ဘဝတွေက စွန့်ပစ်မြေစာထဲမှာ . . .

ဘဝတွေက စွန့်ပစ်မြေစာထဲမှာ . . .
Published 28 December 2015
အောင်ဟိန်းမင်း (ဖားကန့်)

ကျောက်စိမ်းထွက်တဲ့ တောတောင်တွေကို အရင်းရှင် ကုမ္ပဏီကြီးတွေကနေ လုပ်ကွက်တွေဆွဲ၊ ယန္တရားကြီးတွေသုံးပြီး ကျောက်စိမ်းကို အထပ်ထပ်ရှာဖွေ၊ အသုံးမလိုတော့တဲ့ မြေစာတွေကို တစ်နေရာမှာ မြေသယ်ကားကြီးတွေနဲ့ သွားရောက်စွန့်ပစ်၊ အဲဒီစွန့်ပစ်ထားတဲ့ မြေစာပုံမှာမှ ကျောက်စိမ်းကို ထပ်မံသွားရောက် ရှာဖွေသူကိုတော့ ဖားကန့်မှော်နယ်မြေမှာ ရေမဆေးသမားလို့ ခေါ်ကြပါတယ်။
ဆယ်စုနှစ်တစ်စုကျော် သက်တမ်း ကြာမြင့်လာပြီဖြစ်တဲ့ ရေမဆေးသမားတွေရဲ့ဘဝဟာ ၂၀၁၅ ခုနှစ် အတွင်း အကြိမ်လေးဆယ်နီးပါးလောက် ဖြစ်ပွားခဲ့တဲ့ စွန့်ပစ်မြေစာပုံကြီးတွေ မပြိုကျခင်အထိ မေ့လျော့ခံဘဝတွေ ဖြစ်ခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ မြေစာပုံ ပြိုကျမှုကြောင့် လူရာချီ သေဆုံးသွားခဲ့ရသလို ထိုအခါတွင်မှ မြန်မာသာမက ကမ္ဘာတစ်ဝန်းက လူတွေပါ ဖားကန့်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာပြီး ရေမဆေးသမားသမားတွေရဲ့ဘဝကို သတိပြုမိခဲ့ကြပါတယ်။
ဖားကန့်ဒေသမှာ လူဦးရေ သုံးသိန်းကျော် နေထိုင်ပါတယ်။ နှစ်သိန်း ကျော်လောက်က ဖားကန့်ဇာတိ မဟုတ်ကြဘဲ မြန်မာပြည်တွင်း အဝေး တစ်နေရာကနေ စီးပွားရှာဖို့ ရောက်လာကြသူတွေပါ။ ကျေးရွာ စုစုပေါင်း ၁၁၆ ရွာမှာ ၅၄ ရွာသာ ပြည်ထဲရေး အမည်ပေါက်ပြီး ကျန်  ၆၆ ရွာကတော့ ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖို့ ရောက်လာကြသူတွေကြောင့် ထပ်တိုးရွာများ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့နှစ်များစွာကတည်းက မှော်နယ်မြေထဲ အခြေချ ရောက်ရှိခဲ့ကြသူတွေ ရှိသလို မနေ့တစ်နေ့ကမှ စီးပွားရှာဖို့ လာရောက်သူတွေလည်း ရှိပါတယ်။ ချမ်းသာချင်တဲ့ စိတ်တစ်ခုတည်းနဲ့ အောက်ပိုင်းဒေသတွေကနေ တက်လာပြီး ဖားကန့်မှာ  နှစ်ပေါင်း သုံးဆယ်ကျော်လောက် ကြာမြင့်လာခဲ့ပေမယ့် ‘မှော်ကြာ’ဆို တဲ့ ဂုဏ်ပုဒ်ကလွဲလို့ ဘဝအခြေအနေ ဘာမှ ထူးခြား ပြောင်းလဲမလာတဲ့ လူတွေ အများကြီးရှိသလို ယနေ့ ရောက်လာပြီး မနက်ဖြန် ချမ်းသာသွားကြသူတွေလည်း အံ့သြဖွယ် ရှိကြပါတယ်။ ဒါကြောင့်လည်း မှော် လို့ခေါ်ကြတယ်ထင်ပါရဲ့။
ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ဖားကန့်ဒေသမှာ ကျောက်တူးဖော်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်းအဖြစ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီခေတ်တွေကတော့ သံတိုင် ပေါက်ပြားတွေနဲ့ တူးဖော်ကြတာဖြစ်ပြီး ဂေါ်တောင်းနဲ့ မြေစာစွန့်ပစ်ရတဲ့ ခေါက်စားခေတ်ပဲ ဖြစ်ပါတယ်။ ထိုမှတစ်ဖန် ပြောင်းလဲလာတာက စက်ယန္တရား အငယ်စားလေးတွေ ပါဝင်အသုံး ပြုလာတဲ့ ဖက်စပ် ကုမ္ပဏီခေတ်ပဲ ဖြစ်ပါတယ်။ အဲဒီခေတ်အထိ ဒေသခံတွေဟာ ကျောက်တူးဖော်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးခြင်း မရှိသေးဘဲ ရွေးချယ်ပိုင်ခွင့်တွေ ရှိခဲ့ကြပါတယ်။
၂၀၀၁ ခုနှစ် သတ္တုတွင်း ဝန်ကြီးဌာနကနေ အကျိုးတူကုမ္ပဏီ၊ ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် လုပ်ကွက်နေရာတွေ ချပေးလိုက်ချိန်မှာ စက်ယန္တရားကြီးတွေ ဝင်ရောက်လာခဲ့ပြီး တစ်ပိုင်တစ်နိုင် လက်ကျင်းတွေ ပျောက်ကွယ်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ကစလို့ တစ်ပိုင်တစ်နိုင် ယဉ်ကျေးမှု ပျောက်ကွယ်သွားခဲ့ပြီး ဒေသခံတွေဟာ ဒါတို့ပြည် ဒါတို့မြေလို့ မကြွေးကြော်နိုင်တော့ ပါဘူး။
‘‘၂၀၀၇ လောက်ကစပြီး လက်ကျင်းလေးတွေ ပျောက်ကွယ်သွားပါပြီ။ ဖက်စပ်ခေတ်ပြီးတော့ အကျိုးတူ ကုမ္ပဏီခေတ်မှာ လုပ်ကွက်တွေ ဆွဲလိုက်တဲ့အခါ တစ်ပိုင်တစ်နိုင် ကျောက်တူးစရာ နေရာတွေ မရှိတော့ဘူး။ ဟိုဘက်ခေတ်နဲ့ ဒီဘက်ခေတ် ကွာခြားသွားခဲ့တာတွေကတော့ အများကြီးပါပဲ။ ဟိုအရင်တုန်းက ဥရုချောင်းဟာ ရေထဲကငါးတွေကို မြင်ရပါတယ်။ ရေထဲက ကျောက်တွေကိုလည်း အတိုင်းသား မြင်ရတယ်။ အဲဒီကနေ ရေခွံဆိုတဲ့ ကျောက်မျိုးထွက်တယ်။ ဒါက ဟို အရင်တုန်းက ဥရုချောင်းထဲမှာ လူတွေကျောက် ရှာခဲ့ကြတာပါ။ ဒါပေမဲ့ ချောင်းရေဟာ ကုမ္ပဏီတွေက စက်ယန္တရားကြီးတွေနဲ့ လုပ်ကိုင်ချိန်ကစလို့ ယနေ့အထိ နောက်ကျိသွားခဲ့တယ်။ နောက်တစ်ချက်က ဟိုအရင် ခေါက်စားခေတ်တုန်းက အောက်ပိုင်းမှာ အလုပ်တွေ အားတဲ့အချိန် တစ်လဖြစ်ဖြစ် နှစ်လဖြစ်ဖြစ် ဒီမှာအလုပ် လာလုပ်လို့ရတယ်။ ခေါက်စားထမ်းရင်ထမ်း၊ မထမ်းရင် ကျောက်တူးလို့ရတယ်။ အခုလို စွန့်ပစ်မြေစာမှာ ရှာရတာ မဟုတ်ပါဘူး’’ဟု ဖားကန့်မြေသို့ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် ကတည်းက ရောက်ရှိလာခဲ့သူ ဦးနွဲ့ထိန်က အတွေ့အကြုံကို ပြောပြပါတယ်။
တစ်ခေတ်တစ်ခါက အကြောင်းကို ပြန်ပြောင်းပြောကြရင်တော့ မမေ့နိုင်စရာတွေအဖြစ် အတိတ်မှာ  အထင်းသား ကျန်ရစ်ခဲ့တဲ့ စနစ်မျိုးကို ဒေသခံတွေ  ပြန်လိုချင်ကြမှာ အမှန်ပါပဲ။ အခုတော့ စွန့်ပစ်မြေစာတွေကပဲ ဒေသခံတွေရဲ့ဘ၀ အကောင်းအဆိုးကို ဖန်တီးသလို ဖြစ်နေပါတယ်။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ကံတရားကို စွန့်ပစ်မြေစာ တစ်ခုတည်းဆီမှာပဲ မြှုပ်နှံထားကြရတယ်။ တကယ်လို့သာ စွန့်ပစ်မြေစာတွေက သူတို့ဘဝကို အကျည်းတန်ခြင်းတွေ ဖန်ဆင်းပေးခဲ့မယ်ဆိုရင် လက်ညှိုးအစုံက ခေတ်စနစ်နဲ့ ကုမ္ပဏီတွေကို အပြစ်တင်ကြမှာ မလွဲပါဘူး။
