ကျေးဇူးနှင့် သစ္စာ

ကျေးဇူးနှင့် သစ္စာ
Published 28 December 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
‘ကျေးဇူးတင်ပါတယ်’ ဆိုသော စကားတစ်ခွန်းကို သူသူငါငါတို့၏ နှုတ်ဖျားမှ မကြာခဏဆိုသလို ကြားရလေ့ရှိသော်လည်း ‘သစ္စာရှိပါတယ်’ ဆိုသော စကားသံကတော့ မကြားရ မိသလောက် နည်းပါးလှပါသည်။ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ နှင်းအပ်လေသောခဏ၌ ထိုလက်ဆောင်ကို လက်ခံရယူမိသူက ‘ကျေးဇူးတင်ပါတယ်’ဟု အလွယ်တကူပင် ပြောဖြစ်တတ်ကြသည်။ ထိုကျေးဇူးကို နောင်အချိန်၌ သတိရ,မရကိစ္စက တစ်ကဏ္ဍ။
ရပ်ရေး၊ ရွာရေး၊ နိုင်ငံ့အရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ အကြီးအကဲပုဂ္ဂိုလ်က အောက်လက်ငယ်သား တို့အား တစ်စုံတစ်ရာ အမှာစကားပြောသည့် ဖြစ်စဉ်မျိုး၌ပင် ‘ဟုတ်ကဲ့၊ နားလည်ပါတယ်’ဟုသာ အကြောင်းပြန်ကြသည်။ ‘ဟုတ်ကဲ့၊ သစ္စာရှိပါတယ်’ဟု တုံ့ပြန်စကား ဆိုလေ့မရှိကြ။ ရှေးဘုရင်များ လက်ထက်ကာလက အသက်စွန့်ပြီး တိုက်ခိုက်ရမည့် တိုက်ပွဲမျိုး ကြုံလာရသည့်အခါမျိုး၌ လက်မောင်းသွေးကိုဖောက်၍ သစ္စာရေ သောက်ကြသည့် ဖြစ်ရပ်တို့ ရှိကြောင်း မှတ်သားရဖူးသည်။ သူသူငါငါ၏စိတ်၌ ‘သစ္စာ’ ဟူသည့် စကားလုံးက အင်မတန် တာဝန်ကြီးမားလှသည်ဟု အထင်ရောက်နေ၍ နှုတ်ထွက် မလွယ်ခဲ့ကြသည်လားဖြင့် မဆိုနိုင်။
(၂)
‘ကျေးဇူး’နှင့်ပတ်သက်၍ အထွေအထူး ဆိုဖွယ်မရှိပါသော်လည်း ‘သစ္စာ’နှင့် ပတ်သက်၍တော့ ပြောစရာက ရှိနေခဲ့ပါ၏။ ပရမတ္ထနယ်ပယ်၌လာသော ‘သစ္စာ’ နှင့် သမုတိနယ်ပယ်က နားလည်ထားသော ‘သစ္စာ’တို့က နားလည်ထားကြပုံချင်း မတူညီသကဲ့သို့ အရည်အသွေးချင်းလည်း ကွာခြားပါသည်။ သမုတိနယ်ပယ် ‘ကတိတည်ခြင်း၊ နှုတ်လုံခြင်း၊ စိတ်ချရခြင်း’ လက္ခဏာရပ်မျိုးကို ‘သစ္စာ’ဟု အကြမ်းအားဖြင့် သတ်မှတ်ထားကြသည်။ ထိုအရည်အသွေးမျိုးနှင့် မကိုက်ညီခဲ့လျှင်တော့ ‘သစ္စာဖောက်’ ဖြစ်ရတော့သည်။
