၂၀၁၆ အမေရိကန်-တရုတ် အားပြိုင်မှု

၂၀၁၆ အမေရိကန်-တရုတ် အားပြိုင်မှု
Published 27 December 2015
မောင်ကြွယ်စိုး

အရှေ့အာရှတိုက် နိုင်ငံတွေ အနေနဲ့ အင်အားကြီး တရုတ်နဲ့ အမေရိကန်ဟာ အရှေ့အာရှရဲ့ လုံခြုံရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက တာဝန်ယူထားခဲ့တယ်။ လုံခြုံရေး သာမကဘူး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အရှေ့အာရှမှာ အမေရိကန်က လုံခြုံရေးနဲ့ စီးပွားရေးကို ဦးဆောင်နေခဲ့ပေမယ့် လက်ရှိကာလမှာ တရုတ်ကလည်း အရေးပါတဲ့ နေရာမှာ ပါဝင်လာပါတယ်။ အာရှရဲ့ ဖွံ့ဖြိုးမှုကို တရုတ်လည်း ခံစားရပါတယ်။ တရုတ်က စူပါပါဝါ ဖြစ်လာမှုကြောင့် အမေရိကန်ဟာ တစ်ကိုယ်တည်း ဦးဆောင်နေတဲ့ အခန်းကဏ္ဍမှာ ရှိမနေတော့ပါဘူး။ရှီကျင်ပင်း သမ္မတ ဖြစ်လာပြီးတဲ့နောက်မှာ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ် အနေနဲ့ ၂၀၁၅ စက်တင်ဘာလမှာ အမေရိကန် ပြည်ထောင်စုကို ရှီကျင်ပင်း သွားရောက်ခဲ့ပါတယ်။ အိုဘားမားနဲ့ ရှီကျင်ပင်း တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ အငြင်းပွားဖွယ် ကိစ္စရပ်တွေကို မဖြေရှင်းနိုင်ကြသေးပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်နေမှု၊ တိဗက်နဲ့ စင်ကျန်ဒေသမှာ ဖိနှိပ်နေမှုတွေအပြင် ဆိုက်ဘာလုံခြုံရေး၊ အာကာသမှ စစ်ရေးလှုပ်ရှားမှုတွေဟာ အမေရိကန်နဲ့ ဆက်ဆံရေး အဖုအထစ်ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံရေး တိုးမြှင့်ဖို့ သဘောတူထားပေမယ့် တရုတ်-အမေရိကန် အားပြိုင်မှုက မြင့်တက်နေဆဲပါပဲ။၂၀၁၆ မှာ နှစ်နိုင်ငံဆက်ဆံရေး အတွက် သတိထားရမယ့် အချက်သုံးချက် ရှိပါတယ်။ ပထမအချက်က တောင်တရုတ်ပင်လယ် အရေးအခင်း ပိုဆိုးရွားစေနိုင်ပါတယ်။ အငြင်းပွားဖွယ် ရေပိုင်နက် (ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က မိမိတို့ ပိုင်ဆိုင်ထားသောကျွန်း) မှာ တရုတ်က ကျွန်းတုတွေ ပြုလုပ်နေကြပါတယ်။ တရုတ်က လုပ်ဆောင်နေတဲ့ ကျွန်းတွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်က ကာယကံမြောက် ပါဝင်ပတ်သက်မှု မရှိပါဘူး။ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ရှိတာကြောင့် အမေရိကန် အနေနဲ့ အငြင်းပွားဖွယ် ရေပိုင်နက်မှာ စစ်သင်္ဘော စေလွှတ်ခွင့်နဲ့ ဝေဟင်ပိုင်နက်မှာ စစ်လေယာဉ် ပျံသန်းခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ဒုတိယ အချက်ကတော့ တရုတ်ဘက်ကလည်း စစ်ရေးပါဝါ ကြီးမားဖို့ကို တောက်လျှောက် ကြိုးပမ်းနေခဲ့ပါတယ်။ အငြင်းပွားနေတဲ့ နေရာမှာ စစ်အခြေစိုက် စခန်းတွေ ချထားသလို ဝေဟင်ပေါ် ဖြတ်ကျော်မှုတွေကို ခွင့်မပြုနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် ရွေးကောက်ပွဲဖြစ်တာမို့ တရုတ်နိုင်ငံရဲ့ စစ်ရေး ပြင်ဆင်မှုတွေ ပြုလုပ်နေတာကို အမေရိကန် စစ်ရေးထိပ်တိုက်မှုတွေ မဖြစ်နိုင်ပေမယ့် ဗီယက်နမ် အပါအဝင် နိုင်ငံတွေနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပေါ်နိုင်ပါတယ်။တတိယ အချက်ကတော့ အမေရိကန်နဲ့ သြစတြီးယား၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေဟာ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းမှုတွေ ပိုမိုလာမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖော်ပြပါ နိုင်ငံတွေရဲ့ ပူးပေါင်းမှုဟာ စစ်အေးခေတ်ကာလလို ပြန်လည် ဦးတည်တဲ့ သဘောလို့ တရုတ်က ယူဆထားပါတယ်။ အထူးသဖြင့် ထိုင်ဝမ်ကို အမေရိကန်က ပံ့ပိုးမှုတွေ ပေးနေတာကို တရုတ်က သဘောမကျပါဘူး။ ၂၀၁၆ ဇန်နဝါရီလမှာ ထိုင်ဝမ် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တာကြောင့် ထိုင်ဝမ်အရေးမှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ မဟာဗျူဟာ အားပြိုင်ပွဲက ပိုမိုပြင်းထန်လာဖွယ် ရှိနေပါတယ်။အာရှတိုက်နိုင်ငံတွေ အနေနဲ့ အမေရိကန်-တရုတ် အားပြိုင်ပွဲမှာ ဘယ်ဘက်က ရပ်တည်မှာလဲ။ ဘယ်ဘက်ကိုမှ မရပ်ဘူးလို့ ဆုံးဖြတ်ထားရင် အဲဒီနိုင်ငံတွေအတွက် အနည်းနဲ့ အများဆိုသလို အန္တရာယ်ရှိနိုင်ပါတယ်။ တောင်တရုတ်ပင်လယ် အရေးမှာ အမေရိကန်ရဲ့ အကူအညီရမှ ဖြစ်မယ်လို့ ယူဆထားကြတဲ့ နိုင်ငံတွေကတော့ အမေရိကန်ဘက်မှာ ရပ်ကြပါလိမ့်မယ်။ အဲဒီအတွက် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ လိုနေပါတယ်။ စင်ကာပူက အမေရိကန် စစ်သင်္ဘောတွေ ချထားရေး သဘောတူထားသလို ဖိလစ်ပိုင်ကလည်း အမေရိကန် တပ်ဖွဲ့ဝင်တွေ ချထားမှုကို ဆန့်ကျင်တဲ့ သဘောထား မရှိသေးပါဘူး။ဒါက စစ်ရေး သို့မဟုတ် လုံခြုံရေးအမြင် ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ရေးလိုပဲ အရေးကြီးတာက စီးပွားရေးပါ။ အမေရိကန်ရဲ့ မဟာမိတ် အရှေ့အာရှနိုင်ငံတွေ စီးပွားရေးအတွက် တရုတ်နိုင်ငံပိုင် Asian Infrastructure investment Bank နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုး တိုးတက်ရေးလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဘဏ်ဟာ ၂၀၁၆ နှစ်ကုန်ပိုင်းလောက်မှာ စတင်မှာ ဖြစ်ပါတယ်။ ပစိဖိတ် ဒေသရဲ့ စီးပွားရေးကို တရုတ်လွှမ်းမိုးထားမှုကို ဝါရှင်တန်က စိုးရိမ်မကင်း ဖြစ်နေပါတယ်။ဝါရှင်တန်က စီးပွားရေးနဲ့ စစ်ရေးလွှမ်းမိုးထားမှုဟာ ဘယ်အတိုင်းအတာထိ ရှိနေမလဲဆိုတဲ့ ပြဿနာ နဲ့အတူ ဝါရှင်တန်ရဲ့ နေရာကို ပေကျင်းက ရယူဖို့ ကြိုးပမ်းနေမှုဟာ အရှေ့အာရှတိုက်ရှိ နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအတွက် သတိပြုရမယ့် အချက်ပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်။ ၂၀၁၆ ဟာ ဝါရှင်တန်နဲ့ ပေကျင်းရဲ့ အားပြိုင်မှုဟာ ပိုမိုပြင်းထန်လာပြီး ဒေသတွင်းရှိ နိုင်ငံတွေ အနေနဲ့ ဘယ်သူနဲ့ လက်တွဲမလဲဆိုတဲ့ မေးခွန်းကို အဖြေပေးရတော့မှာ ဖြစ်ပါတယ်။  

Most Read

Most Recent