ဟုတ်ပါတယ်။ တကယ်လည်း ယခုကျောက်တူးဖော်ရေး စနစ်ကြီးကို ဒေသခံတွေ ဝေဖန်အပြစ်တင်ခဲ့ ကြတယ်။ ချမ်းသာခြင်းတို့ ရောင်နီမသန်းခင် မွဲတေနေတဲ့ ဘဝများစွာထဲကို စွန့်ပစ်မြေစာက အိပ်မက်ဆိုးတွေ စေလွှတ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်အတွင်း ရဲမှတ်တမ်းတွေအရ မြေပြိုမှု ၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စွန့်ပစ်မြေစာပုံကြီးတွေမှာ အမှီသဟဲ ပြုနေထိုင်သူနှင့် ရေမဆေးကျောက် ရှာဖွေသူ အများအပြားဟာ မြေစာပိ သေဆုံးသွားခဲ့ပါတယ်။ ဆိုးဆိုးရွားရွား မြေပြိုမှုအားလုံးကို လေ့လာကြည့်လိုက်ရင် အဓိကကတော့ ရေစီးရေလာကောင်းတဲ့ လျှိုမြောင်တွေကို မြေစာတွေ ပိတ်ဆို့မိခဲ့လို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မြေပြိုမှုကြောင့် စုစုပေါင်း အလောင်း ၂၀၀ နီးပါး ရှာဖွေတွေ့ရှိထားခဲ့ပြီး ဆက်လက်ပြိုကျနိုင်တဲ့ မြေစာပုံကြီးတွေရဲ့ အနေအထားကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေဟာ အခက်အခဲ ကြုံတွေ့နေရပါတယ်။ အက်ကြောင်းထနေဆဲဖြစ်တဲ့ စွန့်ပစ် မြေစာပုံကြီးတွေက ရေမဆေးသမားတွေရဲ့ ဆင်းရဲမွဲတေမှုကို စိန်ခေါ်နေပါတယ်။ ကျောက်ရှာတဲ့ အလုပ်အပြင် အခြားလုပ်စရာ လုပ်ငန်းမရှိလှသည့် ဖားကန့်မှာ မည်သို့ပင် လူ့အသက်တွေ ဆုံးရှုံးနေကြသည်ဖြစ်စေ အဲဒီမြေစာပုံမှာ ရေမဆေးသမားတွေဟာ ကျောက်ရှာ မပျက်ခဲ့ ကြပါဘူး။ ‘ကြောက်လွဲ၊ ရဲမင်းဖြစ်’ဆိုတဲ့ မြန်မာစကားပုံဟာ ရေမဆေးသမားတိုင်း နှလုံးသွင်းထားကြတဲ့ ခွန်အားတွေပါလား။
ရေမဆေးကျောက် ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းပြုရသူ ဒေသခံတစ်ဦးက ‘‘ခဏခဏ ဒီလို မြေစာပုံကြီးတွေ ပြိုကျပြီး ကိုယ့်ရှေ့မှာ လူတွေ သေသွားတာတွေ့ရတော့ ကျောက်ရှာရမှာ ကြောက်လာတာပေါ့။ ဒီလိုဖြစ်ပြီးရင် တော်တော်နဲ့ မြေစာပုံကို မသွားရဲဘူး။ မြေစာပုံ အနေအထားကလည်း ဘယ်နေ့လဲ သာမသိတာ ဆက်ပြိုကျနိုင်သေးတယ်။ အန္တရာယ်များတယ်။ ဒါပေမဲ့လည်း ရက်နည်းနည်းကြာလာတော့ ကျောက်မရှာလို့ကလည်း မဖြစ်ဘူး။ မိသားစု စားဝတ်နေရေးက ရှိသေးတယ်။ ဖားကန့်မှာ ရေမဆေးရှာတဲ့ အလုပ်ကလွဲပြီး တခြားအလုပ်မရှိ ဘူးလေ။ ဒီတော့ပြိုကျခါမှ ပြိုကျရောဆိုပြီး သွားရှာရတယ်’’ဟု သူ့ရဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
ရေမဆေးကျောက် ရှာဖွေတယ်ဆိုတာ ရာချီသော ရေမဆေးသမားတွေက စွန့်ပစ် မြေစာပုံတစ်ခုမှာ ကားတစ်စီး မြေစာသွန်ချလိုက်တယ် ဆိုရင်ပဲ အလုအယက် ရှာဖွေရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ကျောက်ခေါက်တဲ့ စိန်တူတစ်ချောင်းကိုင်ပြီး မြေစာလျှောဆင်းမှု မဆုံးခင်မှာဘဲ တစ်ဟုန်ထိုးခုန်ဆင်းကာ သူ့ထက်ငါဦးအောင် ကျီးကန်းတောင်းမှောက် ရှာဖွေကြရပါတယ်။ လျင်မြန်သွက်လက်မှုနဲ့ သမ္ဘာက စကားပြောပါတယ်။ ကံတရားက အဓိကကျပါတယ်။ ခဲမှန်ခံနိုင်အောင် ဒူးကာဆိုတာမျိုး တပ်ထားရပါတယ်။ ဘယ်အချိန် မြေစာ ပြတ်ကျမယ်ဆိုတာ ကြိုတင်မသိထားတဲ့ သူတို့ဘဝဟာ အသက်ကို ဖက်နဲ့ထုပ်ထားရသလို အန္တရာယ်များပြားလွန်းလှပါတယ်။
မြန်မာပြည်အနှံ့က ရောက်ရှိလာတဲ့ တိုင်းရင်းသားတွေနဲ့ ဒေသခံတွေ တရားဝင် ကျောက်ရှာဖွေခွင့် ရှိတဲ့ စုပေါင်းမြေစာပုံ ၁၁ ပုံရှိပါတယ်။ အဲဒီ ၁၁ ပုံဟာ ရာနှင့်ချီသော ကျောက် မျက်ကုမ္ပဏီတွေအတွက် မြေစာစွန့်ပစ်ဖို့ သတ်မှတ်ထားတာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အချိန်မရွေး ပြိုကျနိုင်တဲ့ အနေအထားတွေ  ရှိနေပါတယ်။ 
ရတနာ နယ်မြေဖြစ်တဲ့ ဖားကန့်ဒေသကို ပြည်ထောင်စု အစိုးရကနေ တိုက်ရိုက် ကိုင်တွယ်တာဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ကုမ္ပဏီတွေကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ သတ္တုတွင်းဥပဒေကို ချိုးဖောက်ပြီး တားမြစ်ဧရိယာထဲပါတဲ့ သဘာ၀ အင်း၊ အိုင်၊ ချောင်းမြောင်း လက်တက်တွေအပေါ် ကျောက်မျက်ကုမ္ပဏီတွေ မြေစာစွန့်ပစ်နေမှုကို မတားဆီးနိုင်ခဲ့ဘူး။ ဒီလို စည်းကမ်းမဲ့ လုပ်ရပ်တွေရဲ့အကျိုးဆက်အဖြစ် ဖားကန့်မြို့နဲ့ ကျေးရွာအများအပြား ရေနစ်မြုပ်မှုဒဏ်ကို နှစ်စဉ်ခံစားနေရပြီး အချို့ကျေးရွာတွေဟာ အချိန်မရွေး ကျရောက်နိုင်တဲ့ သဘာဝဘေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ချုံပြီးပြောရရင် စွန့်ပစ်မြေစာတွေဟာ ပျော်ရွှင်ခြင်းထက် သောကကို ပိုမိုဆောင်ကြဉ်းပေးခဲ့တယ်။ ကံထမ်းလာတာ မမြင်ရခင်မှာ လှံထမ်းလာတာကိုပဲ လူပေါင်းမြောက်မြားစွာ မြင်တွေ့ခဲ့ရပြီးပြီ။ ဖားကန့်မှော်နယ်မြေမှာ လူ့အသက်တွေ တန်ဖိုး မဲ့ခဲ့ကြလေပြီ။
မြန်မာပြည်ဖွား တိုင်းရင်းသားတွေအနေနဲ့ အရင်းရှင်တွေ အသုံးမလိုတဲ့ စွန့်ပစ်မြေစာမှာပဲ ကျောက်ရှာခွင့်ရတဲ့ စနစ်မျိုးဟာ မဖြစ်သင့်တော့ဘူးလို့သုံးသပ်မိပါတယ်။ မကြာမီ ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်မှာ ကျောက်တူးဖော်ရေး စနစ်တွေ ဘယ်လိုပဲ ပြောင်းလဲသွားစေကာမူ ပြည်သူတွေအပေါ် စေတနာထားတဲ့ စနစ်မျိုး ဖန်တီးပေးဖို့ကိုတော့ အသုံးမလိုတဲ့ နေရာမှာ ရှင်သန်ခွင့်ရတဲ့ ဒေသခံ ရေမဆေးသမားတွေနဲ့အတူ ဆန္ဒပြုမိပါတယ်။ အခုချိန်ထိတော့ ဖားကန့်က လူဦးရေ သုံးသိန်းကျော်ရဲ့ဘဝတွေဟာ စွန့်ပစ်မြေစာထဲမှာ. . .။

Most Read

Most Recent