မြန်မာ့ရာဇဝင်၌ ကျေးဇူးတရားနှင့် သစ္စာတရားအတွက် စံနမူနာပြုလောက်အောင် ထင်ရှားခဲ့သည့် လူသားနှစ်ဦးကို တွေ့ရသည်။ တစ်ဦးက ‘ငခင်ညို’ ဖြစ်၍တစ်ဦးက’ငထင်ငယ်’ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး မင်းစိုးရာဇာ အဆက်အနွယ်များ မဟုတ်ကြ။ ရန်သူကို တိုက်ခိုက်ရာ၌ လက်စွမ်းထက်လှသည့် သူရဲကောင်းကြီးများလည်း မဟုတ်ကြ။ သမိုင်း၌သူတို့ နာမည်များ ထင်ကျန်ရစ်ခဲ့သည်က တိုက်ရည်ခိုက်ရည် လက်ရုံးရည်ကြောင့်မဟုတ်။ နှလုံးရည်ဟု ဆိုအပ်သော စံပြုထိုက်သည့် စိတ်နေစိတ်ထားများကြောင့် ဖြစ်သည်။
ပင်လယ်စား မင်းကျော်စွာက စစ်ကိုင်းမင်း အသင်္ခယာစောယွန်းကို ကြောက်ရွံ့၏ဟုဆိုသည်။ စစ်ကိုင်းမင်း၏ ဘုန်း၊ လက်ရုံးက သူ့ကို အရိပ်မိုးနေဟန်တူသည်။ ထိုအခါ မင်းအချို့၏ ထုံးစံအတိုင်း ပြိုင်ဘက်ကိုလုပ်ကြံဖို့ အကြံထုတ်သည်။ သို့ဖြင့် စစ်ကိုင်းမင်းကို လုပ်ကြံသတ်ဖြတ်စေဖို့ ငခင်ညိုကို စေလိုက်သည်။ စောယွန်းမင်းကိုလုပ်ကြံရန် ထွက်ခွာလာသော ငခင်ညိုလည်း အခွင့်မသာသဖြင့် နန်းတော်အနီးသို့ပင် မချဉ်းကပ်နိုင်။ တောတွင်း၌ သုံးရက်ကြာမျှ ပုန်းအောင်းနေရသေးသည်။ အခွင့်သာ၍ နန်းတော်တွင်းသို့ ဝင်မိချိန်၌ မင်းမဟာဂီရိကို ပူဇော်ပသထားသော ရွှေစလောင်းနှင့် ထမင်းဟင်းလျာကို ဦးစွာမြင်မိသည်။ သုံးရက်တိုင်တိုင် ထမင်းငတ်ခဲ့လေသူ ငခင်ညိုလည်း ‘ငါ့ဝမ်းပူဆာ၊ မနေသာ’ဖြစ်ပြီး ရွှေစလောင်းကိုမ၍ အားပါးတရ လွေးတော့သည်။ အတန်အသင့် ဝမ်းမီးငြိမ်သက်ကာမှ စစ်ကိုင်းမင်း စက်တော်ခေါ်ရာ သလွန်တော်အနီးသို့ ချဉ်းကပ်သည်။
ထိုခဏ၌ ငခင်ညို၏စိတ်၌  ‘‘ယနေ့အဖို့၊ ဤမင်းသည် ငါ၏ ထမင်းရှင်ဖြစ်ခဲ့ချေပြီ။ ထမင်းရှင်ကို ပြစ်မှားမိချေက သံသရာ၌ အလွန်ဝန်လေးရပေတော့မည်။ ပေးအပ်သော တာဝန်ကို မထမ်းမိ၍ ငါ့အရှင် မျက်သော် တစ်သက်သာ ခံရလတ္တံ့။ သံသရာကြွေးကိုကား ငါမယူလို’’ ဟု အကြံဖြစ်သည်။ သို့ဖြင့် မူလရည်ရွယ်ချက်ကိုစွန့်၍ (စစ်ကိုင်းမင်းထံ အသေအချာရောက်ခဲ့ကြောင်း သက်သေပြနိုင်ရန်) ခေါင်းရင်း၌ ချိတ်ထားသော စစ်ကိုင်းမင်း၏ ပတ္တမြားကျောက်စီဓားကိုသာယူ၍ ပြန်ခဲ့လေသည်။
နေရပ်သို့ ပြန်ရောက်သော်‘အရေးတော်ပုံ ပြီးခဲ့ပြီလော’ဟု မင်းကျော်စွာကမေးသည်။ ငခင်ညိုလည်း ဖြစ်ပျက်သမျှ အလုံးစုံကို မခြွင်းမချန် လျှောက်ထားပြီး သကာလ စစ်ကိုင်းမင်း၏ ကျောက်စီဓားကို ဆက်သလိုက်သည်။
‘‘သြော်၊ ငါ့ရှင် ငခင်ညိုသည် ကျွန်ယုံကောင်း တစ်ယောက်ပေတကား။ ထမင်းတစ်စလောင်း၏ ကျေးဇူးကိုသော်မျှ သိတတ်သူပေတကား။ သူတို့ တစ်မိသားစုလုံးကို ကျွေးမွေး စောင့်ရှောက်ထားသော ငါ့ကျေးဇူးကို သိဖို့အရေးကား ဆိုဖွယ်မရှိပြီ’’ ဟု ကျေနပ်အားရဖြစ်ကာ ဆုလာဘ်များစွာ ပေးသနားတော်မူခဲ့သည်။
(၃)
အနောက်ဘက်လွန်မင်းတရားကြီးက ပြည်မြို့ကိုလုပ်ကြံအောင်မြင်ခဲ့ရာ၌ ‘‘ရှင်တစ်ဆူ၊ လူတစ်ယောက်သာ ရခဲ့သည်’’ဆိုသော စကားက မြန်မာရာဇဝင်၌ ဥဒါန်းတွင်ခဲ့သည်။ အင်းဝဘုရင် ရရှိခဲ့သည့် ရှင်တစ်ဆူက ‘တောင်ဖီလာဆရာတော်’ဖြစ်ပြီး၊ လူတစ်ယောက်က ‘ငထင်ငယ်’ ဖြစ်သည်။
သက္ကရာဇ် (၉၆၉) ခု၊ တန် ဆောင်မုန်းလ၌ ‘တပ်မခုနစ်တပ်၊ တိုက်ဆင်သုံးရာ၊ မြင်းခြောက်ထောင်၊ စစ်သည်ခုနစ်သောင်း’ (ကြည်းတပ်)၊ ‘ရဲလှေလေးရာ၊ လှော်ကား သံလှေသုံးရာ၊ ရိက္ခာကုန်တင်လှေ နှစ်ရာ၊ စစ်သည်ခုနစ်သောင်း’(ရေတပ်)၊ အင်အားအစုံအလင်ဖြင့် အင်းဝဘုရင်၏ တပ်မကြီး ပြည်မြို့သို့ ချီတက်လာသည်။ လမ်းခုလတ်ရှိ မြေထဲခံတပ်ကို အနိုင်ရပြီးနောက် ပြည်မြို့သို့ ချဉ်းကပ်သည်။ ပြည်ဘုရင်က ရခိုင်ဘုရင်ကို စစ်ကူတောင်းသည်။ အတော်နှင့်ရောက်မလာ။ သက္ကရာဇ် ၉၇၀ ခုနှစ်၊ ဝါခေါင်လတွင် ပြည်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ မြို့တွင်းသို့ အင်းဝရဲမက်တို့ ရောက်နေပါသော်လည်း ပြည်ဘုရင် အညံ့မခံ။ ရာဇပလ္လင်ထက်မှနေ၍ ဦးဆောင် ညွှန်ကြားနေဆဲ ဖြစ်သည်။
ထိုအချိန်၌ အသက်၂၁ နှစ် အရွယ်ရှိ ‘ငထင်’ ဆိုသူက ‘‘ငါ့တစ်ကိုယ်လုံး ငါ့အရှင်၏ ကျေးဇူးသစ္စာ နှင့်ဖြစ်သည်။ ငါသေသော်လည်း ငါ့အရှင်၏ ပလ္လင်ရင်း၌ သေမည်။ ငါမသေသမျှ ငါ့အရှင်ကို မထိပါးစေရ’’ဟု ကြံ့ကြံ့ခံလျက် ဓားတစ်ဖက်တစ်စင်းဖြင့် အင်းဝရဲမက်တို့ကို ဟန့်တားနေဆဲဖြစ်သည်။ ထိုအခြင်းအရာကို ဦးရီးတော် ဘယဂါမဏိ မြင်လေလျှင် ‘‘ဟယ်၊ ငထင်ငယ်၊ လူပျို လူရွယ်ပီသပေသည်။ မြို့ပျက်၍ ရဲမက်အလုံးဝင်မိချိန်၌ နင်တစ်ယောက်တည်းခုခံ၍ တတ်နိုင်ရာသလော။ ဓားနှစ်စင်းကိုချ၍ အညံ့ခံချေ’’ ဆိုကာမှ ‘‘သူ့ဆန်စား၍ ရဲရတော့သည်’’ဆိုပြီး ဓားနှစ်ဖက်ကို လွှတ်ချလိုက်လေသည်။ (ငထင်ငယ်၏ အသက် ၁၃ နှစ်ဟု ဦးကုလားနှင့် မှန်နန်းရာဇဝင်တို့၌ ဆိုသည်။)
ကျေးဇူးရှင်အပေါ် ကျေးဇူးသိတတ်ခဲ့သူနှင့် အရှင်သခင်အပေါ် သစ္စာရှိခဲ့သူနှစ်ဦး၏ ဇာတ်လမ်းအကျဉ်းဖြစ်ပါ၏။ သူတို့နှစ်ဦး၏ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်က အံ့ဘနန်း ရှိလှသည်။ လက်ဖျားခါလောက်သည်။ အားကျအတုယူဖွယ်လည်း ကောင်းလှသည်။ ထိုစိတ်ဓာတ်၊ ထိုလုပ်ရပ်တို့ကြောင့်ပင် သူတို့နှစ်ဦး၏ အမည်နာမများက ယနေ့တိုင် အဖတ်တင်နေခဲ့ခြင်း ဖြစ်သည်။
(၄)
‘‘ဤမြေမှာနေ၊ ဤရေကို သောက်၊ ဤနိုင်ငံမှထွက်သည့် ဆန်ကိုစားပြီး ဤနိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ၊ မသွေဖည်ကြလေနှင့်’’ဟူသောအဆိုကို ငယ်စဉ်ကပင် ဖတ်မှတ်ခဲ့ဖူးသည်။ စကားလုံး အတိအကျ ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သော်လည်း အနက်သွားက တော့ ထိုအတိုင်းပဲဖြစ်သည်။
ဤမြေ၌နေထိုင်ကြသည့် ဤနိုင်ငံသားများအနေဖြင့် ဤနိုင်ငံ၏ ရေမြေတောတောင် ဟူသရွေ့က နိုင်ငံသားတိုင်း၏ ကျေးဇူးရှင်ဖြစ်သည်။ ထိုအဆိုကို ငြင်းဆန်လိုသူ ရှိအံ့မထင်ပါ။ ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြ ၍ မိမိတို့လက်ထက်တိုင်အောင် ဤမြေဤရေ၏ အလှက လှပတင့်တယ်နေဆဲ ဖြစ်သည်။ မိမိတို့လက်ထက်၌ ဤမြေဤရေ၏ အလှအပကို ပို၍ လှပတင့်တယ်အောင် မစွမ်းဆောင်နိုင်က ရှိပါစေ။ အရုပ်ဆိုး အကျည်းတန်အောင်ကား မလုပ်သင့်ကြပါ။ အကြောင်းကား ဤမြေဤရေက မိမိတို့အားလုံး၏ ကျေးဇူးရှင်ဖြစ်သောကြောင့် ဖြစ်သည်။ ဤနိုင်ငံ၏ရေမြေက အဖိုးမဖြတ်နိုင်သည့် သယံဇာတများ ထွက်သည့် ရေမြေဖြစ်သည်။ ဤနိုင်ငံ၏ သယံဇာတကို တိုင်းတစ်ပါးနိုင်ငံ အများစုက မျက်စိကျလေ့ ရှိကြသည့် အဖြစ်ကလည်း သမိုင်း၌ ထင်ရှားခဲ့ပြီးဖြစ်သည်။ဤမြေဤရေ၌ နေထိုင်သူတို့ အနေဖြင့် ဤမြေဤရေ၏ သယံဇာတကို ထုတ်ယူသုံးစွဲခွင့် ရှိသည့်အဖြစ်ကိုလည်း နိုင်ငံသား တစ်ယောက်အနေဖြင့် ကန့်ကွက်စရာ အကြောင်းမရှိပါ။ သို့သော် ယခုနောက်ပိုင်း ကြားသိ မြင်တွေ့နေရသော အဖြစ်က သယံဇာတကို ထုတ်ယူသုံးစွဲသည်ဆိုသော အဆင့်ထက် ကျော်လွန်နေခဲ့ပြီလား စဉ်းစားသင့်ကြပါပြီ။ 
‘‘မြေကြီးက သည်းခံသည်’’ ဆိုပြီး တို့မြေကြီးကို လုပ်ချင်သလို လုပ်နေကြသည်။ ဧရာမ စက်ယန္တရားကြီး မျိုးစုံဖြင့် နေ့မနားညမနား ထိုးဖောက် ကော်ဖဲ့ နေကြသည်။သယံဇာတ ရှာဖွေသည်နှင့်ပင်မတူ၊ နွားတစ်ကောင်ကို အမဲဖျက်သလို ဖျက်နေသည်ဟုပင် ထင်ရသည်။ သစ်ပင်လည်း သစ်ပင်မို့၊ မြေကြီးလည်း မြေကြီးမို့၊ ကျောက်ခဲလည်း ကျောက်ခဲမို့၊ ဤ နိုင်ငံ၌ဖြစ်လာရသော သယံဇာတဟူသရွေ၏ နိဂုံးက မဟားတရား အနိုင်ကျင့် ခံလိုက်ရသည့် အနေအထားဖြင့် နိဂုံးချုပ်သွားရသည်က များနေခဲ့ပြီလား။ စဉ်းစားသင့်ကြပါပြီ။
(၅)
ရန်သူမင်း၏ အဆောင်ခန်း၌  ခိုးကြောင်ခိုးဝှက် စားခဲ့ရသော ဗလိနတ်စာကို စားမိကာမျှဖြင့် သူ့ကျေးဇူးကို ဆင်ခြင်ကာ ရန်သူ့အသက်ကိုပင် ချမ်းသာရာ ပေးခဲ့သော လူတစ်ယောက် ဤနိုင်ငံ၌ နေထိုင်ခဲ့ဖူးသည်။ အရှုံးအနိုင်ကိုပင် မမြင်နိုင်လောက်အောင် ‘ငါမသေသရွေ့ ငါ့အရှင်ကို မထိပါးစေရ’ စိတ်ဓာတ်ဖြင့် ရန်ဟူသရွေ့ကို ကြံ့ကြံ့ခံရင်ဆိုင်လျက် ကျေးဇူးနှင့် သစ္စာ၏ အနက်သွားကို  အမြင့်ဆုံး လွှင့်ထူပြခဲ့သည့် လူတစ်ယောက်လည်း ဤနိုင်ငံ၌ နေထိုင်ခဲ့ဖူးသည်။
ထမင်းတစ်စလောင်းထက် အဆများစွာ သာလွန်သော ထမင်းဟင်းများကို ဤမြေဤရေထံမှ ကျွန်ုပ်တို့ ရခဲ့ပြီး ဖြစ်သည်။ ဤမြေဤရေ၏ အလှကို ထိပါးစော်ကားလာသူများကိုလည်း သမိုင်းအဆက်ဆက် ကျွန်ုပ်တို့ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ကျေးဇူးနှင့်သစ္စာကို အသက်နှင့်ရင်း၍ စောင့်သိရိုသေခဲ့ကြသည့် ငခင်ညို၊ ငထင်ငယ်စိတ်ဓာတ်များ ဤမြေဤရေ၌ မျိုးပွားရှင်သန်ပွင့် လန်းပါစေသတည်း။
■စာကိုး-တွင်းသင်းမြန်မာရာဇဝင်သစ်၊ (ပ၊တ)

Most Read

Most Recent