၁၉၇၉ တွင် အီရန်နိုင်ငံ၌ ရှားဘုရင် နန်းကျသွားခဲ့သည်။ ထိုအချိန်မှစ၍ အရှေ့အလယ်ပိုင်းရှိ ဆွန်နီ မွတ်စလင်များကြားတွင် ဆော်ဒီအာရေဗျက ပြိုင်ဘက်ကင်း ခေါင်းဆောင်ဖြစ်လာသည်။ ရန်ဘက်ဖြစ်သည့် ရှီအိုက်များကိုလည်း ယှဉ်ပြိုင်နိုင်လာသည်။ ၂၀၁၅ တွင် အီရန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံ ဆက်ဆံရေးမှာ စိုးရိမ်စရာကောင်းသည့် အခြေအနေနှင့် တွေ့ကြုံခဲ့ရသည်။ နျူလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းနေသော အီရန်နှင့် အမေရိကန် နိုင်ငံတို့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်ကို ဆော်ဒီအာရေဗျက လက်မခံ။ ထို့ပြင် ယီမင်နိုင်ငံကို စစ်ရေးကျူးကျော်မှု ပြုလုပ်ခဲ့သည်။ ယီမင်ရှိ သူပုန်များကို အီရန်က ထောက်ပံ့နေသည်။ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံ ဆက်ဆံရေး တင်းမာနေမှု၊ ဒေသတွင်းတွင် သြဇာယှဉ်ပြိုင်နေမှုများ ဆက်လက် တည်ရှိနေမလားဆိုသော အချက်သည် စိတ်ဝင်စားစရာ ကောင်းနေသည်။ယီမင်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံ၏ သြဇာအောက်တွင် ရှိနေသော အချက်ကို အီရန်နိုင်ငံ အနေဖြင့် လက်ခံရမှသာ အရှိတရားကို မြင်နိုင်မည်ဖြစ်သည်။ သို့မှသာ ယီမင်နိုင်ငံရှိ သူပုန်များကို ထောက်ခံမှုပေးခြင်းနှင့် ကျူးကျော်မှုတွေ ပြုလုပ်နေခြင်းကို ရပ်တန့်နိုင်မည်။ ရှောင်လွှဲနိုင်မည်။ ဟူသီသူပုန်များကို အီရန်က စစ်ရေးအထောက်အပံ့များ ပေးနေသည် ဆိုပေမယ့် ထောက်ပံ့မှုက အကန့်အသတ်ရှိသည်။ နျူလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေသော အီရန်နိုင်ငံ ဖြစ်နေခြင်းကြောင့် သူပုန်များကို စစ်ရေး ထောက်ပံ့နေခြင်းကို အီရန်၏ ရန်သူများအတွက် အပြစ်တင်မှု ပိုခံရဖွယ်ရှိနေသည်။ ဆော်ဒီအာရေဗျ နိုင်ငံဘက်က အလေးအနက် ထားရမည့် အချက်က အမေရိကန်၊ ရုရှားနှင့် ဥရောပတိုက်ရှိ နိုင်ငံများသည် အီရန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ချင်နေကြသည်။ ဆယ်စုနှစ် တစ်ခုစာမျှ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားခြင်းကြောင့် အမေရိကန်၊ ရုရှားနှင့် ဥရောပနိုင်ငံများ အနေဖြင့် အီရန်နှင့် စီးပွားရေး မလုပ်နိုင်။ ထိုကာလတွင် ဆော်ဒီနိုင်ငံ၏ မဟာမိတ်များဖြစ်သည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နိုင်ငံများထဲမှ အိုမန်နှင့် ယူအေအီး နိုင်ငံတို့သည် အီရန်နှင့် ကုန်သွယ်မှုတွေ လျှို့ဝှက် လုပ်နိုင်ခဲ့ကြသည်။ ယီမင်စစ်ပွဲတွင် ဆော်ဒီက ဦးဆောင်ခဲ့သဖြင့် မဟာမိတ်များကို စစ်ပွဲတွင် ပါဝင်အောင် စည်းရုံးနိုင်ပေမယ့် စီးပွားရေးတွင်တော့ ဆော်ဒီသည် ကျန်မဟာမိတ်များကို ဦးဆောင်နိုင်ခြင်း မရှိ။ ရန်သူဟောင်း အီရန်နိုင်ငံနှင့် စီးပွားရေး လုပ်ဆောင်ရေးသည် ဆော်ဒီအတွက် အရေးပါနေသလို စီးပွားရေး ဆက်ဆံမှု ထူထောင်ရာတွင် သတိထား လုပ်ဆောင်ဖို့ လိုသည်။ ဆော်ဒီနှင့် အီရန် ဆက်ဆံရေးလည်း ပိုမို တင်းမာလာခဲ့သည်။ အခြေအနေ ပိုမိုဆိုးရွားအောင် ဖန်တီးခဲ့သည့် ဖြစ်စဉ်က ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဘာရိန်းနိုင်ငံ၌ အီရန် အကြမ်းဖက်ဂိုဏ်း တစ်ခုက ဝင်ရောက် တိုက်ခိုက်မှု ခံခဲ့ရခြင်း ဖြစ်သည်။အီရန်နိုင်ငံ အနေဖြင့် နျူလက်နက် ထုတ်လုပ်ရေးအတွက် အဓိကကျသော ယူရေနီယမ် သန့်စင်ရေး စက်ရုံနှင့် အခြားဆက်နွှယ်နေသော လက်နက်များ ထုတ်လုပ်မှုကို အပြောမဟုတ်ဘဲ လက်တွေ့ ရပ်တန့်ပစ်ရေး ဖြစ်သည်။ သို့မဟုတ်ပါက အီရန်နိုင်ငံသည် နိုင်ငံတကာတွင် အထီးကျန်နေမည် ဖြစ်သလို စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဆက်လက် တွေ့ကြုံနေမည်သာ ဖြစ်သည်။အီရန်နှင့် ဆော်ဒီနိုင်ငံအတွက် အရေးအကြီးဆုံးကတော့ ဆီးရီးယားအရေးတွင် ပါဝင် ပတ်သက်နေမှုများကို လျှော့ချရေး ဖြစ်သည်။ အီရန်နှင့် ရုရှားသည် အာဆတ်အစိုးရကို ထောက်ခံထားသည်။ အာဆတ် အစိုးရကို စစ်ရေး အကူအညီတွေ တိုက်ခိုက်ပေးခဲ့ကြသည်။ ရှီအိုက်များ ထောက်ခံသည့် ဟစ်ဘိုလာပျောက်ကြားများကို အီရန်နှင့်ရုရှားက စစ်ရေးအကူအညီပေးနေသည်။ ဆော်ဒီနှင့် ပင်လယ်ကွေ့ နိုင်ငံများက အာဆတ်ကို ဆန့်ကျင်သည့် သူပုန်များကို စစ်ရေးအကူအညီ ပေးနေသည်။ ရုရှား၊ အာဆတ်၊ အီရန်ဟူသော ဝင်ရိုးတန်း သုံးခုသည် ဆော်ဒီအတွက် အဓိကရန်သူ ဖြစ်နေသည်။ ဆော်ဒီကတော့ အာဆတ် အာဏာ ဆက်လက် ရရှိနေမည်ကို မလိုလား။ အီရန်က အာဆတ်ကို ထောက်ခံမှု ပေးနေခြင်းကို မထောက်ခံ။ သို့ပေမဲ့ IS များကိုတော့ ဆော်ဒီနှင့် အီရန် နှစ်နိုင်ငံလုံးက ဆန့်ကျင်ကြသည်။ ဤအချက်က အဆိုးထဲက အကောင်းတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ရသည်။









