တောကျီးကန်းတွေ ပျောက်ကွယ်ချိန်

တောကျီးကန်းတွေ ပျောက်ကွယ်ချိန်
Published 28 December 2015
ဝေလင်း (ပြည်)

သက်ဆိုင်ရာ အဖွဲ့အစည်း၊ တပ်အမှတ်တံဆိပ် များပါ ယူနီဖောင်း ဝတ်ထားသည့် ပတ်ကင်းလှည့် ချီတက် လာသည့် စစ်ကြောင်းတစ်ခုက ရှမ်းရွာကလေးနား အရောက် ၎င်းတို့အနားမှ ဖြတ်သန်းသွားသည့် ပါဂျဲရိုး ကားတစ်စီးကို လက်နက်များဖြင့် ချိန်ရွယ်လိုက်ရင်း ရပ်တန့်ရန် တိုင်းရင်းသား ဘာသာစကားဖြင့် ပြောဆို လိုက်သည်။ ပါလာသည့် ခရီးသည်များ နှုတ်ဆွံ့အနေချိန်တွင် ကားဒရိုင်ဘာက ယင်းဘာသာ ဖြင့်ပင်လှမ်း ပြောလိုက်သည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီမှ ၁၂ နာရီကြားတွင် တအောင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ လွယ်ချပ် ကျေးရွာအနီးတွင် မြန်မာ့တပ်မတော် နှင့် တအောင်းလွတ် မြောက်ရေးတပ် မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းမတိုင်မီ ဒီဇင်ဘာ ၁၆ ရက်တွင် TNLA အထွေထွေ အတွင်းရေးမှူး တာဖုန်းကျော်က တိုက်ပွဲများ ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး RCSS နှင့် တွေ့ဆုံ ညှိနှိုင်းရန် အသင့်ရှိဟု သတင်းတစ်ပုဒ်ကို  The Daily Eleven သတင်းစာတွင် ဖော်ပြပါရှိသည်။ ထိုသတင်းမှာပင် ပြီးခဲ့သည့် နိုဝင်ဘာလ ကုန်ပိုင်းမှစကာ ဒီဇင်ဘာ ၁၇ ရက်ထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးဒေသ RCSS တို့၏ အုပ်ချုပ်ရေးနယ်မြေမှ စကာ အနီးနားဝန်းကျင်များတွင် တိုက်ပွဲများ ၁၀ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
နံနက်ခင်းတစ်ခု၏ မြူနှင်းများ မပြယ်လွင့်မီမှာပင် မိုင်းဝီးကျေးရွာ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးလေး အရှေ့တောင်တက်လမ်း ကလေးဆီသို့ တောလမ်းမောင်း ပါဂျဲရိုးကားသုံးစီး ဆိုက်ရောက်လာခဲ့သည်။ ရုံးလေး၏ရှေ့ လမ်းတစ်ဖက် အိမ်သစ်ကလေးတွင်တော့ မီးဖိုဖိုထားပြီး ယင်းနံဘေးတွင်တော့ ကလေးငယ်များနှင့် လူလတ်ပိုင်းများ ဝိုင်းထိုင်ရင်း စကားပြောနေကြသည်။ ကားပေါ်မှ တူညီ ဝတ်စုံဝတ် လူငယ်တချို့ ဆင်းလာခဲ့ပြီး ရုံးလေးထဲ လှမ်းဝင်လိုက် ချိန်တွင်တော့ တစ်ရုံးလုံးရှိ တိုင်းရင်းသား မိသားစုများ၊ ကလေးငယ်များကြား လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီး ရုံးကလေးရှေ့ မြေကွက်လပ်သို့ အားလုံး စုရုံး ရောက်ရှိလာကြသည်။ ဤမြင်ကွင်းကား ယင်းဒေသနှင့် တိုင်းရင်းသား မိသားစုများအကြား ဘာသာ စကားမတူသည့် လူစိမ်းများကို အများအပြား မြင်တွေ့ဖူးခြင်း ဖြစ်သလို မည့်သည်ကိစ္စ ဆိုသည်ကို စူးစမ်းချင် စိတ်က မျက်လုံးများတွင် အတိုင်းသား မြင်နေရပြီး အချို့ကတော့ ကြောက်လန့်စိတ်ဖြင့် နေထိုင်ရာ အခန်းများ တွင်းပုန်းလျှိုးကာ ချောင်းမြောင်း ကြည့်ရှုနေကြသည်။
သတင်းစာများ၊ လူမှုကွန်ရက် စာမျက်နှာများတွင် ရက်ဆက်ဆိုသလို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက် ပိုင်းတို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း သတင်းများသည် တစ်နိုင်ငံလုံး ပျံ့နှံ့ခဲ့ပြီး စစ်ဘေး ဒုက္ခသည် ဒေသခံ တိုင်းရင်းသားများ၊ စစ်ဘေးဒုက္ခသည် စခန်းများတွင် တိုးပွားလာခဲ့ကာ အရင်ရောက်ရှိနေ သည့် ဒေသခံများမှာလည်း ဒေသကို ပြန်နိုင်ခြင်း မရှိသေးကြောင်း ကြားသိခဲ့ရပြန်သည်။
ရောက်လာကြသည့် ခရီးဝေးက ဧည့်သည်များအတွက် ဘာသာစကားတူ ပြောဆိုနိုင်သည့် လူကြီးများ၊ ကျောင်းဆရာလေး များကထွက်ကာ ခရီးဦးကြိုပြုကြရင်း စကားစမြည် ပြောနေကြသည်။ ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်းရှိ မြို့နယ်အချို့မှ ပြည်သူလူထုထံမှ လိုက်လံ ကောက်ခံရရှိခဲ့သည့် အလှူငွေများကို ကိုယ်စားပြု လာရောက်လှူဒါန်းကြသည့် အရပ်ဘက်  အဖွဲ့ပေါင်းစုံနှင့်၊ စာပေ၊ ဂီတ၊ မီဒီ ယာ၊ ဓာတ်ပုံ၊ တက္ကသိုလ်ကျောင်းသား ပေါင်းစုံမှ လူငယ်များဖြစ်ကြောင်း ပြောဆိုလိုက်ချိန်တွင်တော့ ကျောင်း ဆရာနှင့် အခြားလူကြီးများက လာရောက်နေထိုင်နေသည့် မိသားစုများထံ ပြန်လည် ရှင်းလင်းပြချိန်တွင် ရုံးကလေးအတွင်း ရယ်မော ပျော်ရွှင်သံများနှင့် ကြည်နူးမှု၊ သံသယ ကင်းရှင်းမှု ပုံရိပ်များကို တွေ့လိုက်ရသည်။
