အနိုင်ရရန် ရေပန်းစားပြီး ရှုံးနိမ့်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ

အနိုင်ရရန် ရေပန်းစားပြီး ရှုံးနိမ့်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ
Published 27 December 2015
ဇာလီမြင့်ဦး

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားခဲ့သည့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အများစု ပြန်လည် ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့ခြင်းကို ၂၀၁၅ ခုနှစ်အတွက် ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven News ဂျာနယ်က ဖော်ပြအပ်ပါသည်။ထိုသူများ အနေဖြင့် ၎င်းတို့၏ လွှတ်တော်တွင်း ဆောင်ရွက်ချက်များ၊ အဆိုတင်သွင်းမှုများနှင့် နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်များကြောင့် ပြည်သူအများ၏ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံယူခဲ့ကြပြီး အနိုင်ရရှိရန် ရေပန်းစားခဲ့ခြင်းဖြစ်သည်။ရွေးကောက်ပွဲတွင် ရွေးချယ်ခံရခြင်း မရှိသော်လည်း လူထုရွေးချယ်ခဲ့သည့် ပြိုင်ဘက်ပါတီများမှ ပုဂ္ဂိုလ်များအား ဝမ်းမြောက်စကားပြောဆို ထုတ်ပြန်ခဲ့ကြသည်။ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု ရေပန်းစားသူများထဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ကောင်းမွန်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုမှာလည်း တစ်ဦး အပါအဝင်ဖြစ်သည်။သူရဦးအောင်ကိုမှာ ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့ခြင်းဖြစ်သည်။ ကနဦးပိုင်းတွင် အနိုင်ရရှိကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း သူရဦးအောင်ကိုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံခင်အား နောက်ဆုံးမဲ ၄၉ မဲဖြင့် ပြန်လည်ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။ အယူခံဝင်၍ ပယ်မဲများ ပြန်စိစစ်၍ရမည် ဆိုသော်လည်း အယူခံ မဝင်တော့ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းအား ဝမ်းမြောက်စကား ဆိုခဲ့သည်။ထို့ပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ရန် နာမည်ထွက်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ လက်ရှိအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် မာန်အောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ပြိုင်ဘက် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။ဒေါက်တာအေးမောင် အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေး ကာလတစ်လျှောက် လူထုထောက်ခံမှု အများအပြား ရှိခဲ့သော်လည်း ရွေးကောက်ပွဲနေ့တွင်မူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဦးဘိုးနွဲ့ကို မထင်မှတ်ဘဲ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရခိုင်အမျိုးသား ပါတီမှာမူ ရခိုင်ပြည်နယ်တွင်း မြို့နယ် အများစုတွင် အနိုင်ရရှိခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လုပ်ဆောင်ချက်များအား အမြဲထောက်ပြ ဝေဖန်ခဲ့သည့် ဒေါက်တာညိုညိုသင်းမှာလည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ဒေါက်တာ ညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပြီး လွှတ်တော်တွင်း ရန်ကုန်မြို့သစ် စီမံကိန်းအား ဆိုင်းငံ့ပေးရန် အဆို၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများအား နိုင်ငံပိုင် ဆေးရုံကြီးများ၌ အခမဲ့ ဆေးကုသခွင့်ပေးရန် အဆို၊ ကျိုက္ကဆံကွင်းအား ပုဂ္ဂလိကကို ရောင်းချရန် စီစဉ်မှုအား ရပ်ဆိုင်းရန် အဆို၊ Dagon City အိမ်ရာ စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း ဆိုင်းငံ့ပေးထားရန် စသည့် အရေးကြီး အဆိုများ အပါအဝင် အဆိုပေါင်း ၄၀ ကျော် တင်သွင်းခဲ့ပြီး၊ မေးခွန်းပေါင်း ၄၀၀ ကျော် မေးမြန်းထားခဲ့သူလည်းဖြစ်သည်။ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ယခင်က ပူးတွဲဥက္ကဋ္ဌ ဖြစ်ခဲ့သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းမှာလည်း ရွေးကောက်ပွဲ အနိုင်ရရှိရန် ထင်ကြေးပေးခံရမှုများ ရှိခဲ့သည်။ အထူးသဖြင့် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်ဆက် ဆံရေးကောင်းမွန်ပြီး မကြာခဏတွေ့ဆုံဆွေး နွေးမှုများပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သလို သူ၏ဇာတိမြို့ဖြူးမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်သည့်အတွက်ကြောင့်လည်း ဖြစ် သည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင်မူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးသန်းညွန့်က သူရဦးရွှေမန်းထက် မဲအပြတ်အသတ် အသာဖြင့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။အဆိုပါ အနိုင်ရရှိရန် ရေပန်းစားသော်လည်း ရွေးကောက်ခံရခြင်း မရှိခဲ့သည့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အားလုံးတို့၏ မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent