တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မူဆယ်နှင့် ချင်းရွှေဟော် စခန်းများမှ ကုန်သွယ်မှု နှစ်ပတ်ဆက်တိုက် ကျဆင်း

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မူဆယ်နှင့် ချင်းရွှေဟော် စခန်းများမှ ကုန်သွယ်မှု နှစ်ပတ်ဆက်တိုက် ကျဆင်း
Published 27 December 2015
မင်းသီဟဇော်

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မူဆယ်နှင့်ချင်းရွှေဟော် နယ်စပ်စခန်းများမှ ကုန်သွယ်မှု နှစ်ပတ်ဆက်တိုက် ကျဆင်းနေကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။လက်ရှိ ဘဏ္ဍာနှစ် ဒီဇင်ဘာ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုမှ ကုန်သွယ်မှု ဆက်တိုက် ကျဆင်းနေခြင်း ဖြစ်ကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ နယ်စပ် ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ ဒေါ်လာ ၄၈၅၇ ဒသမ ၃၅၀ သန်းရှိကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း မူဆယ် နယ်စပ်စခန်းမှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၆၇၂ ဒသမ ၇၇၂ သန်း၊ ချင်းရွှေဟော်မှ ဒေါ်လာ ၂၄၁ ဒသမ ၉၃၆ သန်း ရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် အဆိုပါ နယ်စပ် စခန်းနှစ်ခု၏ ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေကြောင်း သိရသည်။ဒီဇင်ဘာ ဒုတိယပတ်တွင် မူဆယ်မှ ဒေါ်လာ ၁၈ သန်းကျော်၊ ချင်းရွှေဟော်မှ ဒေါ်လာ ၆၃ သန်းကျော်နှင့် ဒီဇင်ဘာ တတိယပတ်တွင် မူဆယ်မှ ဒေါ်လာ ၁၀ သန်းကျော်၊ ချင်းရွှေဟော်မှ ဒေါ်လာ ၆၃ သန်းကျော် ကျဆင်းခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့  နယ်စပ် ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။အိမ်နီးချင်း နိုင်ငံလေးခုနှင့် နယ်စပ် ကုန်သွယ်မှု ဆောင်ရွက်ရန် နယ်စပ် ကုန်သွယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်တွင် ကုန်သွယ်ရေး စခန်းခုနစ်ခုဖြင့် အများဆုံး ဖွင့်လှစ်ထားကြောင်း သိရသည်။အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းများအနက် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေကြောင်းလည်း သိရသည်။နယ်စပ် ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေသည့် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် နယ်စပ်စခန်းမှာ အဆိုပါ ကာလအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ဒေါ်လာသုံးဘီလျံကျော် ရှိသော်လည်း မြန်မာနိုင်ငံဘက်မှ ပို့ကုန်တင်ပို့မှု လျော့ကျနေသဖြင့် ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၈ သန်းကျော် လျော့နည်းနေကြောင်း သိရသည်။ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တော ထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှု ပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေကြောင်း သိရသည်။

Most Read

Most Recent