စစ်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း ရှမ်းပြည်မြောက်ပိုင်း၊ ဟိုပန်ကျေးရွာလေးမှ အိမ်ထောင်စု ၆၁ အိမ်ထောင်စုရှိကာ လူဦးရေ ၃၄၁ ဦးရှိခဲ့သည်။ အားလုံးက ရှမ်းတိုင်းရင်းသား မိသားစုများဖြစ်ကာ အား လုံးနီးပါးလိုလို ဗမာစကား မပြောတတ်သလို  ပြောတတ်သူများ ကလည်း ထမင်းစားရေသောက် လောက်သာ ပြောတတ်ရှာသည်။ ရှမ်းစာပေရုံးလေးအတွင်း ရောက်ရှိနေသည်မှာ တစ်လကျော်ခန့် ရှိခဲ့ပြီဖြစ်သည်။ မိမိတို့၏ တောင်ယာများကို စွန့်ပစ်ခဲ့ရသည်။ အိမ်မွေး တိရစ္ဆာန်လေးများကို ထားခဲ့ရသည်။ နေအိမ်လေးများကို အထီးကျန် ဆန်စေခဲ့သည်။
အေးစက်စက် မြူနှင်းများကြား တောတောင်တို့ကို ကျော်ဖြတ်နင်းခြေကာ သေနတ်သံ တို့ဝေးရာ၊ ကျည် သွားလမ်းနှင့် လှမ်းရာ၊ မိသားစုတို့ စုစည်းနိုင်ရာ၊ မတရား ဖမ်းဆီးခံရခြင်းတို့မှဝေးရာ၊ ရိုက်နှက်စစ်ဆေး ခြင်းတို့မှဝေးရာ၊ အချိန်မှန်မှန် စားသောက်နိုင်မည့် ထမင်းဝိုင်းများရှိရာ မနိုင်မနင်း ဝန်ထုပ်ဝန်ပိုးများကို ထမ်း ပိုးရင်း သားချော့တေးကို သီဆိုရင်း ဖခင်တစ်ယောက်၏ အကာအရံကို ပြုလုပ်ရင်း၊ မိခင်တစ်ဦး၏ နွေးထွေး သည့် ကြင်နာမေတ္တာတရားကို ပြသရင်း မိုင်များစွာခရီးများမှ အမြင်အကြားမတော် လှသည့် စစ်ဘေးဒုက္ခ သည်စခန်းများဆီ လာရောက်နေကြရသည်။ နောက်ကျောဘက်တွင်တော့ ယမ်းငွေ့များ၊ ယမ်းနံ့များ၊ ကျည်သွားရာ အလင်းတန်းများက ပြတ်သားထင်ရှားဆဲ။
တကယ်ဆိုတော့လည်း ရှမ်းစာပေရုံး ကလေး၏ မြေနေရာက မကျယ်ဝန်းလှသလို ခြေတံရှည်သစ် သား ကျောင်းဆောင်လေးတစ်ခု၊ တစ်ထပ်အုတ်တိုက် ဟောခန်းလေး တစ်ခု၊ စားနပ်ရိက္ခာ များထားရာ အုတ်တိုက်လေး တစ်ခုသာရှိသည့် နေရာတွင် လူပေါင်း ၃၄၁ ဦး နေထိုင်နေရသည်။ အခင်းအကာ မလုံ လောက်မှုနှင့် တိုးဝှေ့နေရသည့်အတွက် စခန်းလေးအတွင်း အနံ့အသက်များက ကျန်းမာရေးအတွက် မကောင်းလှပေ။ သစ်သားကျောင်းဆောင်လေး၏ နောက်တွင်တော့ အများစားသုံးရန် ချက်ပြုတ်သည့် လဟာပြင်စားဖိုဆောင်၊ ကျောင်းရှေ့မြေကွက်လပ်လေး၏ဘေးတွင် ထမင်းစားရန်၊ ကြွေရည်သုတ် သံပန်းကန်၊ ဇလုံများ၊ ဇွန်းများကို ဆေးကြောကာ အထပ်လိုက် မှောက်ထားသည်။ ယာယီ စားသောက်နေထိုင် ရန် မပူပန်ရသော်လည်း သူတို့၏ အိမ်ပြန်လမ်းကား နေရပ်ပြန်နိုင်ဖို့ကတော့…..။
