောင်းပြချက်ကတော့ ကျွန်တော်တို့မြို့က ဟိုတယ်၊ တည်းခိုခန်းတွေ စားသောက်ဆိုင်တွေ များလို့တဲ့။ ဒေသခံတွေခမျာ ဟင်းရွက်၊ ကန်စွန်းကအစ ဈေးကြီးပေး ဝယ်နေရတယ်။
“နိုင်ငံခြားသားတွေ အလာများတဲ့ မြို့ဖြစ်လို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ မြို့ဖြစ်လို့ စားသောက်ကုန်တွေ ဈေးကြီးတယ်ဆိုတာ အံ့သြစရာပဲတဲ့။ ဒေသတစ်ခုမှာ တာဝန်ယူမှုရှိတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတယ်ဆိုရင် သူ့ကြောင့် အဲ့ဒီဒေသက စားသောက်ကုန်တွေ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်ဆိုတာမျိုး မဖြစ်ရဘူးလို့ ကျွန်တော့်ဧည့်သည်က ပြောသွားတယ်ဗျ”
တာဝန်သိ ခရီးသွားလုပ်ငန်းဆိုတဲ့ သဘောကို နိုင်ငံခြားသူပညာရှင်က ပြောပြသွားတော့ ကျွန်တော့်သူငယ်ချင်း ဒေသခံ ဧည့်လမ်းညွှန်လေးခမျာ ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သတဲ့။ ဒီမှာတော့ တစ်နှစ်တစ်နှစ် ဒေါ်လာပေါင်းများစွာ အကျိုးအမြတ်ရနေတဲ့ ဟိုတယ်ကြီးတွေဆီကို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် အမှတ်တရ စိုက်ထူချင်လို့ လှူဒါန်းပါဆိုတော့ ငွေကျပ်တစ်သောင်းလောက်ကို ပုဂံဒေသခံတွေခမျာ အာပေါက်အောင် ပြောခဲ့ရတာမျိုး ရှိသတဲ့။
ဆိုရရင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား ဝင်ရောက်လာတာကို Figure တွေအရ သိရသလို ရင်းနှီးမြှုပ်နှံသူတွေ များပြားလာတာ၊ ခြေချင်းလိမ်နေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါပေမဲ့ နိုင်ငံခြားသားတွေ အများအပြား ဝင်ရောက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ တိုးပွားလာမှုကြောင့် ကျွန်တော်တို့ ဒေသခံ လူတန်းစား အလွှာအသီးသီးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ မှန်မှန်ကန်ကန် ဖြစ်တည်လာပါရဲ့လားဆိုတာ စဉ်းစားစရာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဒေသဟာ ရှေးဟောင်းအမွေအနှစ်တွေကို အကြောင်းပြုတဲ့ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းကိုပဲ ဒေသထွက်ကုန် တစ်ခုလို အားကိုးအားထား ပြုနေကြတဲ့ သူတွေဖြစ်နေလို့ပါ။ အခြားမျှော်လင့်ချက်ဆိုတာ မရှိသလောက် ရှားပါတယ်။ ဒေသခံတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းအပေါ်မှာပဲ တည်မှီနေပါတယ်။
အကယ်၍များ ကျွန်တော်တို့ဒေသမှာ ကြီးထွားရှင်သန်နေတဲ့ ခရီးသွားလုပ်ငန်း အသိုက်အမြုံကြီးဟာ ရှေးဟောင်းအမွေအနှစ်တွေကိုသာ ခြိမ်းခြောက်ခံနေရပြီး ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူပြုမှု နည်းပါးနေဦးမယ်၊ လိုအပ်နေဦးမယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ တာဝန်သိတဲ့၊ တာဝန်ယူတတ်တဲ့ ခရီးသွားလုပ်ငန်းအသိုက်အဝန်း တစ်ရပ်အဖြစ် ပြောင်းလဲလာအောင် ပြန်လည်ဆန်းစစ် ပြုပြင် ထိန်းကျောင်းပေးဖို့ လိုလိမ့်မယ်လို့ ယူဆမိပါတယ်။

Most Read

Most Recent