“တိုင်းရင်းလက်နက်ကိုင် အ ချင်းချင်းလည်းဖြစ်တယ်။ တပ်မ တော် စစ်တပ်နဲ့လည်း ဖြစ်တယ်။ စစ် ဖြစ်ပြီတိုက်ကြပြီဆိုရင် သူတို့ပစ်လိုက် တဲ့ လက်နက်ကြီးအမြောက်ဆန်က ဘယ်ကိုကျမယ်ဆိုတာ မှန်းလို့မရ ဘူး။  အဲဒီတော့ ဒီမှာရောက်နေတဲ့ ဒုက္ခသည်တွေက သူတို့နေရပ်ကို မပြန်ရဲကြ ဘူး။ ပြန်သွားလို့ ထပ် ဖြစ်တယ်ဆိုရင် သူတို့ပြန်ပြောင်းလာ ဖို့ မလွယ်ဘူး။ ဘာမှမဖြစ်ဘူးလို့ ဘယ် သူကမှ  အာမ မခံနိုင်ဘူးလေ။ သူတို့ နေရပ်ပြန်ဖို့ တစ်လကြာမလား နှစ်လကြာဦးမှာလားဆိုတာ သေချာ မပြောနိုင်ဘူး” ဟု စစ်ဘေးဒုက္ခသည် ရှမ်းတိုင်းရင်းသားများ၏ အခြေ အနေကို ရှမ်းစာပေ ယဉ်ကျေးမှု သင် ကြားပေးနေသည့် ဥက္ကဋ္ဌကျောင်း ဆရာလေးက ရှမ်းသံဝဲ၀ဲဖြင့် ရှင်း ပြနေသည်။
အမှန်တကယ်တွင်လည်း ဒေ သခံတိုင်းရင်းသားများအဖို့ နေရပ် ပြန်ရန် အခက်အခဲများစွာရှိနေဆဲ ပင်။ ကြိုတင်ခန့်မှန်းမရသည့် တိုက် ပွဲများအတွက် မည်သူကမှ တာဝန် မယူနိုင်ပေ။ စစ်ဘေးဒုက္ခသည်စခန်း များတွင်လည်း လုံလောက်သည့် စားနပ်ရိက္ခာက အမြဲတမ်းအတွက် မသေချာလှ။ ကောင်းမွန်ခြင်းမရှိ သည့် လမ်းပန်းဆက်သွယ်ရေးနှင့် ဝေးလံလှသည့် မိုင်တိုင်များ၊ တာဝန် ယူမပေးနိုင်သည့် လုံခြုံရေးအန္တရာယ် များက လာရောက်ကူညီဖေးမပေးမည့်သူများအတွက် အဟန့်အတား ဖြစ်စေသလို တိုင်းရင်းသားလက် နက်ကိုင်အချင်းချင်း ဖြစ်ပွားနေသည့် အတွက် ဒေသခံတိုင်းရင်းသားများ အကြား ဆက်ဆံရေးအကျပ်ရိုက်နေ သလို လာရောက်ဖေးမကူညီမည့်သူ များအတွက်လည်း အထူးသတိပြု နေရသည့်ကိစ္စဖြစ်နေသည်။
အပူပင်ကင်းမဲ့လှသည့် ကလေး များအဖို့ကတော့ သူတို့မည်သို့ဖြစ် နေသည် ဘယ်နေရာမှာ နေရသည် ကို မသိမတွေးကြပေ။ လူစုလူဝေး ဖြင့် စခန်းလေးအတွင်း စည်ကားနေ သည်ကို ပျော်ရွှင်နေကြပုံရသည်။ အချို့လသား၊ တစ်နှစ်ကလေးများ ကတော့ အမျိုးသမီးကြီးများ၏ကျောတွင် စောင်တစ်ထည်ဖြင့် ထုပ် နှောင်ချီပိုးခံထားရရင်း သွားလေရာ သို့ လိုက်ပါနေကြသည်။ သူ့တို့အနာ ဂတ်ကိုမသိကြ။ သူတို့ကတော့ တိုက် ပွဲများဖြစ်ပွားနေသည့် လက်နက် ကိုင်များ စစ်တပ်များ၏ လူမျိုးတူ၊ နိုင်ငံသားတူ၊ ကျေးရွာတူသူတို့သာ ဖြစ်ပြီး သူတို့၏ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းလူမျိုးများ တိုက်နေ သည့် စစ်ပွဲများကြောင့် ရှောင်တိမ်း နေကြရသူများသာဖြစ်သည်။
သူစိမ်းဧည့်သည်များ စခန်း လေးအတွင်းမှ ထွက်ခွာချိန်တွင် တော့ အားလုံးသောတိုင်းရင်းသားမိသားစုများနှင့် ဧည့်သည်များကြား ကမ္ဘာဦးစကားဖြစ်သည့် လက်အုပ်ချီ ကာနှုတ်ဆက်ကြသည်။ ကလေးများ က လက်ပြနှုတ်ဆက်ကြသည်။ လာ ရောက်သည့် ဧည့်သည်များက ကား များပေါ်တက်ရင်း ဆက်လက်ထွက် ခွာခဲ့ကြသည်။ စစ်ဘေးဒုက္ခသည် စခန်းကလေးက အဝေးတွင်ကျန်ခဲ့ သည်။ တရွေ့ရွေ့မောင်းနှင်လာ သည့်ကားများကို လက်နက်ကိုင်ထား သည့်လူတစ်စ ုလမ်းမကြီးတွင် တား ဆီးလိုက်သည်။
ကားဒရိုင်ဘာက ရှမ်းဘာသာ စကားဖြင့် စစ်ဘေးဒုက္ခသည်စခန်း များတွင် လာရောက်လှူဒါန်းသူများ ဟု ပြောဆိုပြီးချိန်တွင်တော့ လက် နက်ကိုင်ထားသူများက လမ်းဖွင့်ပေး လိုက်သည်။ ကားပေါ်တွင်ပါသူ မြေ ပြန့်သားများက မလှုပ်ရှားရဲ။ ရုပ်ရှင် ကားများတွင်သာ တွေ့ဖူးနေသည့် သေနတ် ကိုင်ဆောင်ထားသူများ၊ သံသယ အကြည့်များအောက်တွင် ပါဂျဲရိုးကားလေးများက ဖြည်းဖြည်း ညင် သာစွာ မောင်းနှင်နေကြရသည်။
လမ်းခရီးတွင် တောနက်နက် တောင်များအကြား နက်မှောင် တောက်ပြောင်လှသည့် ကျီးကန်း များကို စစ်ပွဲများဖြစ်ပွားရာဒေသ များအနီးတွင် အများအပြားတွေ့ရ ချိန်။ ကားဒရိုင်ဘာ ရှမ်းတိုင်းရင်း သားကြီး၏ ပြောစကားက ရင်ကိုနင့် သွားစေသလို အနာဂတ်တွင်လည်း စိုးရိမ်စိတ် ပြင်းထန်သွားသည်။
“ဒီကျီးကန်းတွေက တိုက်ပွဲတွေ ဖြစ်နေချိန်ဆို ဒီနေရာကိုရောက်လာ တတ်တယ်။ တိုက်ပွဲတွေအားလုံးပြီး တော့မယ်ဆိုရင် ကျီးကန်းတွေကို တောထဲမှာမတွေ့ရတော့ဘူး။ ကျီး ကန်းတွေရောက်လာပြီဆိုရင် တိုက် ပွဲဖြစ်တော့တာပဲ။ ကျီးကန်းတွေ ပျောက်သွားပြီဆိုရင်တော့ တိုက်ပွဲ တွေမရှိတော့ဘူး။ လင်းတတွေလို ပေါ့။ ကျွန်တော်တို့ခရီးသွားရင် တောထဲမှာ အဲဒီကျီးကန်းတွေကို ကြည့်ပြီး တိုက်ပွဲဖြစ်မဖြစ် တည်ငြိမ် မှုရှိ မရှိကို မှန်းဆနိုင်တယ်”ဟု ရှမ်း တိုင်းရင်းသား ဒရိုင်ဘာလေးက ပြောလိုက်ချိန်...။
မြန်မာနိုင်ငံအနှံ့အပြား ကမ္ဘာ တစ်ဝှန်းတော ကျီးကန်းတွေ ပျောက် ကွယ်ချိန်ကို မျှော်မှန်းတမ်းတ ဆု တောင်းရင်း တောကျီးကန်းများ ပျံ သန်းအော်ဟစ်နေရာ တောင်တန်း တစ်လျှောက် အတွေးတို့...။

Most Read

Most Recent